မြန်မာအပါအဝင် ငါးနိုင်ငံက တရားမဝင် ရွှေ့ပြောင်းလာသူတွေကို ထိုင်းအစိုးရက ပန်းရောင်ကတ် ထုတ်ပေးမယ်



အောက်တိုဘာ ၄၊ ၂၀၂၄
ZY(VOM)

မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်း ငါးနိုင်ငံက တရားမဝင် ရွှေ့ပြောင်းလာသူတွေကို ထိုင်းနိုင်ငံအစိုးရက ပန်းရောင်ကတ် ထုတ်ပေးမှာဖြစ်တာကြောင့် အောက်တိုဘာလ (၃၁)ရက် မတိုင်ခင် နောက်ဆုံးထားပြီး လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ အလုပ်သမားအရေးကူညီနေသူတွေထံကနေ သိရပါတယ်။

ထိုင်းအစိုးရအဖွဲ့ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံသားတွေကို အလုပ်သမားလူသစ်မှတ်ပုံတင်ခွင့် ပြုထားတဲ့ အပြင် အတူနေ ၁၈ နှစ်အောက် ကလေးငယ်တွေကိုလည်း တရားဝင်နေထိုင်ဖို့ သဘောတူမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အဲဒီကြေညာချက်ထွက်ပြီးနောက်ပိုင်း မဲဆောက်နဲ့ ချင်းမိုင်မှာတော့ ဘတ်ရိုက်အကျိုးဆောင်တွေ လူသစ်စတင် လက်ခံနေပြီ။ လုပ်မယ့်သူတွေအနေနဲ့ ပွဲစားတွေကို အလုပ်မအပ်ခင် သေချာလေ့လာပြင်ဆင်ဖို့ အကြံပေးချင်တယ်။ ဒီမှာက ပွဲစားတွေထဲမှာ လူလိမ်တွေ အများကြီးရှိတယ်။ ရှိစုမဲ့စုနဲ့ လုပ်ပြီးတော့ လိမ်ခံရတဲ့ မြန်မာတွေလည်း အများကြီးပဲ။ အခုကတော့ ဘတ် ၁၀၀၀၀၊ မြန်မာငွေ ၁၅သိန်းလောက်တော့ ပေါက်ဈေးရှိနေတယ်”လို့ မဲဆောက်ကိုရောက်ရှိနေတဲ့ အလုပ်သမားအရေး ကူညီနေသူ တယောက်က VOMကို ပြောပါတယ်။

ထိုင်းအစိုးရဟာ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် နှစ်စဉ် မူဝါဒချမှတ်ကာ ပန်းရောင်ကတ် စာရင်းအသစ်တင်ခွင့်ပြုလေ့ရှိပေမဲ့ ရွှေ့ပြောင်းမြန်မာအများစုဟာ ရုံးလုပ်ငန်းစဉ်နဲ့ ဘာသာစကား အခက်အခဲကြောင့် ပွဲစား(အကျိုးဆောင်)တွေနဲ့ ပြုလုပ်ကြတာဖြစ်ပြီး ငွေကြေးလိမ်လည်ခံရတာတွေနဲ့ ဘတ်လျှောက်ထားမှု မအောင်မြင်ခြင်းတွေလည်း နှစ်စဉ်လိုလိုကြုံတွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။

ထိုင်းအစိုးရက ပန်းရောင်ကတ်ထုတ်ပေးမယ့်အပြင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် (work permit) သက်တမ်းကိုလည်း တကြိမ်ကို (၂) နှစ်နှုန်းနဲ့ (၂) ကြိမ်နဲ့ လေးနှစ် တိုးခွင့်ပေးမှာဖြစ်သလို လုပ်ရှင်ပြောင်းလဲတာကိုလည်း အရင်က တလအချိန်ပေးရာကနေ အခုတော့ နှစ်လ အချိန်ပေးမှာဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်လုပ်ကိုင်ခွင့်ကလည်း အရင်အတိုင်း သုံးလ တကြိမ် နယ်စပ်အဝင်အထွက်နေရာကနေ သက်တမ်းပုံမှန်ပြန်တိုးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW