ရေမဆေးကျောက်ရှာသူတွေ တူးရင်းရတဲ့ ကျောင်စိမ်းအရိုင်း(၂)တုံးကို ရဲတပ်ဖွဲ့ကသိမ်းဆည်းပြီး နိုင်ငံတော်သို့ အပ်နှံ

ဖားကန့်၊ ဒီဇင်ဘာ ၂၅-၂၀၁၈

ဇော်မိုးထက် (VOM)

ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်းရတနာနယ်မြေရှိ မြစ်ဆုံဧရာ ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီက နိုင်ငံတော်နဲ့အကျိုးတူ တူးဖော်နေတဲ့   ငိုးပင်း (၁၁) လုပ်ကွက်အတွင်းမှာ ဒီဇင်ဘာလ ၂၃ရက်နေ့ ညနေပိုင်းက ရေမဆေးများရှာဖွေတွေ့ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံး (၂) တုံးကို လုပ်ကွက် လုံခြုံရေးရဲတပ်ဖွဲ့က သိမ်းဆီးခဲ့တယ်လို့ ရေမဆေးကျောက် ရှာဖွေသူတွေကနေ သိရပါတယ် ။

ကျောက်စိမ်းအရိုင်တုံး (၂)တုံးမှာ အမဲရောင် အခွန်များဖြစ်ပြီး အလေးချိန် ( ၄၇၀) ကီလိုခန့်တတုံးနှင့် (၂၆၀) ကီလိုခန့်တတုံး ၊ (၂) တုံးပေါင်း အလေးချိန် ကီလို ခုနှစ်ရာကျော် ရှိတယ်လို့ ရေမဆေးကျောက် ရှာဖွေသူတွေက ပြောပါတယ်။

ကျောက်စိမ်းတုံးများကို လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက သိမ်းယူသွားမှုနဲ့ပတ်သက်ပြီး ရေမဆေးသမားများက မကျေနပ်သဖြင့် ရေမဆေးကျောက်ရှာဖွေသူ အင်အားတရာခန့်က လုံးခင်း ကျောက်စိမ်းတူးဖော်ရေးဌာန ရုံးရှေ့သို့ စုရုံးရောက်ရှိလာခဲ့တာလည်း ဖြစ်ပွားခဲ့ပါတယ်။

“ကျနော်တို့ဆီက သိမ်းသွားတဲ့ကျောက် တကယ်နိုင်ငံတော်ကို အပ်လား မအပ်လားရယ် ၊ အပ်တဲ့ကျောက်က ကျနော်တို့ဆီက ရဲသိမ်းသွားတဲ့ ကျောက် ဟုတ်/ ဟုတ် သိချင်လို့ လာတာပါ ၊ အဲ့ဒါ ကျနော်တို့ သိရရင် ရပြီ”လို့ ရေမဆေးသမားတဦးက ပြောပါတယ် ။

ကျောက်စိမ်းရုံးရှေ့ရှိ ရေမဆေးအင်အားတရာခန့်မှ ခေါင်းဆောင်နှစ်ဦးကို ခေါ်ပြီး ကျောက်စိမ်းရုံး တာဝန်ရှိသူတွေက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ၊ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် လာရောက်အပ်နှံထားသော ကျောက်စိမ်းတုံး (၂) တုံးကို ပြပေးခဲ့တယ် လို့ သိရပါတယ် ။

“ သူတို့ဆီက သိမ်းယူသွားတဲ့ ကျောက် ဒီမှာရှိမရှိ၊ အပ်မအပ်ပေါ့ ၊ အဲဒါကို သူတို့က သိချင်တာ ၊ လုံခြုံရေးတွေနဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ရှေ့မှာပဲကျနော် သူတို့ထဲက ခေါင်းဆောင်နှစ်ဦးကိုခေါ်ပြီး ပြေ ပးလိုက်တယ် ၊ သူတို့ဆီက ကျောက်ဟုတ်တယ်ဆိုတာသိတော့ သူတို့အားလုံး ကျေနပ်ပြီး ပြန်သွားကြတယ် ၊ အားလုံး အေးအေးဆေးဆေးပါပဲ ” လို့ လုံးခင်းကျောက်တူးဖော်ရေးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ် ။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ရေမဆေးကျောက်ရှာဖွေသူများ တိုးပွားလာပြီး ရေမဆေးကျောက်ရှာရမည့် စွန့်ပစ်မြေစာပုံ နဲပါးလာမှုကြောင့် လုပ်ကွက်များအတွင်း နားလည်မှုဖြင့် အချိန်ပိုင်း ဝင်ရောက်ရှာဖွေမှုများကို တရားမဝင် ခွင့်ပြုနေရတာလဲ ဖြစ်ပြီး ယခုသိမ်းဆည်းခဲ့တဲ့ ကျောက်စိမ်းအရိုင်တုံး (၂) တုံးဟာ လုပ်ကွက်အတွင်း ဝင်ရောက်ရှာဖွေခဲ့တဲ့အချိန် ရေမဆေးကျောက်ရှာဖွေသူများ တူးဖော်တွေ့ရှိခဲ့တဲ့ နိုင်ငံတော်နှင့်အကျိုးတူ ငိုးပင်း(၁၁) လုပ်ကွက်အတွင်းမှ ကျောက်စိမ်းအရိုင်းတုံးများ ဖြစ်ပါတယ် ။ ခုလို ဖြစ်ရပ်တွေဟာ ဖားကန့်ဒေသမှာ မကြာခဏ ဖြစ်လေ့ရှိတဲ့ ဖြစ်ရပ်လဲ ဖြစ်ပါတယ် ။

#voiceofmyanmar#ဖားကန့်#ကျောက်စိမ်းအရိုင်း၂တုံးနိုင်ငံတော်ကိုအပ်#

Related posts

Leave a Comment

VOM News

FREE
VIEW