ပေ ၅ ရာကျော်အနက်ရှိတဲ့ ချောက်ထဲ ကားပြုတ်ကျလို့ လူ ၂ ဦး သေဆုံး

ဇန်နဝါရီ ၃၁ ၊ ၂၀၂၁
ကိုတိုးကြီး(VOM)

ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့ကို သွားတဲ့တောင်ပေါ်ကားလမ်းမှာ မနေ့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက အနက်ပေ ၅ ရာကျော်ရှိတဲ့ ချောက်ထဲကို အိမ်စီးကား တစ်စီး အရှိန်မထိန်းနိုင်ဘဲ ကျသွားလို့ ယာဥ်ပေါ်ပါ လူ ၂ ယောက်သေဆုံးခဲ့တယ်လို့ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

” ဖြစ်တာက ဟားခါး – ထန်တလန် ကားလမ်း မိုင်တိုင်အမှတ် ၃ /၁ နဲ့ ၃ / ၂ အကြားရှိတဲ့ တောင်ပေါ်လမ်း ချောက်ထဲကို ကား ပြုတ်ကျတာဖြစ်တယ် ၊ ကားက အိမ်စီးကား ပါရာဒို ခဲရောင်ဖြစ်တယ် ထန်တလန်ကနေ ဟားခါးကို လာရင်း ဖြစ်သွားတာပါ “လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို သွားရောက်လုပ်ကိုင်နေတဲ့ ဟားခါး မီးသတ်ဦးစီးဌာနက ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ကားမတော်တဆမှုဖြစ်ပွားရာမှာ ယာဥ်ပေါ်လိုက်ပါလာသူ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် အခင်းဖြစ်နေရာမှာ သေဆုံးသွားတဲ့အတွက် ရုပ်အလောင်းတွေကို ဟားခါးမီးသတ်တပ်ဖွဲ့က ဟားခါးပြည်သူ့ဆေးရုံ အအေးတိုက်ကို ပို့ဆောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထန်တလန်မြို့ခံတွေရဲ့ ပြောပြချက်အရ ဟားခါး – ထန်တလန် ကားလမ်းဟာ တောင်ပေါ်ကားလမ်းတဲ့အတွက် လမ်းအချက်ပြ ဆိုင်းဘုတ် Road Signs တွေ စနစ်တကျ တပ်ဆင်ပေးဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်

#voiceofmyanmar #VOM #ဟားခါး
ဓာတ်ပုံ ဟားခါး မီးသတ်တပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW