ဘေရွတ်ကို အစ္စရေးက လေကြောင်းကနေ ထပ်တိုက်လို့ ၂၂ ယောက်သေပြီး ၁၀၀ ကျော်ဒဏ်ရာရ

ဘေရွတ်၊ အောက်တိုဘာ-၁၁-၂၀၂၄
ရတီ(VOM)
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၂၂ ယောက်သေပြီး ၁၁၇ ယောက်ဒဏ်ရာရရှိသွားတယ်လို့ လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့တော်ဘေရွတ်ရှိ ဘာချော့ရာ အရပ်မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးသမားတွေကတော့ အပျက်အစီးတွေအောက်မှာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အစ္စရေးဟာ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာဆရယ်လာရဲ့ ယောက်ဖဖြစ်သူ ဟဇ်ဘိုလာထိပ်တန်းတာဝန်ရှိသူ ဝါဖစ်ဆာဖာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။အစ္စရေးကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုတာမျိုးမရှိသေးပါဘူး။
အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ဘာချော့ရာအရပ်ရှိ လူနေထူထပ်တဲ့ အန်ဝေရီနဲ့ ဘတ်စ်တာရပ်ကွက်တို့ရှိ လူနေအဆောက်အအုံတွေကို ဒုံးကျည်တွေ ထိမှန်ခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားပါတယ်။
မကြာသေးမီ ရက်သတ္တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ်ခံရပြီးနောက် လက်ဘနွန်မြို့တော် ဘေရွတ်မှာ နှစ်ရက်ကြာ အခြေအနေငြိမ်သက်ပြီးနောက်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တာပါ။
အစ္စရေးဟာ စက်တင်ဘာ ၃၀ ရက်ကစပြီး လက်ဘနွန်ရှိ ဟဇ်ဘိုလာတို့အပေါ် မြေပြင်ထိုးစစ်စတင်နေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း အပြင်းအထန်လုပ်ဆောင်ခဲ့ပြီး လက်ဘနွန်ပြည်သူ ၁ ဒသမ ၂ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။
Ref:BBC
Photo:Reuters/AP

Related posts

Leave a Comment

VOM News

FREE
VIEW