မီးရထားလက်မှတ်ကို ORTP စနစ်နဲ့ ဝယ်ယူရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေ

ဧပြီ ၅ – ၂၀၂၆
SS (VOM)
မြန်မာ့မီးရထား လက်မှတ်ကို ORTP (Online Railways Ticketing & Payment) စနစ်နဲ့ ဝယ်ယူရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေပြီး ငွေပေးချေပြီးပေမယ့် လက်မှတ် မရရှိတာတွေ ဖြစ်ပေါ်နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီ ၅ ရက်၊ မနက်အစောပိုင်း ၁၂ နာရီဝန်းကျင်မှ စတင်ကာ သင်္ကြန်ကာလ ရုံးပိတ်ရက်တွေအတွက် ခရီးသွားလာဖို့ ORTP စနစ်အတွင်း ဝင်ရောက်ပြီး ရထားလက်မှတ်ဝယ်ယူသူ အလွန်များပြားခဲ့တာကြောင့် စနစ် Delay ဖြစ်ခြင်းနဲ့ ငွေပေးချေမှု အောင်မြင်ပေမယ့် e-ticket လက်ခံမရရှိမှုတွေ များစွာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“ပထမအကြိမ် ထိုင်ခုံရွေးတော့ အောင်မြင်ပြီး ငွေပေးချေတဲ့အခါကြတော့ ငွေပေးချေမှု မအောင်မြင်ပါဆိုပြီး ပြတယ်။ ဒါပေမယ့် Kpay ထဲနေ ပိုက်ဆံဖြတ်သွားတယ်။ နောက်တခါ ထပ်ရွေးပြီး ငွေချေတော့ ငွေပေးချေမှုအောင်တယ်ဆိုပြီး ပိုက်ဆံ နောက်တခါ ဖြတ်သွားတယ်။ ပြီးတော့ ticket က ကျမလာဘူး။ လက်မှတ်က တယောက်စာလည်း မဟုတ်ဘူး။ ငါးယောက်စာတောင်။ နှစ်ခါတောင် ငွေဆုံးတယ်။ နှစ်သိန်းခွဲ ကုန်သွားတာ။ Service fee ၂၀၀ ကျပ်ရော၊ KPay MMQR Fee ၃၀၀ ကျပ်ရော ငါးယောက်စာ နှစ်ခါကုန်ထားရတာ။ Call Center နံပါတ် ၁၁၈၈ ကလည်း လုံးဝ ဆက်လို့မရဘူး” လို့ ခရီးသည်တယောက်က ပြောပါတယ်။
အဲဒီလိုပဲ နောက်ထပ် ခရီးသည်တယောက်ကလည်း ဧပြီ ၁၁ ရက်နေ့အတွက် နေပြည်တော် – မန္တလေးရထား အထက်တန်းတွဲ တခုံ၊ A 9 အတွက် Kpay နဲ့ ငွေချေရာမှာ ပေးသွင်းမှု အောင်မြင်ကြောင်း ဖော်ပြပေမယ့် ORTP စနစ်မှာတော့ “ငွေပေးချေမှု မအောင်မြင်ပါ”ပဲ တွေ့ရပြီး လက်မှတ်လည်း ကျမလာဘူးလို့ ပြောပါတယ်။
ဒါအပြင် နောက်ထပ် ခရီးသည်တယောက်ကလည်း “ထိုင်ခုံ တခုံစာအတွက် Kpay ကနေ ငွေချေတာ ပထမအကြိမ်မှာ မအောင်မြင်ကြောင်း ပြတယ်။ ပိုက်ဆံကျ ဖြတ်သွားတယ်။ နောက်တခါ ထပ်လုပ်တော့ အောင်မြင်တယ်၊ ပိုက်ဆံလည်း ထပ်ဖြတ်ခံရတယ်။ E-ticket ထွက်လာတော့ လူတယောက်တည်းကို လက်မှတ် နှစ်စောင်ဖြစ်သွားရော။ ဆိုလိုချင်တာက ခုံတနေရာစာ အလဟသ ဖြစ်သွားပြီလေ” လို့ ပြောပါတယ်။
အခုလို စနစ်ရဲ့ မှားယွင်းမှုကြောင့် လက်မှတ် နှစ်စောင် ရရှိသွားတဲ့ ခရီးသည်လည်း နစ်နာရသလို တခြား ခရီးသည်တွေလည်း နစ်နာရတာကြောင့် လူမစီးတော့မယ့်ခုံကို ဖျက်သိမ်း၊ refund လုပ်ပြီး နောက်ထပ် တယောက်ကို ရောင်းချပေးတဲ့စနစ်ကို အက်ပလီကေးရှင်းထဲ ထည့်ပေးထားမယ် ဆိုပါက နစ်နာမှုတွေ လျော့နည်းသွားနိုင်တယ်လို့ သူက အကြံပြု ပြောဆိုပါတယ်။
မြန်မာ့မီးရထားရဲ့ ORTP Team က တာဝန်ရှိသူတွေကတော့ အကြောင်းအရာနဲ့ ပတ်သက်လို့ ဒီကနေ့ ဧပြီ ၅ ရက်၊ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း အချိန်တွေမှာ အသိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး System Error တွေကို အမြန်ဆုံး ပြင်ဆင်လျက်ရှိကာ ငွေပေးချေမှု အောင်မြင်ပြီး လက်မှတ်မရရှိခဲ့သူတွေ၊ အကြိမ်ကြိမ် ငွေပေးချေမှုပြုလုပ်ပြီး လက်မှတ်မရရှိသူ အားလုံးအတွက် ငွေပြန်အမ်းခြင်း (Refund) တွေကိုလည်း အမြန်ဆုံး စိစစ်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
