ပန်းလိုမွှေးစေခဲ့သည် မိုးကေသီ

ဆူးငှက်

၁၉၇၀ခုနှစ်ကျော် ကာလဆီက မန္တလေးတွင် ပွဲစဉ်ကို စုံစမ်းကာ တကူးတကန့် လိုက်လံကြည့်ရှရသည့် တီးဝိုင်းတစ်ဖွဲ့ရှိပါသည်။ ထို တီးဝိုင်းမှာ မိုးကေသီဖြစ်ပါသည်။ ထိုစဉ်ကာလ မိုးကေသီမှာ ဟည်းထကျော်ကြားနေသည်။ တစ်ဘက်က စတီရီယိုတေးများ အရှိန်အဟုန်နှင့်ခေတ်စားလာသောကြောင့် ရှဲလ်ကဲ့သို့ တီးဝိုင်းများက လူငယ်ကြိုက်အဖြစ် နာမည်ကျော်လျှက်ရှိသည်။ ထိုအချိန်တွင် မိုးကေသီက အရွယ်သုံးပါးအတွက် ကျေနပ်စရာတီးဝိုင်းကြီးဖြစ်နေပါသည်။ မိုးကေသီကဲ့သို့ ကျော်ကြားထင်ရှားလာသည့် တီးဝိုင်းတစ်ဖွဲ့လည်းရှိသည်။ ဂီတမှုး တေးပြုစာဆို ဦးဘသိန်း၏လက်ရင်းတပည့်ဖြစ်သူ ကိုခင်မောင်သန်း ဂီတမှူးအဖြစ် တာဝန်ယူ ထူထောင်သည့် တေးချစ်သူဖြစ်သည်။ ကိုခင်မောင်သန်း၏ ရွှင်လန်းချမ်းမြေ့ပါစေသီချင်းကလည်း ယနေ့တိုင် ထင်ရှားလှသည်။

မိုးကေသီကို တည်ထောင်သူက ဂီတမှူး ဂီတစာဆို ကိုဘိုခင်ဖြစ်ပါသည်။ ကိုဘိုခင်သည် ယခင်က မြို့မတူရိယာအသင်း၏ ဂီတမှူးတာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၆၄ခုနှစ်တွင် မြို့မတူရိယာအသင်းမှ နူတ်ထွက်ကာ သိင်္ဂီတူရိယာအသင်းကို ဦးစီးခဲ့သည်။ ထို့နောက် ၁၉၆၆ခုနှစ်တွင် သိင်္ဂီမှခွဲ၍ မိုးကေသီကို ထူထောင်ခဲ့သည်။ ကိုဘိုခင်သည် ၁၉၄၇ခုနှစ်ကတည်းက မြို့မတူရိယာအသင်းသို့ အသင်းသားအဖြစ် ဝင်ရောက်ခဲ့၍ ဆရာ မြို့မငြိမ်း၏ ဂီတသင်တန်းများကို တက်ရောက်သင်ယူခဲ့ပြီး ဓားတန်းဦးသန့်၏ ဂီတ လမ်းညွှန်မှုကို ခံယူခဲ့ကာ နာမည်ကျော် ဂီတမှူး ဂီတစာဆိုတစ်ဦးဖြစ်သည်။ မိုးကေသီအဖြစ်တည်ထောင်၍ ငယ်မွေးခြံပေါက် ဂီတသမားများ အဆိုတော်များလည်း မွေးထုတ်ခဲ့ရာတွင် အမျိုးသမီး အဆိုရှင် ရီရီခင်သည် ထင်ရှားခဲ့သလို နာမည်ကျော်ရုပ်ရှင်မင်းသား ဇော်ဝမ်းသည်လည်း မိုးကေသီတွင် အဆိုတော် သန်းလွင်အဖြစ် သီဆိုခဲ့သည်။ တကယ်တော့ မိုးကေသီသည် အစဉ်အလာကြီးမားခဲ့သည့် မြို့မဂီတအဝန်းအဝိုင်းကို လွတ်လပ်ခေတ်မီစွာ ကိုဘိုခင်က မိုးကေသီ အမည်သစ်ဖြင့် ပြောင်းလဲခြင်းဖြစ်သည်။

