မသန်ပေမယ့် စွမ်းကြသူတွေရဲ့  ရင်တွင်းစကားသံများ

မန္တလေး၊ ဒီဇင်ဘာ- ၃- ၂၀၂၀

ရှိုင်းအောင်(VOM)

 

ဒီကနေ့  ဒီဇင်ဘာ ၃ ရက်ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဖြစ်ပါတယ်။ မသန်စွမ်းသူတွေရဲ့ ရည်ရွယ်ချက်၊ လိုလားချက်တွေ အများဆုံးက ဘာတွေဖြစ်မလည်းဆိုတာကို မြန်မာနိုင်ငံအတွင်းက ဒေသတွေက အောင်မြင်မှုတွေရရှိထားတဲ့ မသန်စွမ်းတွေအပြင် လူ့အခွင့်အရေးလုပ်နေသူတွေ၊ စိတ်ရောဂါအထူးကုတွေ၊ အစိုးရရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မသန်စွမ်းအရေးဦးစားပေးလုပ်နေတဲ့ အရာရှိတွေနဲ့ ရွှေမင်းသားဖေါင်ဒေးရှင်းကလုပ်တဲ့ တိုက်ရိုက်စကားဝိုင်းက ပြောပြချက်တွေကို မသန်စွမ်းသူများ အထိမ်းအမှတ်နေ့မှာ ဂုဏ်ပြုတင်ဆက်ပေးပါရစေ။

 

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို တစ်ကမ္ဘာလုံးမှာရှိတဲ့ နေရာဒေသတွေမှာလည်း နည်းအမျိုးမျိုးနဲ့ ကျင်းပကြမယ်ထင်ပါတယ်။ ကိုဗစ်ကာလမှာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ရဲ့ ဆောင်ပုဒ်ကတော့ “ပိုမိုကောင်းမွန်တဲ့ ကိုဗစ်အလွန် ကမ္ဘာတည်ဆောက်ဖို့ လက်လှမ်းမှီပါဝင်ပြီး ရေရှည်တည့်တံ့စေရန် ကြိုးပမ်းစို့” မသန်စွမ်းသူတွေရဲ့ အနာဂါတ် လှပမယ့် ဆောင်ပုဒ်လှလှလေး ကျနော်တို့ ရရှိထားတဲ့အတွက် ဒီဆောင်ပုဒ်နဲ့ မသန်စွမ်းသူများနေ့တွေကို အနှစ်သာရ ပြည့်ဝစွာဆောင်ရွက်နိုင်ဖို့ ကျနော်တို့အားလုံး မျှော်လင့်နေပါတယ် လို့ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောပါတယ်။

 

(Content Contributor-American University of Yangon and British University of Yangon) မအေးချမ်းအောင် က သူ့ရဲ့ ပညာရေးနဲ့ပတ်သက်လို့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို အခုလိုပြောပါတယ်

“ကျမက တိုင်းရင်းသူပါရှင့် အဖေက ရခိုင်၊ အမေက ဓနုပေါ့ လက်ရှိက အောင်ပန်းမှာ နေပါတယ်ရှင့်၊ ပထမဆုံးအနေနဲ့ ပညာရေးအပိုင်းပေါ့ ကျမ အလယ်တန်းလောက်မှာ နှစ်ဖက်လုံး လုံးဝကွယ်သွားတဲ့အချိန်မှာ အမျိုးသမီးလည်းဖြစ်တယ် သမီးမိန်းခလေးလည်း ဖြစ်တယ်၊ နောက် မသန်စွမ်းလည်းဖြစ်သွားတဲ့ အချိန်မှာ ဒီပညာရေးကို ဆွေမျိုးတွေ အသိုင်းအဝိုင်းတွေက ဆက်မထားဖို့ တခြား အသက်မွေးဝမ်းကြောင်းလေးကို ဆက်လုပ်မလားလို့ မေးကြတော့ပေါ့နော်၊ အဲ့အချိန်မှာ ကျမ အသက်မွေးဝမ်းကြောင်းတွေဘာတွေမသိသေးဘူး ငယ်သေးတော့ ပညာဆက်သင်ချင်တယ်။ တခြားကလေးတွေလိုပဲ ကျောင်းဆက်တက်ချင်တယ်ပေါ့နော်။အဲ့လိုပြောတဲ့ အချိန်မှာ ကျမရဲ့ အမေက အတက်နိုင်ဆုံး ဖြည့်ဆည်းပေးတယ် ဘယ်သူတွေဘာပြောပြော သူနားမထောင်ဘူးပေါ့နော်၊ ကျမ ၈ တန်းတက်ပြီးတဲ့ အချိန် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ မျက်မမြင်စာသွားသင်တယ်။ အထက်တန်းကိုတော့ အောင်ပန်းမှာပဲ သာမာန်သန်စွမ်းတဲ့ သူငယ်ချင်းတွေနည်းတူ သင်ယူခဲ့တယ်။ အထက်တန်းကျောင်းပြောင်းတဲ့ အချိန်မှာလည်း အလယ်တန်းကျောင်းက ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် အာမခံပြီး လိုက်အပ်ပေးတယ်။ တခြားကလေးတွေဆိုရင် ရမှာ မဟုတ်ဘူး၊ အဲ့တုန်းက အမေကလည်း အောင်ပန်းမှာ ဆရာဝန်ဆိုတော့ ကျမကို ပညာရေးပိုင်းအရ ဒီလောက်ထိဖြစ်လာမယ်လို့ ဘယ်သူကမှ ထင်မထားဘူး လူမှုရေးပိုင်းအရ လက်ခံပေးလိုက်တယ်ပေါ့နော်။ အဲ့လိုနဲ့ပဲ ၂၀၀၅-၆ မှာ တက္ကသိုလ်ဝင်တန်းကို ရမှတ်ပေါင်းက ၄၈၁ နဲ့ ဝိဇ္ဇာဘာသာတွဲမှာအောင်တယ်၊ အောင်ပြီးတော့ တက္ကသိုလ်တက်ဖို့ ဖြစ်လာတဲ့အချိန်ကြတော့ ကျမ ဆွေမျိုးတွေက သာမာန် ဘွဲ့ရတွေတောင်မှ အလုပ်ရဖို့ ခဲယဉ်းတယ်နေတဲ့အချိန်မှာ မသန်စွမ်းသူတစ်ယောက်က Day တော့ တက်မနေပါနဲ့တော့ ဆိုတဲ့ ပုံစံမျိုးတွေရှိလာတယ်။ အဲ့အချိန်မှာ ကျမအမှတ်နဲ့ မှီတဲ့ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် တက်ချင်တယ်။ အမေကတော့ ဘယ်လိုနေနေထားပေးမယ်ဆိုပြီးတော့ လိုက်ပို့တယ် ကျမ ဝင်ခွင့်လည်းရတယ်။ တက္ကသိုလ်သွားတဲ့အချိန်မှာကျတော့ သူတို့ဆီမှာ မျက်မမြင်ကျောင်းသူ တစ်ခါမှ လက်မခံဘူးတာ ဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ငြင်းတယ်ပေါ့၊ ဒီလိုမဖြစ်ဘူးပေါ့ ကျမတို့ ပစ္စည်းတွေလည်း အကုန်ယူလာပြီးပြီ ပြန်စဉ်းစားပေးပါဦး ဆရာကြီးဆိုတော့ သူတို့ နေပြည်တော်ကို တစ်ရက် ပြန်ဆက်သွယ်မယ် နောက်တစ်ရက်မှ လာအပ်ပါဆိုပြီး ဒုတိယရက်မှ ကျမကို ပြန်လက်ခံပေးတယ်ပေါ့နော်၊ အရင်တုန်းကလည်း သူတို့ဆီမှာ မျက်မမြင်ကျောင်းသူ လုံးဝလက်ခံဘူးတာမရှိတော့ အဲ့ဒီလိုခွဲခြားဆက်ဆံမှုမျိုးတွေရှိခဲ့တယ် ဒါပေမယ့်လည်း သူတို့က လုံးဝ ရည်ရွယ်ချက်ရှိရှိ ခွဲခြားဆက်ဆံတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော် အဲ့ဒီအချိန်မှာက ဒီမသန်စွမ်းမှုဆိုင်ရာ အသိပညာပေးကလည်း နည်းပါးနေတဲ့ အချိန်ကျတော့ အဲ့ဒီလို လက်မခံဘူးဆိုတဲ့ ကိစ္စတွေ ဖြစ်တယ်။ ဒီလိုနဲ့ တက္ကသိုလ်တက်ခွင့်ရတဲ့အချိန် ၂၀၀၉- ၁၀ အချိန်မှာ ဘွဲ့ရတယ်။”

ဘွဲ့ရပြီးကာလ ကြိုးပမ်းခဲ့ရတဲ့ အနေအထားတွေကိုလည်း မအေးချမ်းအောင်ဆက်ပြောတာကတော့

“ဘွဲ့ရပြီးတဲ့ အချိန်မှာလည်း ကျမ ဘာလုပ်ရမယ်ဆိုတာ မသိဘူးပေါ့နော် အဲ့လိုနဲ့ ဆရာ မြတ်သူဝင်းတို့ ဖွင့်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်းက ကွန်ပြူတာသင်တန်းကို ၂၀၁၀ မှာတက်ပြီး အဲ့ဒီပညာကို ဘယ်လိုအသုံးချရမယ်မသိတော့ စိတ်ဓာတ်တွေကျနေတာ ၃ နှစ် ၄ နှစ်လောက်ရှိတဲ့အချိန်မှာ အဖွဲ့တစ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ဘာသာပြန်ဖို့ ဘော်လန်ဒီယာအနေနဲ့လုပ်ပေးဖို့ ကမ်းလှမ်းရင်းကနေ ဒီလိုဖရီးလန့် လုပ်လို့ရပါလားဆိုတဲ့ အတွေးလေးတွေဝင်ပြီးတော့ တဖြေးဖြေးနဲ့  Network တွေချိတ်မိပြီး ဘာသာပြန်လောကထဲကို ရောက်လာတယ်ပေါ့နော် များသောအားဖြင့် ကျမနဲ့  အလုပ်တွဲလုပ်တဲ့ ပရောဂျက်အတွက် ဇာတ်ညွှန်းပိုင်းတို့ ပုံမှန်ဆိုရင်တော့ ကျမကို မသန်စွမ်းသူဖြစ်မှန်းမသိဘူးပေါ့ ဒီပရောဂျက်တွေပြီးသွားမှသာလျှင် ကျမကို မသန်စွမ်းသူ ဖြစ်မှန်းသိတယ်။ သူတို့ အရမ်းအံ့သြတယ်ပေါ့ ဆိုလိုတာက ကျမသာ မသန်စွမ်းသူ တစ်ယောက်ဖြစ်မှန်း ကြိုသိထားရင်တော့ သူတို့အနေနဲ့ ကျမကို မယုံကြည်တာ တစ်ခုခုတော့ရှိမှာပေါ့နော် ပြီးသွားမှ သိတာများတော့ အဲ့တာက ကျမအတွက် ပြဿနာသိပ်မရှိခဲ့ဘူး”လို့  ပြောပါတယ်။

 

မသန်စွမ်းသူများ သတ်မှတ်ခြင်း၊ မှတ်ပုံတင်ခြင်း ကနဦးစီမံကိန်းတွေကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူတိုင်း၊ ကရင်ပြည်နယ်တို့မှာ ကနဦးစီမံကိန်းဆောင်ရွက်တာဖြစ်ပြီး နေပြည်တော်မှာရှိတဲ့ မသန်စွမ်းသူတွေ အလွယ်တကူလှုပ်ရှားသွားလာနိုင်ရေးနဲ့ ပါတ်သက်ပြီး ရေပန်းဥယျာဉ်၊ သပြေကုန်းဈေးတွေမှာ ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ လူကယ်ပြန်ဝန်ကြီးဌာန ထိခိုက်လွယ်အုပ်စုများ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရက ပြောပါတယ်။

 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားပေးရေးဝန်ကြီးဌာန ထိခိုက်လွယ်အုပ်စုများဌာနခွဲ ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရ က မသန်စွမ်းတွေနဲ့ ပတ်သက်လို့ ပြောပြတာကတော့ “ကျနော်တို့  ၂၀၁၈ ခုနှစ်မှာ ပြန်လည်ထူထောင်ရေး ဦးစီး ဌာနကိုအသစ်ဖွဲ့စည်းခဲ့တယ်။ မသန်စွမ်းသူတွေအတွက် ကျနော်အရင်က လူမှုဝန်ထမ်းဦးစီးဌာနမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ အခွင့်အရေးတွေ ရရှိအောင် ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့ နေရာမှာ သင်တန်းကျောင်း အခြေပြုလည်းရှိတယ်။ လက်ရှိမှာတော့ ပြန်လည်ထူထောင်ရေးဦးစီးဌာနက မသန်စွမ်းသူတွေနဲ့ ပတ်သက်ရင် အခွင့်အရေးတွေကို အများနည်းတူရရှိနိုင်ဖို့ အဓိကဆောင်ရွက်နေပါတယ်။ လက်ရှိ ကိုဗစ်ကာလ အတွင်းမှာလည်း မသန်စွမ်းသူတွေကို မသန်စွမ်းသူအလိုက် အသိပညာပေးတာတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပေးတာတွေ၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ထောက်ပံ့ပေးခဲ့တာတွေ ရှိတာပေါ့နော် “လို့  ပြောပါတယ်။

 

ဒါ့အပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားပေးရေးဝန်ကြီးဌာနက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး နဲ့ ပုဂံ တို့မှာလည်း မသန်စွမ်းသူတွေအတွက် အတားအဆီးကင်းတဲ့ ဟော်တယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အထင်ကရနေရာတွေမှာ ဆောင်ရွက်ဖို့ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီစဉ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

 

ညီမျှခြင်းမြန်မာရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းကတော့ “လူ့အခွင့်အရေးနဲ့ မသန်စွမ်းသူများအခွင့်အရေး ဘယ်လို ဆက်စက်သလဲ လူတွေက ပြောကြပါတယ် ဆရာတို့ပဲ ပြောတယ် အားလုံးပါဝင်ဆောင်ရွက်ဖို့ လိုအပ်တယ် ခွဲခြားမှု ဆန့်ကျင်ပါဆိုလို့ရှိရင် လူ့အခွင့်အရေးမှာကရော မသန်စွမ်းတွေက လူမဟုတ်ဘူးလား သူတို့ရော မပါဘူးလားဆိုတဲ့ မေးခွန်း ကျနော့်ကို မေးပါတယ်။ ဟုတ်ပါတယ် လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ နှစ်ပေါင်း ၇၀ ကျော် ပြဋ္ဌာန်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေး ကြေငြာစာတမ်းက အပိုဒ် ၁ နဲ့ ၂ မှာ ဖော်ပြထားပြီးသားပါ လူတိုင်းဆိုတဲ့ စကားလုံးအောက်မှာ လူမျိုး၊ ကျား/မ၊ ကိုယ်းကွယ်တဲ့ ဘာသာ၊ နိုင်ငံရေးအယူအဆ၊ မသန်စွမ်းမှု လိင်စိတ်ကွဲပြားမှုမရွေး လူလို့ သတ်မှတ်ခံရတဲ့ သူတိုင်းအားလုံးဟာ တူညီသော အခွင့်အရေး ပါပြီးသားပါ။ တစ်ချိန်ထဲမှာ အပိုဒ် ၂ မှာ သေသေချာချာ ရှင်ရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဘယ်ပေါ်မှ အခြေခံပြီးတော့ မခွဲခြားရဘူး။  မတူကွဲပြားတာ လူရဲ့ သဘောသဘာဝပါ။ တစ်ယောက်နဲတစ်ယောက် ရုပ်ရည်လည်း မတူနိုင်ဘူး၊ အကျင့်စာရိတ္တလည်း မတူနိုင်ဘူး၊ လူဆိုတာ အသားအရောင် မတူနိုင်ဘူး၊ ဘာသာ မတူနိုင်ဘူး၊ လူမျိုးမတူနိုင်ဘူး ဒါပေမယ့် မတူတဲ့ အကြောင်းအရာတွေထဲမှာ လူသားဆိုတဲ့ အချက်ကတော့ တူနိုင်ပါတယ် မတူညီတဲ့သူတွေဖြစ်တာ သဘာဝပါ မတူညီမှုအပေါ် အခြေခံပြီးတော့ လူတိုင်းကို ဘယ်အပေါ်မှ အခြေခံပြီးတော့ ခွဲခြားလို့ မရဘူး ဆိုပြီးဖော်ပြထားပါတယ်၊ UDHR ရဲ့ အပိုဒ် ၁ နဲ့ ၂ အရပြောမယ်ဆိုရင် မသန်စွမ်းသူများလည်း လူသားပဲဖြစ်တဲ့ အတွက်ကြောင့် တခြားလူများနဲ့ တန်းတူ လူအခွင့်အရေးကို ရရှိခွင့်ရှိပါတယ်၊ ခံစားခွင့် ရှိပါတယ်” လို့ ပြောပါတယ်။

 

မသန်စွမ်းအမျိုးသမီးတွေရဲ့ ဥပဒေတွေ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ၂၀၀၆ ခုနှစ်မှာ သမိုင်းဘာသာ အထူးပြု မာစတာဘွဲ့ရရှိပြီး အောင်မြင်မှုရရှိခဲ့တဲ့ ဒေါ်ရတနာအောင် ကတော့ ” မြန်မာနိုင်ငံမှာ အမျိုးသားနဲ့ အမျိုးသမီး ယှဉ်ရင် အမျိုးသမီး အင်အားက များပါတယ်၊  ယှဉ်ကြည်မယ်ဆိုရင် အမျိုးသားတွေက မြင့်မြတ်တယ်ဆိုတဲ့ ရှေးရိုးစွဲ အယူအဆတွေက ရှိနေတယ်၊ အမျိုးသမီးတွေဟာ အမြဲတမ်း နောက်မှာပဲကျန်ခဲ့တယ်။ အမျိုးသမီးတွေဟာ အမြဲတမ်း နောက်မှာပဲကျန်ခဲ့တဲ့ ကြားထဲက မသန်စွမ်း အမျိုးသမီးတွေက အမြဲတမ်းနောက်မှာ ကျန်ခဲ့တယ်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ မိဘတွေက သင်ပေးကြတယ် ရှေးရိုးစွဲအယူအဆပေါ့နော်၊ မိန်းခလေးတစ်ယောက်တည်း အပြင်မသွားရဘူးဆိုတဲ့ ထိန်းချုပ်မှုတွေအောက်မှာ ကြီးပြင်းခဲ့ရတယ်။မသန်စွမ်း အမျိုးသမီးတွေဆို ပိုပြီးတော့ ဆိုးပါတယ်။ နားကြားတဲ့ မိန်းခလေးနဲ့ နားမကြားတဲ့ မိန်းခလေး ယှဉ်မယ်ဆိုရင်တောင် နားမကြား မိန်းခလေးတွေက ပိုပြီးတော့ ထိန်းချုပ်ခြင်းကို ခံရတယ်။ လူ့အသိုင်းအဝိုင်းအတွင်းမှာ ပိုမိုဝင်ဆံ့ဖို့အတွက် အခက်အခဲတွေရှိတယ်။ ကျမတို့ မသန်စွမ်းခေါင်းဆောင်တွေထဲမှာဆိုရင် အရင်တုန်းကထက် မသန်စွမ်း အမျိုးသမီးတွေရဲ့ ပါဝင်မှုက ပိုပြီးတော့ များလာပြီဖြစ်တဲ့အတွက် ကျမပိုပြီးတော့ အားပေးပါတယ်။ မသန်စွမ်း အမျိုးသမီးတွေနဲ့ သန်စွမ်းတဲ့အမျိုးသမီးတွေ ပူးပေါင်းပြီးတော့ အမျိုးသမီးအခွင့်အရေးတွေ လုပ်ဖို့ရှိတယ်။ အခွင့်အရေးတွေရရှိဖို့ လုပ်တဲ့နေရာမှာ မသန်စွမ်းအမျိုးသမီး အခွင့်အရေးတွေကိုလည်း ပိုပြီးတော့ ရရှိဖို့လိုပါတယ်။ အခုဆိုရင် နိုင်ငံတော်က မသန်စွမ်းအမျိုးသမီးတွေအတွက်ဆိုပြီး ဆွေးနွေးပွဲတွေလုပ်တယ်၊ အဲ့ဒီမှာဆိုရင် မသန်စွမ်းအမျိုးသမီးတွေရဲ့ ပါဝင်မှုက ပိုပြီးတော့ နည်းနေသေးတယ်။ မသန်စွမ်း ဥပဒေမှာဆိုရင်လည်း မသန်စွမ်း အမျိုးသမီးတွေရဲ့ ဥပဒေအနေနဲ့ အပိုဒ်အနေနဲ့ ပဲပါဝင်ပြီးတော့  ခေါင်းစဉ်တစ်ခုအနေနဲ့ အမျိုးသမီးတွေကို ဦးစားပေးဖော်ပြပေးထားတာ မရှိဘူး။ မြန်မာနိုင်ငံမှာဆိုရင် ရိတ်ကေဒ့် အများကြီးဖြစ်ပေါ်နေတာတွေ့ရတယ်၊ အဲ့ဒီမှာဆိုရင် အမျိုးသမီးတွေက အများဆုံး ခံရတာတွေ့ရတယ်။ မသန်စွမ်းအမျိုးသမီးတွေဆိုရင် ပိုပြီးတော့ အခွင့်အရေးတွေဆုံးရှုံးတယ်၊ မသန်စွမ်း အမျိုးသမီးတွေက ကိုယ့်ဘဝကိုယ် တိုးတက်ဖို့ ကြိုးစားဖို့ အရေးကြီးတယ်” လို့ လက်သင်္ကေတပြ ဘာသာပြန် မလဲ့ဝါဝင်း ကတစ်ဆင့် ရှင်းပြပါတယ်။

