လန်ဒန်၊ နိုဝင်ဘာ-၂၂-၂၀၂၄
မျိုးဆက်(VOM)
ရုရှားဟာ ပြီးခဲ့တဲ့မတ်လကတည်းက မြောက်ကိုရီးယားအတွက် ရေနံစည်ပေါင်း တသန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း ဗြိတိန်အခြေစိုက် Open Source Centre ရဲ့ ဂြိုဟ်တုဓါတ်ပုံဆန်းစစ်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီနေရေနံတွေကို ရုရှားအတွက် လက်နက်တွေထောက်ပံ့တာနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်ပေးတာအတွက် အပြန်အလှန်အားဖြင့် ပေးအပ်ခဲ့တာလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီကလည်း ပြောပါတယ်။
မြောက်ကိုရီးယား ရေနံတင်သင်္ဘော တဒါဇင်ကျော်ဟာ ရုရှားနိုင်ငံအရှေ့ဖျားပိုင်းရှိ ရေနံဆိပ်ကမ်းတခုကို လွန်ခဲ့တဲ့ရှစ်လအတွင်း ၄၃ ကြိမ်ထိ ဆိုက်ကပ်ခဲ့ပြီး သင်္ဘောတွေဟာ အပြန်မှာတော့ ဆီအပြည့်တင်ဆောင်ပြီး ထွက်ခွာသွားကြတယ်လို့ ဂြိုဟ်တုဓါတ်ပုံမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ပထမဆုံး ရေနံလွှဲပြောင်းမှုကိုတော့ မြောက်ကိုရီးယားက ရုရှားအတွက် လက်နက်ခဲယမ်းမီးကျောက်တွေ ပထမဆုံးအကြိမ် ပေးပို့မှုကို ဒီနှစ်မတ်လ ၇ ရက်မှာ စတင်ခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ယူကရိန်းစစ်ပွဲအတွက် စေလွှတ်မှုတွေရှိကြောင်း သတင်းတွေထွက်နေချိန်မှာ ရေနံလွှဲပြောင်းမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးအကြိမ်ကတော့ နိုဝင်ဘာ ၅ ရက်နေ့ဖြစ်တယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားဟာ ကမ္ဘာ့ရေနံစျေးကွက်မှာ ရေနံဝယ်ယူခွင့်မရှိတဲ့ တခုတည်းသောနိုင်ငံဖြစ်ပါတယ်။ သူ့ရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ဖို့အတွက် နှစ်စဉ်ရေနံစည် ငါးသိန်းသာ ကုလသမဂ္ဂက ကန့်သတ်ထားပါတယ်။ ရုရှားရဲ့ ရေနံလွှဲပြောင်းမှုတွေဟာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်တာလို့ အမေရိကန်က ဝေဖန်ပါတယ်။
Ref:BBC
Photo:Planet Labs
Related posts
-
ရန်ကင်းစင်တာ မျက်နှာချင်းဆိုင်က AK အလှကုန်ပစ္စည်းဆိုင်မှာ လူသတ်ပြီး လုယက်မှုဖြစ်
ဒီဇင်ဘာ ၂၆ – ၂၀၂၄CC (VOM)ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်... -
စမ်းချောင်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့သူတွေကို ဖမ်းမိပြီလို့သိရ
ဒီဇင်ဘာ ၂၆ – ၂၀၂၄GG (VOM)ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ပစ်သတ်သွားရာမှာပါဝင်တဲ့... -
တောင်ကိုရီးယား ယာယီသမ္မတကိုလည်း အတိုက်အခံတွေက စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ ကြိုးပမ်းပြီ
ဆိုးလ်၊ ဒီဇင်ဘာ-၂၆-၂၀၂၄မျိုးဆက်(VOM)တောင်ကိုရီးယား လွှတ်တော်က သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် နှစ်ပတ်မပြည့်ခင်မှာ နိုင်ငံဝန်ကြီးချုပ်နဲ့ ယာယီသမ္မတဖြစ်သူ...