မင်းတပ်မှာ ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရ

ဇူလိုင် ၉ – ၂၀၂၃
SN (VOM)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မနေ့ ဇူလိုင် ၈ ရက်နေ့၊ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်နဲ့ နို့တိုက်မိခင်အပါအဝင် ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မရှိန်းလှော်ကျေးရွာအုပ်စု၊ ဝုမ်းခုမ်ရွာကို ဇူလိုင် ၈ ရက်၊ မနက် ၁၁ နာရီခွဲဝန်းကျင်က ဗုံးကြဲခံရတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး အသက် ၉ နှစ်အရွယ်ကလေးငယ် (မ) ၁ ဦး၊ အသက် ၂၈ နှစ်အရွယ် နို့တိုက်ကလေးမိခင် ၁ ဦးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦးသေဆုံးခဲ့ကာ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ဗုံးကြဲတာ သုံးယောက်လုံး နေရာမှာပဲ ပွဲချင်းပြီး သေကုန်တယ်။ သေသွားတဲ့ကလေးက ခေါင်းတောင်မရှိတော့ဘူး။ အဲဒီနေရာမှာက ဘာ တိုက်ပွဲမှ ရှိတာမဟုတ်ဘူး။ ဒါပေမယ့် သတင်းမှားကြောင့် လာကြဲသွားတာထင်တယ်။ နို့တိုက်မိခင်ဆို သူ့ကလေးက လသားလေးပဲ ရှိသေးတယ်။ ဖြစ်တဲ့အချိန်တုန်းက သူက တခြားနေရာကို ပြေးပြီးသား။ ဒါပေမယ့် သူ့ကလေးကျန်ခဲ့လို့ ပြန်လာတာ၊ အဲ့ဒီမှာ နောက်ထပ် လေယာဉ်က ဗုံးလာကြဲတော့ သူ့နား ဗုံးကျပြီး ပွဲချင်းပြီး သေသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီ့ကိစ္စကြောင့် ဝုမ်းခုမ်ရွာစာသင်ကျောင်း၊ စာကြည့်တိုက်နဲ့ နေအိမ် ဆယ်လုံးခန့် ပျက်စီးသွားခဲ့ပြီး အဲ့ဒီ့အထဲက နေအိမ် ၄ လုံးကတော့ လုံးဝ နေလို့မရအောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။

“နေအိမ် ၁၀ လုံးမှာ အိမ် ၄ လုံးကတော့ လုံးဝ နေလို့မရတော့အောင် ပျက်စီးသွားတယ်။ စာသင်ကျောင်းလည်း ရစရာမရှိအောင်ကို ပျက်စီးသွားတာ။ ကံကောင်းတာက ကလေးတွေ ကျောင်းပိတ်ရက်မို့လို့သာ ခံသာသွားတာ။ အဲ့ဒီလိုမှမဟုတ်ရင် အထိအခိုက် တော်တော်များမှာ။ ကောင်းကင်ကနေ ဗုံးလည်းကြဲတာအပြင်ကို မြေပြင်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်သေးတယ်”လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီ့ကိစ္စနဲ့ပတ်သက်ပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အမည်ရှိတဲ့လူမှုကွန်ယက်စာမျက်နှာမှာတော့ ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးသီး ၂ လုံး၊ အတွဲလိုက် ဗုံးသီး ၄ လုံး၊ ရော့ကတ်၊ ပွိုင့်ဖိုက်ကျည်တွေနဲ့ အကြောင်းမဲ့ တိုက်ခိုက်ခံခဲ့ရတဲ့အပြင် မြို့နယ်အခြေစိုက် ခလရ ၂၇၄ တပ်ကလည်း တာဝေးပစ် အမြောက်တွေနဲ့ ၄ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်စာရွက် ထုတ်ထားတာကို တွေ့ရပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်လို့ နစကဘက်ကတော့ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။

ဝုမ်းခုမ်ကျေးရွာဟာ အိမ်ခြေ ၇၀ ခန့်ရှိပြီး လက်ရှိမှာ ဒေသခံတွေအနေနဲ့ နီးစပ်ရာ တောင်ယာတွေနဲ့ အခြားရွာတွေကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့‌တွေကလည်း ထန်တလန်နဲ့ မင်းတပ်ကို အလားတူကိစ္စရပ်ကြောင့် ကျေးရွာရှိ ဘုရားစေတီ၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၄ လုံးခန့် ပျက်စီးခဲ့သေးတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #မင်းတပ်

Related posts

Leave a Comment

VOM News

FREE
VIEW