ထားဝယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း ပါးစောင်ကင်ဆာရောဂါနဲ့ ကွယ်လွန်

ဩဂုတ် ၃ – ၂၀၂၃
SN (VOM)

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း ရဟန်းဝတ်နဲ့ တိမ်းရှောင်နေတဲ့ ထားဝယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဟာ ဒီနေ့သြဂုတ် ၃ ရက် မနက်ပိုင်းက ပါးစောင်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဦးအောင်ဝင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ထားဝယ်မြို့နယ် မဲဆန္ဒနယ်ကနေ အနိုင်ရခဲ့သူဖြစ်ပြီး ဒီကနေ့မှာတော့ တိမ်းရှောင်နေရင်းနဲ့ပဲ ပါးစောင်ကင်ဆာရောဂါ နောက်ဆုံးအဆင့်နဲ့ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

“သူက ၂၀၂၁ ခုနှစ်ကတည်းက ရဟန်းဝတ်နဲ့ ရှောင်နေတာ။ သူရောဂါသည်းလာတော့ အေးအေးဆေးဆေး ဆေးကုလို့ရအောင် နစကဆီမှာ ခံဝန်ထိုးဖို့ ပြောသေးတယ်။ ဘယ်လိုမှ ပြောလို့မရဘူး။ ဒီတိုင်းပဲ အသေခံလိုက်မယ်ဆိုပြီး အခုလို ဖြစ်သွားတာ။ သူက နိုင်ငံရေးအရ သိပ်ရိုးသားတဲ့သူတစ်ယောက်၊ စိတ်ရင်းကောင်းတဲ့သူတစ်ယောက်ပါ။ သူ့ဒေသအပေါ်မှာလည်း အရမ်းကိုတိုးတက်စေချင်တာ။ လူငယ်တွေကိုလည်း တန်ဖိုးထားပြီး ဖေးမကူညီတတ်တဲ့သူတစ်ယောက်ပါ။ သူ ဒီကာလကြီးမှာ ဒီလိုကြီးထွက်သွားရတာကို အရမ်းစိတ်မကောင်းဖြစ်မိတယ်”လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဦးအောင်ဝင်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ထားဝယ်မြို့နယ် မဲဆန္ဒနယ်ကနေ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တိုင်းဒေသကြီးလွှတ်တော် ထားဝယ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)ကနေ အနိုင်ရခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

ဦးအောင်ဝင်းဟာ ထွက်ပြေးတိမ်းရှောင်ရင်း ကွယ်လွန်ခဲ့တဲ့ တနင်္သာရီတိုင်းမှ ရွေးချယ်ခံကိုယ်စားလှယ်များအနက် တတိယမြောက် ကွယ်လွန်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

“ဒေါ်တင်တင်ရီ(ကျွန်းစု) နဲ့ ဦးမြင့်စန်း(လောင်းလုံး)တို့က သွားနှင့်ခဲ့ပြီးပြီ။ အခုတော့ ‌ဦးအောင်ဝင်း(ထားဝယ်) အလှည့် ရောက်လာပြီပေါ့။ ဦးအောင်ဝင်း ကောင်းရာဘုံဘဝကို စိတ်ချလက်ချသာ သွားနှင့်ပါ။ ကျန်ရှိတဲ့ပြည်သူအတွက် တာဝန်တွေကို ကျွန်တော်တို့ တတ်စွမ်းသမျှ ဆက်လက်တာဝန်ထမ်းရွက်သွားမယ်လို့ ကတိပြုပါတယ်”လို့ သူ့ရဲ့ အသိမိတ်ဆွေတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း တိမ်းရှောင်နေရတဲ့ NLD အစိုးရလက်ထက် တနင်္သာရီတိုင်း စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း သရက်ရွက်ကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံမှာ ကွယ်လွန်ခဲ့သလို ကျွန်းစုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီဟာလည်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက နှလုံးသွေးကြောပိတ်ရောဂါနဲ့ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထားဝယ်လွှတ်တော်ကိုယ်စားလှယ် #ဦးအောင်ဝင်း #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW