ချင်းပြည်နယ်က စစ်ဘေးရှောင်အများစု ငှက်ဖျားရောဂါဖြစ်ပွားနေပြီး ဆေးဝါးလိုအပ်ချက်ရှိနေ

ဇူလိုင် ၁၁ – ၂၀၂၃
GG (VOM)

ချင်းပြည်နယ်ထဲက ဒေသခံ စစ်ဘေးရှောင်တွေမှာ ငှက်ဖျားရောဂါဖြစ်ပွားမှု များပြားနေပြီး ဆေးဝါးမလုံလောက်မှု လိုအပ်ချက်တွေဖြစ်ပေါ်နေတယ်လို့ ချငပြည်နယ်တွင်း ဆေးကုသမှုတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ချင်းရေးရာအဖွဲ့ချုပ် ICA အဖွဲ့ဆီကနေ သိရပါတယ်။

ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ဒေသခံတွေဟာ နေရပ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင်စဥ် အမိုး ၊အကာ ၊ နေရာထိုင်ခင်း မပြည့်စုံတာ ၊လိုအပ်တဲ့ ဆေးဝါးတွေ မသုံးစွဲနိုင်တာ ၊ ကူးစက်မှုမြန်တာ စတဲ့အခက်အခဲတွေကြောင့် အခုနှစ်မိုးရာသီမှာ ငှက်ဖျားရောဂါဖြစ်ပွားသူဦးရေ အများအပြားတွေ့ရှိရတာဖြစ်တယ်လို့ သိရပါတယ်။

“ကိန်းဂဏန်းအရတော့ ပြောဖို့ခက်တယ်၊ကျနော်တို့က မိုဘိုင်းလ်ဆေးကုသတာ၊ကျနော်တို့ဆေးရုံ ဆေးခန်းမှာလာကုသတာတွေအပေါ် ကြည့်ပြီးသုံးသပ်တာပေါ့။ ဒီနှစ် ဆေးခန်းလာပြသူတွေ ၊ မိုဘိုင်းလ်ဆေးကုသမှုတွေအရ ၃၀ ရာခိုင်နူန်းလောက် ငှက်ဖျားဖြစ်နေတာ တွေ့ရတာပေါ့၊တချို့​စစ်ဘေးရှောင်တွေကကျတော့ ရွာအပြင်မှာ တဲဆောက်နေရတာတွေဖြစ်တော့ ငှက်ဖျားရောဂါဖြစ်ပွားမှုနူန်း ပိုများလာတာထင်ပါတယ်”လို့ ချင်းရေးရာအဖွဲ့ချုပ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးဆန်ကပြောပါတယ်။

လက်ရှိမှာ ငှက်ဖျားရောဂါခံစားနေရတဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးကို မြန်မာဘက်ကနေ သယ်ယူဖို့ အဆင်မပြေတာကြောင့် အိန္ဒိယဘက်ကနေသာ အဓိကတင်သွင်းကုသမှုပေးနေရတဲ့အတွက် ငွေလဲနူန်းတွေ ၊ ရံပုံငွေ လိုအပ်ချက်တွေကြောင့် ကုသဖို့အတွက် ဆေးဝါးလုံလောက်မှု မရှိဘူးလို့ ပြောပါတယ်။

လတ်တလောမှာ ငှက်ဖျားရောဂါကြောင့် စစ်ဘေးရှောင်တွေသေဆုံးတဲ့အထိ ဖြစ်ပွားတာမျိုးမရှိသေးပေမယ့်လည်း အခုကာလက မိုးရာသီဖြစ်တာက တကြောင်း ၊ ဆေးဝါးမလုံလောက်တာက တကြောင်း ၊ နေရာထိုင်ခင်း မပြည့်စုံတဲ့အခြေအနေတွေကြောင့် ငှက်ဖျားရောဂါဖြစ်ပွားမှုအခြေအနေဟာ စောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်လို့ ပြောပါတယ်။

” လောလောဆယ် ငှက်ဖျားကြောင့်သေဆုံးတဲ့အဆင့်ထိတော့ ပြောမရသေးဘူး၊အဖြစ်များလာတာပဲ ပြောလို့ရသေးတယ်။ဒါပေမယ့် အခုက မိုးရာသီရောက်ပြီဆိုတော့ ဘယ်လိုတွေဆက်ဖြစ်လာမလဲစောင့်ကြည့်ရမယ်၊စစ်ဘေးရှောင်တွေက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘာမှမသယ်နိုင်ဘဲ ထွက်ပြေးကြရတာတော့ နေထိုင်ရတာ လိုအပ်ချက်တွေရှိတာပေါ့။တစ်ယောက်ဖြစ်ရင် ၃ယောက်လောက် ဆက်ပြီးကူးတဲ့အနေအထားဖြစ်နေတာပေါ့။နေရာအနေနဲ့တော့ မြန်မာပြည်ထဲကနေရာ ပြောပြလို့တော့အဆင်မပြေဘူး။နယ်စပ်ရှိမယ်၊အခုက လိုအပ်ရင်လိုအပ်သလိုကုသမှုတွေလုပ်နေတာပါ “လို့ သူကထပ်မံပြောပြပါတယ်။

လက်ရှိမှာ ချင်းရေးရာအဖွဲ့ချုပ်အနေနဲ့ ချင်းပြည်နယ်တစ်ခုလုံးက စစ်ဘေးရှောင်တွေကို ဆေးဝါးကုသမှု မပြုလုပ်ပေးနိုင်သေးပေမယ့် ချင်း-မီဇိုးရမ်နယ်စပ် မှာ ကုတင် ၂၀ ဆံ့ လိုင်လွန်ဆေးရုံကို ဖွင့်ပြီး ဆေးဝါးကုသမှုပေးနေသလို ၊ မိုဘိုင်းလ် ဆေးကုသမှုပုံစံနဲ့လည်း လှည့်လည်ကုသမှုတွေကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်က ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါ ရောဂါဖြစ်ပွားမှု နည်းပါးပြီး ကုသမှုထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ငှက်ဖျားရောဂါ ဖြစ်ပွားမှု ပိုများလာကာာ ဆေးဝါးကုသမှုအပိုင်းကလည်း မလုံလောက်တဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

ချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ထောင်နဲ့ချီရှိနေပြီး အခု၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိမှာဆိုရင်လည်း ချင်းတိုင်းရင်းသား ၁၀၉ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ချင်း #စစ်ရှောင် #ငှက်ဖျားရောဂါ

Related posts

Leave a Comment

VOM News

FREE
VIEW