ဆူးငှက်
မအောင်မြင်သော အကြံအစည်
————————————
ကျွန်တော်တို့ တက္ကသိုလ် စတက်သည့် နှစ်ကာလများသည် တိုင်းရေးပြည်ရာအနေနှင့် လှုပ်ခတ်သော ကာလများ ဖြစ်ခဲ့သည်။ အစစအရာရာ ကျပ်တည်းမှုများအပြင် နိုင်ငံရေးအရလည်း တောင်သူလယ်သမား အလုပ်သမား ကျောင်းသားနှင့် ပြည်သူအများစုက ဖိနှိပ်မှုများဖြင့်ရင်ဆိုင်နေကြရသည်။ ထို့ပြင် အာဏာရပါတီဖြစ်သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် အစိုးရအဖွဲ့အတွင်းသာမက တပ်မတော် အတွင်း၌လည်း အာဏာရှင် လွှမ်းမိုးမှုများဖြင့် မတရား အရေးယူမှုများ ရှိလာသည်။
ထို့ကြောင့် ပါတီ၏ ထိပ်သီးခေါင်းဆောင်ပိုင်းကို လုပ်ကြံရန် ကြံစည်မှုတစ်ခုလည်း ပေါ်ပေါက်ခဲ့သည်။ ၁၉၇၆ မတ်လ ၆ ရက်တွင် တပ်မတော်သား အများစုက လေးစားကြည်ညိုကြသည့် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးကို တာဝန်မှ အနားပေးခဲ့ပြီးနောက် ရက်ပိုင်း အနည်းငယ်အတွင်း၌ ပါတီ ခေါင်းဆောင်ပိုင်းကို လုပ်ကြံရန် ကြံစည်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ယင်းကြံစည်မှုကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်ထင်၏ ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်ကြီး အုန်းကျော်မြင့်က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး မအောင်မြင်ခဲ့ပေ။ ထို့နောက် ဗိုလ်ကြီးအုန်းကျော်မြင့် သေဒဏ်အပေးခံခဲ့ရသလို သူရဦးတင်ဦးကိုလည်း သတင်းထိန်ချန်မှုဖြင့် ထောင်ဒဏ် နှစ်ရှည် ချမှတ် ခံခဲ့ရသည်။
စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ
——————————————————————–
နိုင်ငံရေးအခြေအနေ မတည်ငြိမ်သည့် ထိုစဉ် ကာလတွင် လူငယ်အများစု ဖတ်ရှုမှု အများဆုံးဖြစ်သည့် မိုးဝေ မဂ္ဂဇင်းတွင် လူငယ်များ၏ ကြည်ညိုလေးစားမှုကို အများဆုံးရရှိနေသော ဆရာဒဂုန်တာရာ၏ ပန်းနုရောင် နှစ်ကာလများ ဆောင်းပါးက အခန်းဆက်အဖြစ် လစဉ်ဖော်ပြနေသော အခါ လူငယ်များက ထိုအခန်းဆက်ဆောင်းပါးကို လမ်းညွှန်သဖွယ် လစဉ် မျှော်လင့် ဖတ်ရှုကြသည်။ အထူးသဖြင့် ပန်းနုရောင် နှစ်ကာလများ အခန်းဆက်ဆောင်းပါးမှ စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ ဟူသည့် အခန်းက ကျောင်းသားတို့၏ ဖိနှိပ်ခံ ခွန်အားတို့ ရုန်းထစေသည်။ ရေနံမြေသပိတ်တပ်ကြီး တားဆီးခံရကာ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနှင့် ကိုလှရွှေတို့ ဖမ်းဆီးခံရပြီးနောက် ကျောင်းသားထုက ဆက်လက်၍ မည်သို့မည်ပုံ ဆက်လက်လုပ်ဆောင်ကြမည်လဲ ဟူသည်ကို စည်းဝေးကြသည့် မြင်ကွင်းအား ဆရာဒဂုန်တာရာ ရေးဖွဲ့ထားသည်က အသေးစိတ်လှသည်။ ဖတ်ကြည့်ကြပါဘိ။
“ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂနှင့် တက္ကသိုလ်သမဂ္ဂသည်လည်း နေ၍ မရတော့။ သူတို့၏ ဥက္ကဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့အား ဖမ်းဆီးထားသည်ကို ကန့်ကွက်ရန် စဉ်းစားလာရတော့သည်။ မကွေး ရေနံမြေ အလုပ်သမားများ၏ သပိတ်စခန်း၌ ကိုဗဟိန်း ဟောပြောသော ” မြင်းခွာ တချက်ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေမယ် ” ဟူသော စကားအတိုင်း မီးလျှံကား စတင်လေပြီ။
ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တက္ကသိုလ်သမဂ္ဂ အသင်းတိုက်၌ တက္ကသိုလ်ကျောင်းသားထု အစည်းအဝေး ကျင်းပသည်။ အစည်းအဝေးသဘာပတိအဖြစ် ဒုဥက္ကဌ ကိုလှရွှေက ဆောင်ရွက်၍ အတွင်းရေးမှူးအဖြစ် တက္ကသိုလ်သမဂ္ဂ အတွင်းရေးမှူး ဥပဒေတန်းသား ကိုအေးကျော်က ဆောင်ရွက်သည်။ ကိုလှရွှေမှာ ဥက္ကဌ ကိုဗဟိန်း အဖမ်းခံရ ကတည်းက သမဂ္ဂဥက္ကဌ နေရာ၌ ဆောင်ရွက်လာခဲ့ပေသည်။ မြန်မာဘုရင်မင်းမြတ် လက်ထက်များက စစ်ချီရာ၌ အသုံးပြုသော သူရဲကြီးအလံကို စိုက်ထူထားသည်။ မြန်မာအချုပ်အချာ အာဏာပိုင်မှုသဘော၊ မြန်မာ့လွတ်လပ်ရေးသဘော၊ တနည်းဆိုသော နယ်ချဲ့ဆန့်ကျင်ရေးသဘော အထိမ်းအမှတ်အဖြစ် သူရဲကြီးအလံကို စိုက်ထူထားခြင်း ဖြစ်သည်။ ကြွေးကြော်သံစက္ကူ အထူကဒ်ပြားများလည်း အစည်းအဝေးခန်းမ၌ ထောင်ထားကြသည်။ လူမိုက်အလိုရှိသည်။ ဗမာ့သတ္တိပြကြပါ။ လာမယ်ဘေး ပြေးတွေ့။ ညီညာမှ ပြည်သာမည်။ နိုင်ငံချဲ့စနစ် ပျက်စီးပါစေ။ ထိုအခါ ယခုကဲသို့ “နယ်ချဲ့” ဟူသော စကားလုံးအဖြစ် သိပ်မပီပြင်သေး၊ နိုင်ငံချဲ့ ဟုပင် သုံးနှုန်းကြသေးသည်။
သမဂ္ဂအသင်းတိုက် အပေါ်ထပ် စာကြည့်ခန်းတွင် ကျောင်းသားများ စုဝေးကာ ကြွေးကြော်သံများ ရေးကြသည်။ လူမိုက်အလိုရှိသည် ဟူသော ကြွေးကြော်သံမှာ လူအများကို ဖမ်းသော ကြွေးကြော်သံ။ မည်သူရေးလိုက်သည် ကိုတော့ မမှတ်မိတော့။ ရေးကြတုန်းကတော့ ကျွန်တော်တို့ ပါသည်။ ကျွန်တော်မှာ ပန်းချီဝါသနာပါသူ ဖြစ်၍ စုတ်တံကိုင်ရသည်ကို ကျေနပ်နေမိသည်။ ထိုနှစ်က ကျွန်တော်မှာ အမှုဆောင်ထဲ မရောက်သေး။ ‘အတွင်းစည်း’ ထဲ၌သာ ရှိသေးသည်။