ဒိုးပညာရှင်၊ အုပ်စုံပညာရှင်၊ တယောပညာရှင်နှင့် လေမှုတ်ပညာရှင် အများစုက မြို့မ လူဟောင်းများဖြစ်သည်။ မြို့မ၏ ပင်တိုင် ဝါရင့်အဆိုတော်ကြီး ဦးဖူးအံ့သည်ပင် မိုးကေသီမှာ ပါဝင်လာသည်။ ထိုစဉ်ကာလက မန္တလေးမှာ ခေတ်ပေါ်တူရိယာဝိုင်းကြီးများ အပြိုင်အဆိုင်ထွန်းကားခဲ့သည်။ ၁၉၂၅ခုနှစ်တွင် စတင်စုစည်းခဲ့ပြီး ၁၉၂၈ခုနှစ်တွင် စံနစ်တကျ ဖွဲ့စည်းခဲ့သည့် မြို့မတူရိယာအသင်းကလည်း အိမ်ဦးခန်းမှာ ထိုင်နေဆဲဖြစ်သည်။

၁၉၅၁ခုနှစ်က ဂီတမှူး ဦးသန်း ထူထောင်ခဲ့သည့် သဟာယ တူရိယာအသင်းက စန္ဒရား ဦးဘသင် စန္ဒရားဦးအုန်းမောင်တို့ ဦးဆောင်ကာ နာမည်ရနေဆဲဖြစ်သလို ၁၉၅၂ခုနှစ်တွင် မြို့မက နူတ်ထွက်ခဲ့သော ဦးဘသိန်း (မန္တလေး) ထူထောင်ခဲ့သည့် သင်္ဂဟ တူရိယာအသင်းက ထင်ရှားဆဲဖြစ်သည်။ ထို့နောက် ၁၉၅၇ခုနှစ်က ထူထောင်သော ဂီတလုလင်တူရိယာအသင်းလည်း ရှိသည်။ မန္တလေးအနှစ် ၁၀၀ပြည့် ကောဇာသက္ကရာဇ် ၁၃၂၁ ခုတွင် ထူထောင်သော ယဉ် အသင်းရှိသည်။ ၁၉၆၄ခုနှစ်တွင် ကိုဘိုခင်ထူထောင်ခဲ့သော သိင်္ဂီ လည်းရှိသည်။ ထို့နောက် ၁၉၆၆ခုနှစ်တွင် သိင်္ဂီကခွဲထွက်ခဲ့သည့် ကိုဘိုခင်၏ မိုးကေသီရှိသည်။ ထိုနှစ်မှာပဲ အနောက်ပြင် ပုလိုင်းရပ်က ဗဟို တဲ့။ မြို့မစန္ဒရားဆရာ ဦးတူ ၏ မူလ သင်္ဂဟ တဲ့။ ဦးထွန်းရှိန်၏သဇင်တဲ့၊ စန္ဒရား ကိုမောင်မောင်ကြီး ၏ သီရိမွန်တဲ့။ ဆရာကြီးဦးဘသိန်း၏ သင်္ဂဟ က ခွဲထွက်လာသော ဂီတမှူးဂီတစာဆို ကိုခင်မောင်သန်း ၏ တေးချစ်သူတဲ့၊တေးချစ်သူကလည်း လူကြီးလူငယ်ကြိုက်အဖြစ် နာမည်ကျော် ဂီတဝိုင်းကြီးဖြစ်လာသည်။ ထိုကဲ့သို့ တူရိယာ ဝိုင်းကြီးများအပြင် ခေတ်စားလာသော ခေတ်ပေါ်တီးဝိုင်းများလည်း Exitement တဲ့၊ ယဉ်မွန်တဲ့၊ အသည်းပန်းတဲ့၊ဖြူပြာတဲ့၊ The SHELLS တဲ့၊ အေဒင်တဲ့ စသည်ဖြင့် အများအပြား ပေါ်ထွက်ခဲ့သည်။
မန္တလေးကလည်း ၁၂ရာသီ ပွဲ မပြတ်မလပ်ရှိသကဲ့သို့ ကလေးကင်ပွန်းတပ်၊ အလှူအောင်ပွဲ၊ မင်္ဂလာဆောင်အောင်ပွဲ၊ကျောင်းရေစက်ချပွဲ၊ တိုက်သစ်တက်ပွဲ၊ဘောလုံးသင်းအောင်ပွဲ နှင့် ဘုန်းကြီးပျံပွဲတွင် ဧယဉ်ကျူးသာမက အရိုးကောက်ပွဲအထိ ပွဲခံသောအခါ ဇာတ်အငြိမ့်များအပြင် တီးဝိုင်းများအထိ ဝမ်းစိုခဲ့ကြသော ကာလဖြစ်သည်။ နောက်ပိုင်းတွင် ပွဲအတော်များများကလည်း တီးဝိုင်းအဖွဲ့များနှင့် ပွဲခင်းကျင်းပခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် စရိတ်စက သက်သာသည် သာမက အထိမခံ ရွှေပန်းကန်ဖြစ်နေသည့် ပါတီနှင့် အစိုးရပေါ်လစီကို ပြက်လုံးထုတ်မိလေသောကြောင့် ပွဲရှင်က တာဝန်ခံဖြေရှင်းရခြင်းတည်းဟူသော ဒုက္ခဆင်းရဲခြင်းက လွတ်ကင်းသောကြောင့်ဖြစ်သည်။ ဒါတောင် တီးဝိုင်းနှင့်အတူ အငြိမ့်ခန်းကလည်း ပါသောအခါ အငြိမ့်ခန်းပြက်လုံးတွေကိုလည်း ပွဲရှင်က ရင်တမမ စောင့်ကြည့်ရသေး၏။

ထိုစဉ်က မိုးကေသီသည် သူ့တီးဝိုင်းရှိသည့်နေရာတွင် နာမည်ကြီးနေသည့် ဆယ်ကျော်သက်အဆိုတော် ရီရီခင်၏ မျက်နှာဖုံးဓာတ်ပုံနှင့် သီချင်းစာအုပ်များ လက်မလည်အောင် ရောင်းချရသည်။ ရီရီခင်က ခေါင်းစည်းဖဲပွင့်နှင့်ဘောင်းဘီရှည် အကျပ်နှင့် ထရန်ပက်ကို ကိုင်ကာ သဲသောင်ပြင်တွင် ထိုင်နေသည့်ပုံဖြစ်သည်။ မိုးကေသီသည် မန္တလေး၏ ဂန္ထဝင်သီချင်းများကို ပြန်လည်သီဆိုတီးမှုတ်သည့်အပြင် ကိုဘိုခင်က သီချင်းအသစ်များစွာကို အကြောင်းအရာမျိုးစုံ ပုံစံမျိုးစုံ ရေးစပ်ခဲ့သည်။ ထိုသီချင်းသစ်များက ပရိသတ်ကို စွဲညိစေသောအခါ ထိုသီချင်းများ နားထောင်ချင်သောကြောင့် မိုးကေသီပွဲခင်းနောက် တကောက်ကောက်လိုက်ကြခြင်း ဖြစ်သည်။ ဝါရင့်အဆိုတော်ကြီး ဦးဖူးအံ့သည်ပင်လျှင် မိုးကေသီတွင် လက်ရည်တပြင်တည်း၊ ပဉ္စသိင်္ခ စသည့် သီချင်းများသီဆိုသကဲ့သို့ တောကသူဇာ၊ တဘုတ်ဘုတ်၊ အိုပယ်၊ ရတနာမြေ၊ ကွမ်းနဲ့ အချစ်၊ ငယ်ကျွမ်းကိုလွမ်းမိတယ် စသည့် သီချင်းသစ်များလည်း ထင်ရှားလာသည်။ ထိုသီချင်းများအနက် “ဈေးချိုအလယ်မှာ လေးပျိုထည်ဝါ မှန်လုံကားနဲ့လာ၊ ကျနော့်ကိုလေ လူပျိုလားလို့ မေးလာကြသည်မှာ လူပျို အစစ်ပါ၊ နှစ်ဆယ်ကျော် ငါးရက် ကျနော့အသက် ယုံရခက်သလားဗျာ” ဟူသော စာသားပါသည့် ကွမ်းနှင့် အချစ်သီချင်းကို အများဆုံး ပွဲတောင်းခံရသည်။ ဆက်လက်၍ “အပျိုကြီး အပျိုလေးထဲမှာ တခုလပ်လည်းပါ၊ ကိုသိန်းကိုသိန်းရွေးမှာ ဘယ်သူ့ကိုလဲဗျာ၊မေးကြတဲ့သူငါ ကျနော့်စိတ်ကြိုက် ဝါသနာ သိဖို့ဖြင့် လိုပေတာ၊မြရောင်ရွက်မှာ ပုလင်းဆေးနဲ့ ကွမ်းလေးယူခဲ့ပါ” ဟူသော စာသားဖြင့် ပွဲကျခဲ့ကြသည်။

ထို့ပြင် ရီရီခင်၏ ရွှေမိုးငွေမိုး၊ ဂီတစွမ်းအား၊ မလေး လက်ခတ်သံ၊ ပန်းလိုမွှေးပါစေ၊ အိပ်မက်လှလှမက်ပါစေ စသည့်သီချင်းများလည်း ရေပန်းစားခဲ့သည်။ ထိုစဉ်က မိုးကေသီသည် ဂီတမှူး ကိုဘိုခင်၏ လက်စွမ်းပြရာ စင်မြင့်ကြီး ဖြစ်ခဲ့ပါသည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW