နေပြည်တော်မှာ ရဲကားနဲ့အိမ်စီးကားတိုက်မိလို့ ဒုရဲအုပ်အပါအဝင်နှစ်ယောက်သေပြီး ၁၂ယောက် ဒဏ်ရာရ

ဒီဇင်ဘာ ၃ – ၂၀၂၄
GG (VOM)
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုံ၊ ရွှေ ပြည်တော်ဝင်လမ်းနှင့် သဇင်လမ်းလမ်းဆုံမှာ ဒီဇင်ဘာလ ၂ ရက်နေ့ညပိုင်းက လုံခြုံ ရဲတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားနဲ့အိမ်စီးကားတို့တိုက်မိပြီး ရဲတပ်ဖွဲ့ဝင်နှစ်ယောက်သေဆုံးကာ ဆယ်ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ယာဥ်တိုက်မှုမှာသေဆုံးသူနှစ်ယောက်မှာ ဒုရဲအုပ်တယောက်နဲ့ အခြားရဲတပ်ဖွဲ့ဝင် တယောက်တို့ဖြစ်တယ်လို့သိရပါတယ်။
” ဖြစ်တာက ရဲလုံခြုံရေးသွားတဲ့ကားနဲ့အိမ်စီးကားတိုက်တာပါ။နှစ်ယောက်သေ ဆုံးတယ်။ ၁၂ယောက်ဒဏ်ရာရတယ်။ လမ်းဆုံဆိုတော့တိုက်မိတာ။ဖြစ်စဥ်မှာအကြမ်းဖျင်းသိရတာတော့ ကားပေါ်မှာကတပွင့်၊နှစ်ပွင့်၊ ဒုရဲအုပ်၊ရဲအုပ်တွေချည်းပဲ။ကျန်တဲ့ဒဏ်ရာရသူတွေထဲမှာတော့ အသက်စိုးရိမ်ရတာမျိုးမရှိပါဘူး။ကျိုးတာပဲ့တာတွေရှိပါတယ်။ ” လို့ နေပြည်တော်က လူမှုကူညီရေးအသင်းအဖွဲ့ဝင်ကပြောပြပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားခဲ့တဲ့ကားက ဒက္ခိဏသီဏိမြို့နယ်အတွင်း ညဘက်လုံခြုံရေး ကင်းလှည့်တဲ့ကားဖြစ်ပြီး ကားပေါ်မှာရဲတပ်ဖွဲ့ဝင် ၁၇ ယောက်လောက်လိုက်ပါလာတဲ့အထဲကမှ နှစ်ယောက်သေဆုံးကာ ၁၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေအားလုံး နေပြည်တော်ကုတင် ၁၀၀၀ မှာဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းကလည်း ဇမ္ဗူသီရိမြို့နယ် စည်ပင်ဧည့်ရိပ်သာအနီး လမ်းဆုံမီးပွိုင့်မှာ အိမ်စီးကားနဲ့ ရဲကားတိုက်မိလို့ ရဲကားတိမ်းမှောက်ကာ ဒုရဲအုပ်နဲ့ရဲတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရမှုရှိခဲ့ ပါတယ်။
အလားတူအဲဒီနှစ် ဇူလိုင်လမှာလည်း သပြေကုန်းအဝိုင်းမှာ လျှပ်စစ်ဝန် ကြီးဌာနဝန်ထမ်းကြို/ပို့ယာဥ် ဘရိတ်ပေါက်လို့ နေပြည်တော်ရဲချုပ်ရုံးက ဆိုင်ကယ်စီးရဲနှစ်ယောက် ကိုဝင်တိုက်မိခဲ့လို့ ရဲတပ်ဖွဲ့ ဝင်တယောက်သေကာ တယောက်ဒဏ်ရာရရှိခဲ့ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW