ဘူးသီးတောင်မြို့နယ်ကို စစ်ဘေးရှောင် ၁၂၀ ရောက်ရှိ

ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၉-၂၀၁၈

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးကျေးရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က စစ်ဘေးခိုလှုံဖို့ စစ်ဘေးရှောင် ၁၂၀ ခန့်တို့ ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် မိကျောင်းခုတ်ကျေးရွာနဲ့ အဝ ကျေးရွာတွေက ခမီ တိုင်းရင်းသားတွေ ဖြစ်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် မိမိကျေးရွာတွေမှာ မနေရဲကြဘဲ ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

“ပုဏ္ဏားကျွန်းမြို့နယ် မိကျောင်းခုတ်နဲ့ အဝ ကျေးရွာတွေက ခမီ တိုင်းရင်းသားတွေဖြစ်ပါတယ်၊ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ရွာမှာမနေရဲဘဲ ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့ကြတာပါ။၊ အခုစိုင်းဒင်ချောင်းအတွင်းက ဈေးရွာမှာ ယာယီနေထိုင်နေကြပါတယ် ”လို့ ဘူးသီးတောင်မြို့ခံ  ဦးမောင်ဝင်းက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ဟာ အခုလအတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးမြို့နယ်တစ်ခုဖြစ်ပြီး တောင်ပေါ်နေတိုင်းရင်းသားများ အများအပြားရှိနေတဲ့အတွက် အဲဒီဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။

“ကျေးရွာနှစ်ရွာက အိမ်ထောင်စုပေါင်း ၃၀ ကျော်ပါပါတယ်၊ အဲဒီမှာ လူဦးရေက ၁၂၀ ပါ၊ ဒီလူတွေက ရွာနားမှာ တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ ကြောက်ပြီး နီးစပ်ရာကိုထွက်ပြေးလာကြတာပါ၊ ဘူးသီးတောင်နဲ့လည်း နီးတာတော့မဟုတ်ဘူး၊ ဒါပေမယ့် လောလောဆယ်မှာ တိုက်ပွဲမရှိတဲ့နေရာတွေကို ထွက်ပြေးလာခဲ့ကြတာပေါ့ ”လို့ လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းအောင်သိန်းက ပြောပါတယ်။

အဲဒီစစ်ဘေးရှောင် ၁၂၀ မှာ ကလေးငယ် ၅၀ ခန့်ပါရှိပြီး ကိုယ်ဝန်ဆောင်တွေလည်း ပါဝင်နေကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်း မိုးရွာသွန်းမှုတွေဖြစ်ပွားနေတဲ့အတွက် ယာယီနေထိုင်မယ့် ရွက်ဖျင်တဲတွေအရေးတကြီး လိုအပ်နေတာဖြစ်ပါတယ်။

“ကလေးက ၅၀ လောက်ပါတယ်၊ ဒီလအတွင်းမှာ မွေးမယ့်ကိုယ်ဝန်သည်တွေလည်းပါတယ်၊ အခုသူတို့နေတဲ့ရွာက အိမ်ခြေလည်းနည်းတယ်၊ အဆင်မပြေဘူး၊ ဒါကြောင့် ကျွန်တော်တို့က အဲဒီနားက ပြင်ချောင်းရွာကို ပြောင်းဖို့အတွက် အကြံပေးထားခဲ့ပါတယ်၊ ဘယ်နေ့ပြန်ရမယ်ဆိုတာမသိတော့ နေရေးထိုင်ရေးက အဆင်ပြေဖို့လိုတာပေါ့၊ မန့ကကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာလည်း ထမင်းတစ်ခုတည်းစားနေကြရတယ် ”လို့ ဦးမောင်ဝင်းက ပြောပါတယ်။

စိုင်းဒင်ဈေးရွာကို ရောက်နေကြတဲ့ စစ်ဘေးရှောင်တွေထဲမှာ မိကျောင်းခုတ်ကျေးရွာက အိမ်ထောင်စု ၁၇ စု၊ လူဦးရေ ၇၄ ဦး၊ အဝရွာက အိမ်ထောင်စု၁၄ စု၊ လူဦးရေ ၆၄ဦးတို့ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း အခုလ ၈ ရက်နေ့က တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေတာဖြစ်ပြီး စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်ဟာလည်း ပိုမိုများပြားလာနေတာဖြစ်ပါတယ်။

#voiceofmyanmar# ဘူးသီးတောင်#စစ်ဘေးရှောင်၁၂၀ရောက်#

Related posts

Leave a Comment

VOM News

FREE
VIEW