ဆက်လက်ပြီး ဒီကနေ့ ညနေပိုင်းမှာ တတိယအကြိမ် အသိပေးချက် ထပ်မံ ထုတ်ပြန်ခဲ့တာမှာ ဧပြီ ၁၁ ရက်နေ့အတွက် ပြေးဆွဲပေးမယ့် ရန်ကုန်မှ နေပြည်တော်ကို ထွက်ခွာမယ့် DEMU အမြန်ရထား လေးစင်း၊ နေပြည်တော်မှ ရန်ကုန်ကို ထွက်ခွာမယ့် DEMU အမြန်ရထား လေးစင်း၊ ရန်ကုန် – မန္တလေး – ရန်ကုန် ပြေးဆွဲတဲ့ လူစီး အမြန်ရထား နဲ့ နေပြည်တော် – မန္တလေး နေပြည်တော် ပြေးဆွဲတဲ့ ရထားတို့မှာ စီးနင်း လိုက်ပါနိုင်ရေးအတွက် ORTP စနစ်နဲ့ လက်မှတ်တွေကို ဧပြီ ၅ ရက်၊ မနက် ၁၂ နာရီမှ စတင်ကာ ဝယ်ယူခဲ့ကြရာ မနက်ပိုင်းမှာတင် ရထားအားလုံးရဲ့ ထိုင်ခုံတွေ အားလုံးနီးပါး ဝယ်ယူသွားကြတာကို စိစစ် တွေ့ရှိရတယ်လို့ ဆိုပါတယ်။
လက်ရှိ စနစ် error ဖြစ်ရတာဟာ တချိန်တည်းမှာတင် စနစ်အတွင်းကို ဝင်ရောက်သူ မျှော်မှန်းတာထက် အဆမတန် များပြားခဲ့တာကြောင့်ဖြစ်ကာ ORTP စနစ်နဲ့ ဘဏ်ငွေပေးချေမှု စနစ်တို့အကြား ချိတ်ဆက်မှု ပြတ်တောက်ပြီး E-ticket မရခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် တချို့သော ခရီးသည်တွေဟာ ရထားလက်မှတ် ရရှိရေးအတွက် ကြိမ်ဖန်များစွာ ငွေပေးသွင်းပြီး ဝယ်ယူခဲ့ကြတာကိုလည်း စိစစ်တွေ့ရှိရပြီး E-ticket လက်ခံရရှိခြင်းမရှိဘဲ ငွေလွှဲပြောင်းပြီးသွားသူတွေ နစ်နာမှု မရှိစေရေးအတွက် ခရီးသည်အသုံးပြုခဲ့တဲ့ ငွေပေးချေမှု နည်းလမ်းအတိုင်း သက်ဆိုင်ရာ ဘဏ်တွေကတဆင့် ခုနစ်ရက်အတွင်း ပြန်လည် ပေးပို့နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါအပြင် ငွေဖြတ်တောက်ခံရပြီး E-ticket လက်ခံရရှိခြင်း မရှိခဲ့တဲ့ ခရီးသွား မိဘပြည်သူတွေကို ဦးစားပေး အစီအစဉ်အဖြစ် မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် ကာလအတွင်း စိတ်ချမ်းမြေ့စွာနဲ့ ခရီးသွားလာနိုင်ရေးအတွက် ဧပြီ ၁၁ ရက်နေ့မှာ ရန်ကုန် – နေပြည်တော် – ရန်ကုန် အစုန်/အဆန် DEMU ရထား နှစ်စင်းကို ထပ်မံတိုးချဲ့ ပြေးဆွဲနိုင်ရေး စီစဉ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် နေပြည်တော် – မန္တလေး – နေပြည်တော် ခရီးစဉ်အမှတ် (၂၇) အဆန်၊ (၂၈) အစုန် ရထားတွေအတွက် ခရီးသည်တွေကိုလည်း ဦးစားပေး အစီအစဉ်အဖြစ် အဲဒီရထားမှာ တွဲဆိုင်းတွေထပ်တိုးပြီး ထိုင်ခုံနေရာတွေ အဆင်ပြေစေ‌ရေး စီစဉ် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ငွေပေးချေမှု အောင်မြင်ပြီး E-ticket မရရှိတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် ဘူတာကြီးတွေရဲ့ သက်ဆိုင်ရာ လက်မှတ်ရုံတွေကို ဧပြီ ၈ ရက်၊ မနက် ၇ နာရီမှစတင်ကာ ရထားထွက်ချိန် မတိုင်မီအထိ ရုံးချိန်အတွင်း လာရောက် လက်မှတ်ဝယ်ယူနိုင်ပြီး အဲဒီလို ဝယ်ယူရာမှာ ငွေပေးချေခဲ့တဲ့ အထောက်အထားတွေ ပြသကာ စာရင်းပေးသွင်း ဝယ်ယူနိုင်တယ်လို့ အသိပေး ကြေညာထားပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ ORTP စနစ်အခက်အခဲနဲ့ ပတ်သက်လို့ VOM က မြန်မာ့မီးရထား (ခရီးသည်ဌာန) က တာဝန်ရှိသူကို မေးမြန်းနိုင်ဖို့ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့ပေမယ့် ​ဖြေကြားမ​ပေးလို့ တုံ့ပြန်​ဖြေရှင်းချက်မရခဲ့ပါဘူး။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW