မိုခါမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို လေတိုက်နှုန်း တစ်နာရီ ၁၁၂ မိုင်နဲ့ ဝင်ရောက်နိုင်ချေရှိ

မေ ၁၃ – ၂၀၂၃
SN (VOM)

မိုခါမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို အကြီးမားဆုံးသက်ရောက်မှုအဖြစ် မေ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီလောက်က စတင်ပြီး လေတိုက်နှုန်း တစ်နာရီ ၁၁၂ မိုင်နဲ့ ဝင်ရောက်နိုင်ချေရှိတယ်လို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

“အကြီးမားဆုံး သက်ရောက်နိုင်မယ့်အချိန်က မေ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီလောက်က စမယ်။ အဲ့ဒီမှာ လေတိုက်နှုန်းက တစ်နာရီကို ၁၁၂ မိုင်နှုန်း။ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း CAT-2 ပေါ့။ အခု ခန့်မှန်းချက်တွေအရ CAT-3 အထိ ပြန်လျော့သွားတယ်ဆိုပေမယ့် တကယ်တမ်း ကုန်းတွင်းဝင်ချိန်ကျရင်တော့ CAT-2 အဆင့်ဖြစ်သွားမယ်။ ဘာလို့လဲဆိုတော့ သူက ကုန်းတွင်းကို ကပ်လာလေလေ တောင်တွေနဲ့ထိပြီး ပေ ၅၀၀၀ အောက်က လေစီးကြောင်းတွေက ပျက်သွားမှာ။ အဲ့ဒီ့မှာ ကြာလေ ကြာလေ မုန်တိုင်းဖွဲ့စည်းပုံပျက်ပြီး လျော့သွားတာပေါ့”လို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ပြောပါတယ်။

မုန်တိုင်းဟာ လက်ရှိ (မေ ၁၃ ရက်၊ ဒီနေ့ မွန်းလွဲ ၁ နာရီခွဲခန့်)မှာ ပုသိမ်ရဲ့အနောက်တောင်ဘက်ယွန်းယွန်း မိုင် ၃၁၀ မှာရှိနေပြီး ဟိုင်းကြီးကျွန်းနဲ့ဆိုရင် အနောက်ဘက်တည့်တည့် မိုင် ၂၉၀ မှာ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီည သန်းခေါင်ကျော် မေ ၁၄ ရက် မနက် ၁ နာရီမှာတော့ ပုသိမ်ရဲ့အနောက်ဘက်တည့်တည့် ၂၆၈ မိုင်ကိုရောက်ရှိမှာဖြစ်ပြီး အဲ့ဒီအချိန်မှာ မိုင် ၂၈၀ လောက်ရှိတဲ့ မုန်တိုင်းရဲ့ အပြင်းဆုံး အတွင်းစက်ဝန်းက စစ်တွေကမ်းခြေကို စထိမှာဖြစ်တယ်လို့ သိရပါတယ်။

မေ ၁၄ ရက် မနက် ၇ နာရီဆိုရင်တော့ စစ်တွေရဲ့အနောက်တောင်ဘက် ၁၁၂ မိုင်ကို မုန်တိုင်းဗဟိုရောက်ရှိပြီး နေ့လယ် ၁၂ နာရီမှာ စစ်တွေရဲ့ အနောက်၊ အနောက်တောင်ဘက် ၆၃ မိုင်ကို ဆက်လက်ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

“အဲ့ဒီအချိန်မှာ မုန်တိုင်းရဲ့အတွင်းစက်ဝန်းက စစ်တွေကမ်းခြေကို ကျော်ပြီးတော့ ဝင်သွားပြီ။ ရခိုင်ရိုးမ အနောက်ဘက်တောင်ခြေကို ကပ်သွားပြီ။ ဗဟိုကတော့ မဖြတ်သေးဘူး။ နေ့လယ် ၂ နာရီမှာတော့ မုန်တိုင်းရဲ့ဗဟိုက စပြီးတော့ ဖြတ်ပြီးတော့ ဝင်ပြီ။ အခု နောက်ဆုံး ကြိုတင် ခန့်မှန်းချက်ပုံတွေအရဆိုရင်တော့ စစ်တွေရဲ့ တောင်ဘက်ကို နည်းနည်းရောက်သွားတယ်။ မြောက်ဦးနဲ့ မြေပုံကြားကနေ ဖြတ်တော့မှာ။ ဒါပေမယ့် မုန်တိုင်းရဲ့အတွင်းဗဟိုအချင်းက မိုင် ၁၁၀ လောက်ထိ ရှိနေတော့ သက်ရောက်မှုက မြောက်ဘက်ဆိုရင် မောင်တောလောက်ထိတော့ ရောက်မှာပဲ။ အောက်ဘက်ဆိုရင်တော့ ကျောက်ဖြူ၊ အမ်းအထိ ရောက်တယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဗဟိုဝင်ပြီးသွားရင်တော့ နောက်ကမုန်တိုင်းအမြီးက မိုင် ၁၀၀ ကျော်ကျန်နေသေးပြီး အဲ့ဒီအချိန်မှာ မုန်တိုင်းအတွင်းစက်ဝန်းရဲ့အပြင်ဆုံးက မတူပီကိုကျော်ကာ ဆော၊ ထီးလင်းနဲ့ ဂန့်ဂေါတို့ရဲ့အစပ်ကို ရောက်သွားပြီဖြစ်တယ်လို့ သူက ပြောပါတယ်။

ညနေ ၃ နာရီမှာတော့ မုန်တိုင်းဗဟိုဟာ ကမ်းခြေရဲ့အတွင်းထဲကို မိုင် ၂၀ ခန့် ဝင်ရောက်သွားမှာဖြစ်ကာ ရခိုင်ရိုးမအစပ်ကို ဆက်လက် ဖြတ်ကျော်မှာဖြစ်တယ်လို့ သိရပါတယ်။

မုန်တိုင်းရဲ့အတွင်းစက်ဝန်းဟာ ကလေး၊ မင်းကင်း၊ ကနီ၊ မုံရွာ၊ မြိုင်၊ ညောင်ဦး၊ ငဖဲ၊ စေတုတ္တရာ၊ ရေနံချောင်းနဲ့ ချောက်မြို့တွေကို ဖြတ်ဝင်သွားပြီး မြင်းခြံ၊ မိတ္ထီလာအထိကိုလည်း ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

“အဲ့ဒီကနေ ည ၈ နာရီကျော်ရင်တော့ ချင်းတောင်တန်းကြီးကိုဖြတ်ပြီးတော့ ဝင်ပြီ။ ပြီးသွားတော့မှ မုန်တိုင်းဗဟိုက ဆောရဲ့အပေါ်တည့်တည့်ကိုရောက်တယ်။ ပြီးရင် ဘယ်နေရာတွေကို ထပ်ဖြတ်မလဲဆိုတော့ ပေါက်၊ မြိုင်၊ မုံရွာ၊ ရွှေဘို၊ သပိတ်ကျင်း၊ မဘိန်း အဲ့ဒီမြို့တွေနားကနေဖြတ်မယ်။ မေ ၁၅ ရက် မနက် ၆ နာရီကျရင်တော့ ဗန်းမော်ပေါ်ရောက်ပြီးရင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားတော့မယ်”လို့ သူက ပြောပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ မေ ၁၃ ရက်၊ ဒီနေ့ မွန်းလွဲ ၃ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ” (MOCHA) ဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၂၄၀) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်ဘက် ရေမိုင် (၂၅၀) မိုင်ခန့်၊ စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၈၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားရဲ့ အနောက်မြောက်ဘက် ရေမိုင် (၃၂၀) မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။

မုန်တိုင်း အနီရောင်အဆင့်ဆိုတာဟာ မြန်မာ့ကမ်းရိုးတန်းဆီသို့ မဖြတ်ကျော်မီ (၁၂) နာရီအလိုအချိန်လို့ သတ်မှတ်ထားပေမယ့်လည်း အခုဖြစ်ပေါ်နေတဲ့ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)ဟာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းတဲ့အဆင့်နဲ့ ဖြတ်ကျော်နိုင်တဲ့အတွက် အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

မုန်တိုင်းဟာ နောက် (၄၈) နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်းမှာ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)အနေနဲ့ ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီ့နောက် မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်ပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးဆီကို အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ”(MOCHA) အနေနဲ့ ဆက်လက်ရွေ့လျားနိုင်တယ်လို့ သိရပါတယ်။

မိုခါရဲ့အရှိန်ကြောင့် မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့အတူ မြေပြိုခြင်းတွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာ နေထိုင်ကြသူတွေအနေနဲ့ မုန်တိုင်းဒီရေအန္တရာယ်ကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။

မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ကတော့ ရေကြီး၊ ရေလျှံမှုတွေကို ဂရုပြုရမှာဖြစ်ပြီး ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ကတော့ မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုရမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်ကို လုံးဝ (လုံးဝ) မထွက်ကြဖို့ မိုး/ဇလက သတိပေးနှိုးဆော်ထားပါတယ်။

#voiceofmyanmar #VOM #မိုခါမုန်တိုင်း #ရခိုင်ကမ်းရိုးတန်း #ဝင်ရောက်နိုင်ချေရှိ

Related posts

Leave a Comment

VOM News

FREE
VIEW