ဧရာဝတီတိုင်းက ပျူဂဝံမြို့ဟောင်းကို ခရီးသွားဝင်ရောက်မှုတွေနည်းပါးလာ

အောက်တိုဘာ ၁၄ – ၂၀၂၄
KKO(VOM)
ဧရာဝတီတိုင်းဒေသကြီး၊အင်္ဂပူမြို့နယ်အတွင်းမှာရှိတဲ့ တိမ်မြုပ်နေသော ရှေးဟောင်းကြပ်ပြင် ပျူဂဝံမြို့ဟောင်း ဒေသကို ခရီးသွားနေရာဒေသအသစ်အဖြစ်ဖော်ဆောင်နေပေမယ့်လည်း လက်ရှိမှာ နိုင်ငံရေးနဲ့ နယ်မြေ ဒေသအခြေအနေတွေကြောင့် ပျူဂဝံမြို့ဟောင်းဒေသသို့ခရီး သွားဧည့်သည် ဝင်ရောက်မှုတွေဟာနည်းပါးလာနေတယ်လို့ ပျူဂဝံမြို့ဟောင်းထိန်းသိမ်းစောင့်ရှောက်ရေးဆရာတော်ထံကနေ သိရပါပါတယ်။
“အခုကတော့ဘုန်းဘုန်းတို့ ဒီပျူဂဝံမြို့ဟောင်းဒေသကို ခရီးသွားတွေလာရောက်လည်ပတ်လေ့လာမှုတွေနည်းသွားပါတယ်။ပြောရရင် ဒီဘက်ဒေသက ရခိုင်ရိုးမဘက်တွေနဲ့တဆက်တည်းဖြစ်နေတယ်။တောကလည်းနက်တယ်။အဲဒီတော့ခရီးသွားတွေကနယ်မြေဒေသအခြေအနေတွေကိုကြည့်ပြီးမလာကြတော့ဘူးပေါ့။ကြောက်လန့်တာလည်းပါမှာပေါ့၊ ဟိုးယခင်အစိုးရတွေလက်ထက်တုန်းကတော့ဘုန်းဘုန်းတို့ဒီပျူဂဝံမြို့ဟောင်းဒေသကိုခရီးသွားနေရာဒေသအသစ်အဖြစ်ဖော်ဆောင်ဖို့ ပြည်တွင်းမှာရှိတဲ့ ခရီးသွားကုမ္ပဏီ ၄ဝ လောက်နဲ့ ညှိနှိုင်းဆွေးနွေးထားတာတွေတော့ရှိပါတယ်။ဒါလည်းအခုတော့ဘုန်းဘုန်းတို့ ခေတ္တခဏရပ်ထားပါတယ်။ အခုနောက်ပိုင်းကျခရီးသွားတွေကသိပ်မလာကြတော့ဘူးလေ၊ပြန်ပွင့်လင်းတဲ့ကာလရောက်လာရင်တော့ဘုန်းဘုန်းတို့ကဒီမြို့ဟောင်းကိုခရီးသွားဒေသနေရာအသစ် အဖြစ်ဖော်ဆောင်သွားဖို့တော့ဆန္ဒရှိပါတယ်။ လက်ရှိကတော့ဘုန်းဘုန်းတို့ပဲပျူဂဝံမြို့ဟောင်းဒေသကိုထိန်းသိမ်းစောင့်ရှောက်ထားပါတယ်”လို့ ပျူဂဝံမြို့ဟောင်း ဆရာတော်က VOM ကို မိန့်ကြားပေးခဲ့ပါတယ်။
ပျူဂဝံမြို့ဟောင်းဒေသဟာ ဧရာဝတီတိုင်းဒေသကြီး၊အင်္ဂပူမြို့နယ်၊ကွင်းကောက်မြို့အနီးမှာတည်ရှိပြီး သမိုင်းတန်ဖိုးအရကြီးမားတဲ့ ပျူခေတ်လက်ရာတွေ ပျူခေတ်သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တယ်လို့ ပျူဂဝံမြို့ဟောင်းထိန်းသိမ်းစောင့်ရှောက်ရေးဆရာတော်ကမိန့်ပါတယ်။
“ပျူဂဝံမြို့ဟောင်းမှာဆိုရင်လေ့လာလည်ပတ်စရာနေရာတွေက ဆန္ဒပြည့်စေတီရှိမယ်။နတ်ရေတွင်းရှိမယ်၊ရှေးဟောင်းဂူကြီးတွေရယ်၊ဘုရားခြေတော်ရာလို့ယူဆရတဲ့ကျောက်ဖြစ်ရုပ်ကြွင်းပေါ့လေ၊ဘယ်ဘက်ခြေတော်ရာကဒီမှာရှိတယ်။နောက်ဘုန်းဘုန်းတို့တောင်ပေါ်ကျောင်းကနေ(၄)မိုင်ခွဲလောက်သွားရတဲ့နေရာမှာ ယခင်ကျောက်ခေတ်လူသားတွေနေထိုင်ခဲ့တယ်လို့ယူဆရတဲ့ အမှတ်အသားအချို့ရှိတယ်။ကျောက်တုံးတွေမှာ “ဝ”တွေကိုကွင်းပြီးပုံဖော်ထားတဲ့ ရှေးခေတ်လက်ရာတွေရှိတယ်။ဘုန်းဘုန်းတို့ကတော့ “ဝ”ကိုးလုံးလို့ခေါ်တယ်။နောက်မြို့ဟောင်းထဲမှာဆိုရင်နှစ်ကျိတ်ရှစ်ဆူဂူဘုရားတွေရှိမယ်။မြို့ရိုးဟောင်းကြီးတွေရှိပါမယ်။အခုဆိုဘုန်းဘုန်းတို့တောင်ပေါ်ကျောင်းအထိကားလမ်းလည်းပေါက်ပါပြီ”လို့ ပျူဂဝံမြို့ဟောင်းဆရာတော် ဆက်လက် မိန့်ကြားပေးခဲ့ပါတယ်။
ရှေးဟောင်းသုတေသနဆိုင်ရာ မြန်မာနိုင်ငံသားသမိုင်းပညာရှင်တယောက်ဖြစ်တဲ့ ဆရာဘုန်းတင့်ကျော်ကတော့ ဒီပျူဂဝံမြို့ဟောင်းနေရာကို ပျူမြို့ဟောင်းလို့ ပြောကြားမှတ်တမ်းတင်ထားပြီး အခုပျူဂဝံမြို့ဟောင်းဟာ ဘီစီ ၃ ရာစုနဲ့ ၆ ရာစုအတွင်းက တကောင်းခေတ်လို့ခေါ်တွင်သော ပျူခေတ်တွင် ပျူမြို့ ၃၂ မြို့၊တပ်မြို့ ၉ မြို့ ၊ မြို့ငယ်ပေါင်း ၂၀၀ ကျော်ရှိတဲ့အနက် ပင်လယ်ပျူမြို့လို့ အမည်ရသော ပျူမြို့ဟောင်းတမြို့ဖြစ်တယ်လို့ ယူဆထားကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ တည်ရှိခဲ့တာဖြစ်တယ်လို့ ပျူဂဝံမြို့ဟောင်းဆိုင်ရာ လေ့လာမှုမှတ်တမ်းတွေမှာ ဖော်ပြထားခဲ့ပါတယ်။
“အရင်ကိုဗစ်ကာလမတိုင်ခင်မှာ ဒီနေရာကိုခရီးသွားတွေအတော်လေးလာကြပါတယ်။ ဒါကြောင့်လည်းခရီးသွားဒေသအဖြစ် ဖော်ဆောင်ဖို့ ခရီးသွားဝန်ကြီးဌာနနဲ့ နိုင်ငံတော်ကိုတင်ပြထားတာတွေရှိပါတယ်။ခရီးသွားဒေသအသစ်ပေါ့လေ၊ဒီမှာကဘာရှိမလဲဆိုရင် သမိုင်းကြောင်းဆိုင်ရာတွေရော ရှေးခေတ်ပျူမြို့ဟောင်းတွေကိုရော စိတ်ဝင်စားတဲ့သူတွေအဖို့ လာရောက်လေ့လာလည်ပတ်ဖို့ကောင်းတဲ့နေရာတခုပါ။နောက်ပြီးပွင့်လင်းရာသီဆိုသဘာဝအလှတရားတွေလည်းအများကြီးရှိတဲ့နေရာဒေသပါ”လို့ ပျူဂဝံမြို့ဟောင်းဆရာတော်က မိန့်ကြားပေးခဲ့ပါတယ်။
ဒါအပြင် ပျူဂဝံမြို့ဟောင်းရဲ့လေ့လာစရာနေရာတွေက အထက်စက်တော်ခြေတော်ရာ၊ဆန္ဒပြည့်စေတီ၊ရှေးဟောင်းပျူမြို့ဟောင်းနဲ့ ပျူမြို့ရိုးများ၊ရှေးဟောင်းပျူခေတ်လက်ရာဂူဘုရားများ၊သဘာဝတောတောင်အလှအပတွေ အပါအဝင် ပျူဂဝံမြို့ဟောင်းအဝင်လမ်းမှာရှိတဲ့ တောင်ဇင်းကျေးရွာက လူနေမှုဓလေ့စရိုက်တွေကို လေ့လာနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ပျူဂဝံမြို့ဟောင်းသို့ သွားရောက်လည်ပတ်လေ့လာလိုတဲ့ ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်တွေအနေနဲ့ ပုသိမ်-မုံရွာကားလမ်းအတိုင်း လာရောက်မယ်ဆိုပါက ကွင်းကောက်မြို့မရောက်ခင် (၅)မိုင်အလို တောင်ဇင်းရွာကနေ ရခိုင်ရိုးမဘက်သို့ လမ်းညွှန်ဆိုင်းဘုတ်အတိုင်း အတွင်းသို့ (၃)မိုင်ခန့်ဝင်သွားပါက ကြပ်ပြင်တောရသာသနာ့နယ်မြေနဲ့ရှေးဟောင်းပျူဂဝံမြို့ဟောင်းကို ရောက်ရှိမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
Photo – ပျူဂဝံမြို့ဟောင်းထိန်းသိမ်းစောင့်ရှောက်ရေးဆရာတော်။

Related posts

Leave a Comment

VOM News

FREE
VIEW