 

ဒီစကားဝိုင်းမှာ စိတ်ပညာပါရှုထောင့်ကနေဆွေးနွေးသူ ဒေါက်တာသိန်းအုပ်စိန်Clinical Psychologist Consultant၊ သုတေသနရှုဒေါင့်ကနေ ဒေါက်တာစိုင်းကြည်ဇင်စိုး Research Consultant တို့က လည်းသူတို့ အတွေ့အကြုံတွေကိုဖလှယ်ရင်း ပညာရစရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

 

မြန်မာနိုင်ငံက မသန်စွမ်းတွေအတွက် အများဆုံး လိုအပ်နေတာကတော့ သူတို့တွေကို ခွဲခြားဆက်ဆံမှုတွေ မပြုလုပ်ဖို့၊ မသန်စွမ်းအမျိုးသမီးတွေအတွက် ဥပဒေကို လွှတ်တော်မှာ ခေါင်းစဉ်တစ်ခု သီးသန့် လုပ်ပေးဖို့၊ မသန်စွမ်းတွေနဲ့ ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းတွေ အများဆုံး ဆောင်ရွက်ပေးဖို့၊ ပညာရေးနဲ့ လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး မသန်စွမ်းကလေးတွေကို မသန်စွမ်းလူငယ်တွေအလိုက် ပညာရေးအတွက် ဆောင်ရွက်ပေးဖို့နဲ့ ထောက်ပံ့မှုတွေ အများဆုံး လုပ်ပေးဖို့ လိုလားနေတဲ့အကြောင်းတွေကို အနှစ်ချုပ်ဆွေးနွေးသွားကြပါတယ်။

 

မသန်ပေမယ့်စွမ်းသူများ မြန်မာနိုင်ငံတိုးတက်ရေးမှာ ပူးပေါင်းပါဝင်နိုင်ခွင့်ရပြီး  မသန်စွမ်းသူတွေကို ခွဲခြားဆက်ဆံခြင်း ကင်းဝေးကြပါစေကြောင်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ဂုဏ်ပြုရေးသားလိုက်ရပါတယ်။

 

#voiceofmyanmar #VOM #အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့

ဓါတ်ပုံ – ရွှေမင်းသားဖေါင်ဒေးရှင်း

Related posts

Leave a Comment

VOM News

FREE
VIEW