စိုက်စရိတ်ကြွေးကျန် မဆပ်နိုင်ရင် ပဲနဲ့စပါးထဲကဖြတ်ယူမယ်လို့ ပြောဆိုမှုက အေးဓါးပြတိုက်ခြင်းသာဖြစ်

နိုဝင်ဘာ ၂၄ – ၂၀၂၂
SN (VOM)

စိုက်စရိတ်ချေးငွေ ကြွေးကျန် ၂၅ ရာခိုင်နှုန်းကို မဆပ်နိုင်ရင် တောင်သူ့လက်ထဲရှိ ပဲနဲ့စပါးထဲကဖြတ်ယူမယ်လို့ ပြောဆိုမှုက အနုနည်းနဲ့ခြိမ်းခြောက် အကြွေးတောင်းခြင်းသာဖြစ်တယ်လို့ လယ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ကြွေးကျန် ၂၅ ရာခိုင်နှုန်းအတွက် စပါးနဲ့ပဲတီစိမ်းတို့ကို ဈေးဖြတ်ယူမယ်လို့ နိုဝင်ဘာ ၂၁ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမိုးက ပဲခူးတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ တောင်သူတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

“ဒါက အကြွေးကို အနုနည်းနဲ့ ခြိမ်းခြောက်တောင်းတာမျိုးပါ။ သီးနှံပေါ်ချိန်စျေးနဲ့ ဖြတ်ယူမှာလား အရင်အချိန် အရင်ကာလပေါက်စျေးနဲ့ ဖြတ်ယူမှာလားဆိုတာက စောင့်ကြည့်ရမှာပါ” လို့ လယ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။

တောင်သူတွေအနေနဲ့ စိုက်စရိတ်ချေးငွေ ချေးယူတဲ့အခါမှာ လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ (၇) မူရင်းကို ၎င်းတို့ချေးယူတဲ့ဘဏ်တွေမှာ ပေးထားခဲ့ရတဲ့အတွက် ယူထားတဲ့ချေးငွေကို ပြန်ဆပ်နိုင်ဖို့ မဖြစ်မနေ ကြိုးပမ်းကြရပြီး ချေးငွေပြန်မဆပ်နိုင်ရင် လယ်သိမ်း၊ မြေသိမ်းတဲ့အထိ လုပ်ဆောင်ခံရမှုတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

“ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းကို တောင်သူတွေက အသိဆုံးပါ။ သူတို့ချေးငွေကို တောင်သူက အပြင်မှာ အတိုးကြီးကြီးတွေနဲ့ ချေးငှားပြီး ဆပ်နေရတာပါ။ ဖမ်းဆီးခံရမှာကြောက်တာရယ်၊ ပုံစံ (၇) မူရင်းကလည်း သူတို့ဆီမှာရှိနေတော့ လယ်မြေတွေ အသိမ်းခံရမှာ ကြောက်တာကြောင့်ရယ် မဆပ်ဘဲ မနေရဲကြပါဘူး။ ဆပ်ကြတာများပါတယ်” လို့ သူက ပြောပါတယ်။

အဆိုပါ စိုက်စရိတ်ချေးငွေဟာ ၁ ဧက ၅ သိန်းနှုန်းနဲ့ ၁၀ ဧက အထိသာ ချေးငွေရပြီး ချေးငွေပြန်ဆပ်ကာလမှာ ၁ နှစ်ဖြစ်ကာ အတိုးနှုန်းကတော့ ၁ ကျပ်၂၅ ပြားဖြစ်ပြီး ပြန်ဆပ်ကာလကျော်လွန်ရင် သတိပေးစာပို့ကာ ခြိမ်းခြောက်မှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

“သူတို့‌ပြောတဲ့အတိုင်း ဆိုရင်တော့ စပါးနဲ့ ပဲကို လက်ရှိ ပြင်ပပေါက်စျေးအတိုင်း‌ ဈေးဖြတ်ပေးမယ်ဆိုရင်တော့ အဆင်ပြေနိုင်မယ်။ နို့မို့ဆိုရင်တော့ မလွယ်ဘူး။ ရာသီဥတု ဖောက်ပြန်တာကတမျိုး၊ စိုက်စရိတ် အရင်းနှီးကြီးတာကတမျိုး။ ဒီကြားထဲ မိုးကဖျက်လို့ အထွက်နှုန်းတွေကမကောင်းဘူး။ ချေးငွေပြန်မဆပ်နိုင်သေးရင်လည်း သတိပေးစာက ရောက်လာပြီ။ အခုက အကြွေးကိုချော့တောင်းတဲ့သဘောပေါ့။ အမြတ်မကျန်ဘဲ ပြင်ပစျေးနဲ့ကွာနေရင်တော့ တောင်သူက ရောင်းမှာမဟုတ်ဘူး” လို့ ပဲခူးတိုင်းလယ်သမားတဦးက ပြောပါတယ်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေနဲ့ စိုက်ပျိုးရေးနှစ်ဆင့်‌ ချေးငွေစီမံကိန်း (JICA, Two Step Loan) ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခု ၂၀၂၂ ခုနှစ်၊ ဇွန်လကုန်အထိ တောင်သူ ၅၅၇၆ ဦးထံ ချေးငွေ ကျပ် ၂၃၀ ဘီလီယံခန့် ထုတ်ချေးပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

နစကလက်ထက် အကောင်အထည်ဖော်တဲ့ နိုင်ငံ့စီးပွားရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ စီမံကိန်းထဲက ဘီလီယံ ၂၃၀ ကို နွေစပါးဧက ၈ သိန်းခွဲနဲ့ ပဲတီစိမ်းဧက ၅ သိန်းအတွက် အကျိုးတူလယ်ယာစနစ်နဲ့ စိုက်ပျိုးနိုင်ဖို့ ထုတ်ချေးပေးထားတယ်လို့ သိရပါတယ်။

အဲ့ဒီ့အထဲမှာ ဆန်စပါးကဏ္ဍအတွက် ခွဲတမ်းရရှိထားတဲ့ ကျပ် ၁၇၀ ဘီလီယံကိုတော့ တောင်သူတွေထံ ငွေသားတိုက်ရိုက်မပေးဘဲ အရေးတကြီး လိုအပ်လာနိုင်တဲ့ သွင်းအားစုတွေ ဝယ်ယူပေးသွားမယ်လို့ သိရှိရပါတယ်။

#voiceofmyanmar #VOM #ပပဲခူးတိုင်း #စိုက်စရိတ်ခေိးငွေ

Related posts

Leave a Comment

VOM News

FREE
VIEW