နောက်တခုကား ပေါရိသာဒဆေး ထိုးကြလော့ ဟူသော ကြွေးကြော်သံ။ လူအများကို ဖမ်းသော ကြွေးကြော်သံ။ ကျွန်တော့် စိတ်အထင်ကတော့ ကိုလှရွှေ ပေးသော စကားလုံး။ ထိုစည်းဝေးခန်းမ၌ပင် ကိုလှရွှေက “အလုပ်သမားတွေက ထမင်းတောင်းတယ်၊ ဓနရှင်အစိုးရက ပေါရိသာဒဆေး ထိုးပေးတယ်” ဟု ပြေားကြားသည် ကို မှတ်မိနေသေးသည်။ ကိုလှရွှေမှာ ဆန်းသစ်သော၊ လှုံ့ဆော်သော စကားလုံးများ ရတတ်သည်။
သမဂ္ဂခန်းမဆောင်မှာ ကျောင်းသားများဖြင့် ပြည့်လျှံသွားသည်။ ကျောင်းသားသမဂ္ဂ အသင်းဝင်ဆိုသည်မှာ ကျောင်းသားအများစု မဟုတ်သေး။ သို့သော်လည်း သမဂ္ဂအစည်းအဝေးများသို့ ကျောင်းသားများ တက်ရောက် နိုင်သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးဘဖေ၊ ဒေါက်တာဘမော်၊ ဦးစော စသော နိုင်ငံကျော် ပုဂ္ဂိုလ်များ တရားဟောပြောလျှင် ကျောင်းသားပရိသတ် များပြားတတ်သည်။ ယခုည အစည်းအဝေးကား လူများ လျှံထွက် နေပုံကို ထောက်၍ ဥက္ကဌ၊ အတွင်းရေးမှူး ဖမ်းထားသည့်ကိစ္စကို ကျောင်းသားထုက မကျေနပ်ကြောင်း ကား ထင်ရှားပေသည်။
ထိုညက ကိုလှရွှေပြောသော စကားများမှာလည်း လူထုကို ထိခိုက် လှုပ်ရှားစေသည်။ ကိုလှရွှေမှာ ပထမနှစ်ဝက်က ဒုဥက္ကဌ အဖြစ်သာ ရှိသေး၍ သူ့စကားပြောသံ သိပ်မကြားခဲ့ရ၊ ယခုကား ဥက္ကဌအဖြစ် သူပြောသောစကား များကို နားထောင်ရသည်။ သူကား ဆရာဝန်သင်တန်း တက်နေသော ဆေးကျောင်းသား ဖြစ်၍ လူနာကို ဆက်ဆံသကဲ့သို့ ပျော့ပျောင်းသည်။ ညင်သာမည်ဟု သာမန်အားဖြင့် မှတ်ထင်ရသော်လည်း ယခုည အစည်းအဝေး၌ကား လှုံ့ဆော်ရေး သမား ဖြစ်နေပေပြီ။ လှုံ့ဆော်ရေးသမား ဖြစ်လာသောအခါ အသံသည် မာလာသည်။ အသံကို မြှင့်၍ ပြောလာသည်။ ကိုလှရွှေမှာ လူထုကို ဆွဲဆောင်နိုင်သော ဟန်ပန် အသံရှိကြောင်း နောက် တွေ့လာရသည်။
ဥက္ကဌ ကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေ တို့ကား ရာဇဝတ်ကျင့်ထုံး ကိုဓ ဥပဒေ (၁၀၇) အရ ဖမ်းဆီးထားခြင်းသည် မတရားဖမ်းဆီးထားခြင်း၊ တရားဥပဒေနှင့်မညီ၊ ထို့ကြောင့် ချက်ချင်း လွှတ်ပစ်ရန်၊ ပြည်သူ့ လွတ်လပ်မှုကို ချုပ်ချယ် ထားသော ဥပဒေများကို ရုပ်သိမ်းရန်၊ ၃ ရက် သပိတ်မှောက်ရန် အဆိုများကို ကျောင်းသားထုက ထောက်ခံကြသည်။
နောက်တနေ့ ဒီဇင်ဘာ ၁၄ ရက် ညနေ၌လည်း ရွှေတိဂုံရင်ပြင်ပေါ်၌ ရန်ကုန်မြို့လုံးဆိုင်ရာ ကျောင်းသားများ အစည်းအဝေး ကျင်းပကာ သမဂ္ဂ ဥက္ကဌ၊ အတွင်းရေးမှူး ဖမ်းထားသည့်အတွက် ကန့်ကွက်ကြသည်။ လွှတ်ပစ်ရန်၊ ပြည်သူ့လွတ်လပ်မှုကို ချုပ်ချယ်သော ဥပဒေများ ရုပ်သိမ်းရန် တောင်းဆိုကြသည်။ တထစ်ပြီး တထစ်၊ တဆင့်ပြီး တဆင့်။” ဟူလို။
