ပုဂံမြို့သစ်မှာ သန်းခေါင်စာရင်းကောက်တဲ့အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

အောက်တိုဘာ ၁၄ – ၂၀၂၄
GG (VOM)
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်မှာ ဒီနေ့အောက်တိုဘာလ ၁၄ ရက်နေ့မနက်ပိုင်းက သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး အဖွဲ့မှာပါတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးနိုင်နိုင်ထွန်း (ခ)ဦးဆော်လီ သေဆုံးခဲ့တယ်လို့ သိရပါတယ် ။
အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးက ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်တဲ့အပြင် ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ်တယ် လို့သိရပါတယ်။
” မနက် ၁၀ နာရီကျော်လောက်မှာ အဲဒီအနော်ရထာရပ်ကွက်ထဲက စိန်ပန်းလမ်းမှာ ဖြစ်တာ။သူတို့ခြံတခြံရှေ့မှာ သန်းခေါင်စာရင်းကောက်ဖို့လုပ်နေချိန် ဆိုင်ကယ်နဲ့အနီးကပ်လာပစ်သွားတာ။မျက်လုံးဖောက်ဝင်သွားတာ ။” လို့ ဒေသခံကပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပုဂံမြို့သစ်မှာ ပိတ်ဆို့စစ်ဆေးမှုတွေလုပ်ခဲ့ပေမယ့် ပစ်ခတ်ခဲ့သူတွေကို ဖမ်းမိခြင်းမရှိကြောင်း၊ပုဂံမြို့သစ်မှာ အုပ်ချုပ်ရေးမှူးသတ်ခံရတာ ပထမဆုံးဖြစ်တယ်လို့သိရပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်အနီးမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်နှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာ ၇ ရက်ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ် ၊ အိုင်ပေါက်ကုန်းကျေးရွာမှာ သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့က အမျိုးသမီးတယောက်ပစ်သတ်ခံခဲ့ရပြီး စေတုတ္တရာမြို့နယ်မှာလည်း အောက်တိုဘာလ ၁ရက်နေ့က သန်းခေါင်စာရင်းကောက်ယူရာမှာ ကူညီပေးတဲ့ နန်ကြူကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရပါတယ်။
အလားတူ အောက်တိုဘာလ ၄ ရက်နေ့မှာက ပဲခူးတိုင်းအနောက်ပိုင်း ၊ရွှေတောင်မြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ပြီးပြန်လာတဲ့ ယွန်းတန်းအုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အုပ်ချုပ်ရေးမှူး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
နစကရဲ့ သန်းခေါင်စာရင်းကောက်ယူခြင်းနဲ့ပတ်သက်လို့ PDF အဖွဲ့တွေကလက်မခံကြောင်းကြေငြာထားပြီး သန်းခေါင်စားရင်းကောက်ယူရာမှာပါဝင်သူတွေကိုလည်းအရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ၁ရက်ကနေစပြီး တနိုင်ငံလုံး စတင်ကောက်ယူနေတာဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူဖို့အတွက် လူအင်အား ၄၀၀၀၀ အသုံးပြုထားတယ်လို့သိရပါတယ်။
သန်းခေါင်စားရင်းကောက်ယူပြီးစီးပါကအထွေထွေရွေးကောက်ပွဲကိုကျင်းပသွားမှာဖြစ်တယ်လို့ နစကမှအသိပေးကြေညာထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW