ဗကသအဖွဲ့ဝင် အထက်တန်းကျောင်းသူ မဆုသွန်းပိုင် ပုဒ်မ ၅၀၅ ကနဲ့ ထောင် ၃ နှစ် ချခံရ

မတ် ၃၁ – ၂၀၂၃
GG (VOM)

ရန်ကုန်မြို့၊ အထက (၂) မရမ်းကုန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)အဖွဲ့ဝင်၊အထက်တန်းကျောင်းသူ မဆုသွန်းပိုင်ကို မနေ့ မတ်လ ၃၀ ရက်နေ့မှာ ထောင်၃ နှစ်အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။

မဆုသွန်းပိုင်ကို နိုင်ငံတော်ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုပြီး မရမ်းကုန်းမြို့နယ်တရားရုံးက အမိန့်ချလိုက်တာဖြစ်တယ်လို့သိရပါတယ်။

” အမိန့်ချလိုက်တာပါ၊၅၀၅ ကနဲ့ပါ ။ထောင်၃နှစ်ပါ ၊လောလောဆယ် ဒီလောက်ပဲသိရသေးတယ်၊ သူက အခြေခံပညာအထက်တန်းကျောင်းသူပဲရှိပါသေးတယ်”လို့ ဗကသအဖွဲ့ဝင် တဦးကပြောပါတယ်။

မဆုသွန်းပိုင်ဟာ အသက် ၁၈ နှစ်သာရှိသေးကြောင်း၊ သူ့ကို ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် အောက်တိုဘာ၂၆ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

မတ်လ ၂၂ ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်ကို ၅၀၅(က)၊ ၅၀(ည) ပုဒ်မတွေနဲ့ ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်တယ်လို့သိရပါတယ်။

လက်ရှိမှာ ဗကသအဖွဲ့ဝင်ကျောင်းသား အယောက် ၂၀ ထက်မနည်း ထောင်ဒဏ်ချမှတ်ခံထားရတဲ့အပြင် အမှုရင်ဆိုင်နေရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဗကသ #ထောင်ဒဏ်ချမှတ်

Related posts

✕
VOM News

FREE
VIEW