ရပ်ကွက်အုပ်ချုပ်ရေးမှုး ပြောင်းလဲခန့်အပ်တဲ့အပေါ် မကျေနပ်လို့ ဆန္ဒပြ

မုံရွာ ဇန်နဝါရီ ၂၀-၂၀၁၉

ဗျဂ္ဃ (VOM)

ဓါတ်ပုံ အောင်နေမျိုး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သလ္လာရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးတာမှာ မဲနဲ့အနိုင်ရခဲ့တဲ့ အုပ်ချုပ်ရေးမှုးကို ဖယ်ရှားပြီး မဲရှုံးခဲ့တဲ့ အုပ်ချုပ်ရေးမှူးလောင်းကို မြို့နယ်ထွေအုပ်ကနေ ဇန်နဝါရီလ ၁၁ ရက်နေ့ ပြန်လည်ပြောင်းလဲပြီး ခန့်အပ်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရပ်ကွက်နေပြည်သူတွေက မကျေနပ်တာကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက အင်အား ၂၅၀ ကျော်နဲ့ မြို့ထဲလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

 

 

 

 

“ဒီမိုကရေစီနည်းလမ်းအတိုင်းမဟုတ်ဘဲ အာဏာရှင်ဆန်ဆန် အမိန့်ပေးပြီးတော့ ဖြုတ်ချတဲ့ ကိစ္စအတွက်ကတော့ ဒီအမိန့်ထုတ်တဲ့သူအားလုံးကို မကျေနပ်ဘူး။ အများဆန္ဒနဲ့ရွေးထားတဲ့ ဦးကျော်ရွှေကို အာဏာရှင်ဆန်ဆန် ဖြုတ်ချတယ်။ ရှုံးထားတဲ့ ဦးအောင်ဆန်းလင်းကို ခန့်အပ်တယ်။ ဒါဒီမိုကရေစီကို ပျက်စီးအောင် လုပ်တာပါပဲ။”လို့ ကြီးကြပ်ရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ဒေါ်နုက ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှုးကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့က ရွေးချယ်ခဲ့တာပါ။ အုပ်ချုပ်ရေးမှုးအဖြစ် ယှဉ်ပြိုင်သူ ဦးကျော်ရွှေနှင့် ဦးအောင်ဆန်းလင်း ၂ ဦးသာရှိခဲ့ပြီး မဲလာပေးသူ ၁၂၄၁ မဲရှိကာ ဦးကျော်ရွှေက ၆၁၇ မဲ၊ ဦးအောင်ဆန်းလင်းက ၆၁၃ မဲ၊ ပယ်မဲ ၈ မဲနဲ့ ဦးကျော်ရွှေအနိုင်ရခဲ့လို့ မြို့နယ်ထွေအုပ်က ၂၁ ရက်နေ့ရက်စွဲနဲ့ ဦးကျော်ရွှေကို ရပ်ကွက်အုပ်ချုပ်ရေးမှုးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်တန်းသူ ၂၀ ဦးခန့် ရှိခဲ့တာကို စိစစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာတော့ ဦးအောင်ဆန်းလင်းကို ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူတွေက မကျေနပ်လို့ ၁၃ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ဆန္ဒပြပွဲမှာတော့ တရားမဝင်ငွေတိုးပေးစားတဲ့ အုပ်ချုပ်ရေးမှုး အလိုမရှိ၊ ပါတီပုံရိပ်သုံးပြီး မဲဆွယ်စည်းရုံးတဲ့ အုပ်ချုပ်ရေးမှုးအလိုမရှိ ပြည်သူ့မဲဖြင့် ရွေးချယ်ပေးသော ဦးကျော်ရွှေအား ပြန်ခန့်ရေး စတဲ့ ကြွေးကြော်သံတွေကိုလည်း ကြွေးကြောခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးကျော်ရွှေ၊ ဦးအောင်ဆန်းလင်းတို့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

#voiceofmyanmar#မုံရွာ#သလ္လာရပ်ကွက်#အုပ်ချုပ်ရေးမှူးရွေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW