==============
ဆူးငှက်
မန္တလေးသားများ ဒေသစွဲကြီးရာတွင် နာမည်ကျော်သည်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်လိုက်ကြသည်မှာလည်း နှစ်ယောက်မရှိ။ ရန်ကုန်က မြန်မာမှုပြာသာဒ်များနှင့် ဘူတာရုံကြီးမှ အားမနာ။ မန္တလေးက ဘူတာကို
ဘူတာကြီးဟုခေါ်ကြသည်။
ရန်ကုန်ဘူတာက ကိုယ့်ထက်လည်း အသက်ကြီးသည်။ ကိုယ့်ထက်လည်း ပမာဏကြီးသည်။ ကိုယ့်ထက်လည်း ရထားအဝင်အထွက်ပိုများသည်။ ဒါကိုမှ အားမနာ မန္တလေးသားများက သူတို့ ဘူတာကို တကြီးတည်း ကြီးနေကြ၏။ ဒါကြောင့်လည်း မန္တလေးသားများ၏ ဘူတာကြီး အစွဲအလမ်းကိစ္စကို စာရေးဆရာ သတင်းစာဆရာကြီးတစ်ဦးက
ဝေဖန်သော ဆောင်းပါးတစ်ပုဒ်ကို ၁၉၇၀ကျော်ကာလက မန္တလေးထုတ် သတင်းစာ တစ်စောင်တွင် ရေးသားခဲ့ဖူးသည်။
တကယ်တော့ မန္တလေးသားများ ဒေသစွဲခြင်းကိစ္စ၊ ကိုယ့်ငါးချဉ်ကိုယ် ချဉ်ခြင်းကိစ္စများက စွဲသင့်စွဲထိုက် ချဉ်သင့်ချဉ်ထိုက်သော ကိစ္စများဖြစ်သည်။ ထိုကိစ္စများ အကြောင်းမဲ့မဟုတ် သူ့အတ္ထုပ္ပတ် သူ့ဗျုပ္ပတ်နှင့် အခိုင်အမာရှိသည်။ သမိုင်းနှင့် မော်ကွန်းနှင့် ဖြစ်သည်။
ဘူတာကြီးကိစ္စက ဒီလို။
××××× ×××××
မန္တလေးသားတွေ ၇၈ လမ်းပေါ်က ဘူတာရုံကို ဘူတာကြီးဟုပဲခေါ် ကြသည်။ ဘူတာကြီးဆိုသော စကား မန္တလေးသားတိုင်း ကျွမ်းဝင်နေကြသော်လည်း ဘူတာကြီးရှိလျှင် ဘူတာလေးကော ရှိဦးလေမည်လောဟူ၍ကား စဉ်းစားမိကြပေမည် မဟုတ်။ တကယ်တော့ ဘူတာလေးရှိသောကြောင့် ဘူတာကြီးဟူ၍ အမည်တွင်ခြင်းပင်ဖြစ်သည်။ ဘူတာလေးဟူသည်အဘယ်မှာလေနည်း။
ရှေးသရောအခါက မန္တလေးမြို့၏မြောက်ဘက် ၂၇မိုင်ဝေးသော မတ္တရာမြို့သို့ ယခုလို မော်တော်ကားလမ်း မပေါက်။ ရွှေတချောင်းမြောင်းမှ ရေရှင်စီးပြီး လှေဖြင့်သာ သွားလာကြရသည်။
မတ္တရာမှ အုန်း၊ ငှက်ပျော၊ ကွမ်း စသည့်ဒေသထွက်ကုန်များ တင်လာသည့် လှေကလေးများသည် ယခုဈေးချို ဝက်သားရုံနားအထိ ဆိုက်ကပ်ကာ ကုန်များ တင်ချကြ၏။ ရွှေတချောင်းသည် လှေလောင်းတို့ စုန်ဆန်ကူးသန်းရာဖြစ်သောကြောင့် ရွှေတချောင်းဖြတ်သော တံတားတိုင်းသည် လှေရွက်တိုင်လွတ်အောင် ခုံးတံတားချည်း တည်ဆောက်ထားကြရလေသည်။ ကိုးတာ ဒီဘိုးလမ်းက တံတားကြီးမှာမူ သစ်လုံးနတ်ရုပ်ကြီး ၆ရုပ် ထွင်းထားသောကြောင့် ရုပ်စုံတံတားဟု ခေါ်၏။
မတ္တရာမြို့ကို ရွှေတချောင်းမှ ရေလမ်းဖြင့်သာ သွားလာ၍ရသောအခါ မီးရထားဖြင့်လည်း သွားလာနိုင်အောင် ပုဂ္ဂလိကတစ်ဦးက မီးရထားလမ်းဖာက် လုပ်ခဲ့လေသည်။ ထူးခြားသည်မှာ သူ့မီးရထားလမ်း သူ့မီးရထားက လက်ရှိ အသုံးပြုပြေးဆွဲနေသော မီးရထားလမ်း
မီးရထားတွဲတို့ထက် ကျဉ်းမြောင်းသေးငယ်သည်။ သံလမ်းလေး၊ မီးရထားလေးဟုပဲ ဆိုပါစို့။
ထိုမီးရထားလေးသည် မန္တလေးတွင် ယခုဈေးချိုတော် အနောက်ဘက် မန်းသီရိဈေးနေရာမှ စတင်ထွက်ခွာသည်။ ယခု မြို့တော်ခန်းမ၂ အဆောက်အအုံကို အနောက်ဘက်သို့ ခန်းမ ၃ အဖြစ် ဆက်လက် မတည်ဆောက်ခင်က ရွှေတချောင်းမြောင်းပေါင်တွင် ပြန်ကြားရေးစာကြည့်ခန်း အဆောက်အအုံလေး ရှိခဲ့ဖူးသည်။ ထိုနေရာက မတ္တရာမီးရထားလေး၏ ဘူတာရုံ ဖြစ်ခဲ့ဖူးသည်ဟု ပြောစမှတ်ပြုခဲ့ကြ၏။
မတ္တရာ ရထားလမ်းဘေးက ဘူတာမှထွက်ပြီး စိန့်ပီတာကျောင်းရှေ့ရောက်လျှင် ရွှေတချောင်းကို ဖြတ်သည်။ အနောက်ဘက်ကမ်းအတိုင်း သင်္ချိုင်းတော်၊ ညောင်ပင်ဈေး၊ နှင်းဆီခြံ၊ ကြံခင်းတံတား၊ ထိုမှ
အရှေ့တက် ခဝါစု၊ ခဝါစုက အရှေ့တက် သူရဲဈေး၊ ရှမ်းဝိုင်း၊ သပိတ်ကုန်း၊ မီးပါးဈေး၊ သူရဲတပ်ဂါတ်တဲ၊ အိုးဘို၊ ကပိုင်၊ တောင်ပြုံး၊ သလွန်ဖြူ၊ လွန်တောင်း၊ ကျပ်ကုန်း၊ ဝါးရင်းတုတ်၊ ကပဲ့၊ ဘေးမဲ့မှ မတ္တရာအောက်ဆိပ်ကြီးကို ရောက်ပါသည်။
ထိုရထားကိုဆွဲသော ရေနွေးငွေ့ စက်ခေါင်းက အရွယ်သေးပြီး ဗိုက်ဖောင်းဖောင်းလေးတဲ့ ။ မီးရထားတွဲလေးက ၆တွဲ ၇တွဲ ရှိသတဲ့။ တစ်ခါတစ်ရံ ကုန်တွဲနှင့် ၈တွဲ ရှိတတ်သည်။ စက်ခေါင်းက ထင်းမီးထိုးရေနွေးငွေ့စက်ခေါင်း။ ရထားစက်ခေါင်းလေးတွင် ကြေးဝါဖြင့် စာလုံး ရေးကပ်ထားသည်။ ထို့ကြောင့် မန္တလေးသားများက ထိုရထားလေးကို မနှင်းဆီရထားဟု ခေါ်ကြ၏။ မီးရထားပိုင်ရှင် မနန့်ဂျီဟူသော အိန္ဒိယအမျိုးသားကြီး နာမည်ကို ဗမာသံနှင့် မနှင်းဆီဟုခေါ်ရာမှ နာမည်တွင်သွားခြင်းဖြစ်သည်။
မနှင်းဆီရထားက ဈေးချိုဘူတာမှ နံနက်၇နာရီတွင် တစ်ကြိမ်၊
ညနေ၃နာရီတွင်တစ်ကြိမ် မတ္တရာသို့ ပြေးဆွဲခဲ့သတဲ့။ မတ္တရာနယ်သည် ကွမ်းရွက်အပါအဝင် သစ်သီးဝလံများ၊ သစ်ဥသစ်ဖုများ ထွက်ရှိသည့်နေရာမို့ ဈေးချို လက်ကားဈေးကွက်ကြီးသို့ မတ္တရာကုန်ပစ္စည်းတွေ လွယ်လင့်တကူ ရောက်ရှိရေးတွင် မနှင်းဆီရထားက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ထိုစဉ်က မန္တလေးတွင် မန္တလေး-ရန်ကုန်၊ မန္တလေး-မြစ်ကြီးနား၊ မန္တလေး-ပြင်ဦးလွင်-လားရှိုး၊ မန္တလေး-မုံရွာ-ရေဦး၊ မီးရထားလမ်းများအတွက် ၇၈လမ်း၊ ၇၉လမ်းကြားနှင့်၂၇လမ်း၊ ၃၄လမ်းကြားတွင် ဘူတာရုံတစ်ရုံရှိသောကြောင့် ထိုဘူတာရုံကို ဘူတာကြီး၊ မနှင်းဆီရထားဘူတာရုံကို ဘူတာလေးဟု သုံးစွဲခေါ်ဝေါ်ကြသည်။
ထို့ကြောင့် တစ်လျှောက်လုံး မန္တလေးဘူတာကို မန္တလေးသားတွေက ဘူတာကြီးဟု အစဉ်အဆက် လက်ဆင့်ကမ်း အမွေခံ ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပါသည်။
ထို့ကြောင့် မနှင်းဆီ ရထားလေး စတင်ထွက်ခွာသည့် ဘူတာကို ဘူတာလေးဟု ခေါ်ခဲ့ကြသည်။ ထိုအခါ အစိုးရပိုင် မီးရထားကြီးများ ဥဒဟို ဝင် ထွက်နေသည့် ၇၈ လမ်းပေါ်က ဘူတာရုံကို ဘူတာကြီး ဟူ၍ တွဲဖက်ခေါ်ဝေါ်လာတော့၏။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ ၁၄၊ ၅
စ်ကပင် မနှင်းဆီ ရထားလေး ဖျက်သိမ်းလိုက်၍ ဘူတာလေး မရှိတော့သော်လည်း ဘူတာကြီးဟူ၍ ခေါ်တွင်မှုကတော့ ယနေ့ထက်တိုင် ရှင်သန်နေဆဲပင် ဖြစ်လေသည်။
တစ်နေ့မနေ့ကပဲ မန္တလေးဘူတာအဆောက်အအုံပေါ်က ဆိုင်းဘုတ်မှာ “မန္တလေးဘူတာ” ဟုပဲ သုံးစွဲထားသည်ကို မန္တလေးသားများ အစဉ်အဆက်သုံးစွဲခဲ့ကြသည့် “မန္တလေးဘူတာကြီး”ဟု မသုံးစွဲရကောင်းလားဟု လူမှုကွန်ယက် စာမျက်နှာမှာ ပြစ်တင်ဝေဖန်ထားသည်ကိုလည်း ဖတ်လိုက်ရသေးသည်။
သြော်.. မန္တလေးသားများ အစွဲအလမ်းကြီးပုံ…။
#voiceofmyanmar VOM #ဆူးငှက် #ဘူတာကြီးသလော