ဆူးငှက်
“ခရာ… သံစုံ၊ ကျူးကျော်ညံဟုန်… စကြာပန်းညို၊ ပန်းနီ၊ ပန်းပြာ…၊ ပန်းဝါ…၊ ဪ… ပါတဲ့နေရာ
တောကွဲ့ဟေမဝါ၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး… လွမ်းပိုဖွယ်ရာ…”
တစ်ခေတ်တစ်ခါက ပြည်သူချစ်သော အနုပညာသည်ကြီးတစ်ဦးဖြစ်တဲ့ အငြိမ့်မင်းသမီး လေဘာတီမမြရင်က ၁၂၆၆ ခုနှစ်၊တော်သလင်းလမှာ မွေးဖွားတော့ ခရစ်နှစ်အလိုအရ ၁၉၀၄ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလတွေမှာပေါ့ဗျာ။ ဒီတော့၂၀၀၄ခုနှစ်မှာ လေဘာတီ မမြရင် အနှစ် ၁၀၀ ပြည့်ခဲ့တာပေါ့။ ဒီတော့ အငြိမ့်နဲ့မွေး၊ အငြိမ့်နဲ့ကြီး၊ အငြိမ့်နဲ့ ရင်ခုန်၊ အငြိမ့်နဲ့မွေ့လျော်ခဲ့ကြတဲ့ မန္တလေးသားတွေအဖို့ ရင်ထဲ နှလုံးသားထဲမှာ အငြိမ့်လွမ်းဝေဒနာတွေ ဆူဝေနေဆဲမို့ လေဘာတီမမြရင် ရာပြည့်အခါသမယကို ဘယ့်နှယ် မသိလိုက် မသိဘာသာ ကျော်ဖြတ်သွားကြပါမလဲ။
ဒီတော့”လေဘာတီမမြရင် နှစ်တရာပြည့်”ကို ဘယ်လို အထိမ်းအမှတ်ပြုကြမလဲ ဆိုတာ ခေါင်းချင်းဆိုင်မိကြတာပေါ့။ ဒီနေရာမှာလည်း ဒီကိစ္စကို စာပေပတ်ဝန်းကျင် အသိုင်းအဝန်း တစ်ခုထဲတင် ဘယ့်နှယ်လုပ် စွမ်းဆောင်နိုင်ပါမလဲ့။ တကယ်တမ်း ဆောင်ရွက်နိုင်တာက အငြိမ့်ပညာရှင်တွေလေ…။ စာပေဝန်းကျင် အသိုင်းအဝန်းက “လေဘာတီမမြရင် ရာပြည့်”ကိစ္စကို စတင်တို့လိုက်၊ထိလိုက်တော့လည်း အငြိမ့်ပညာရှင်တွေက အံ့မခန်းပါပဲ။ ဝိုင်းဝန်း အကူအညီပေးကြတယ်။
ဒါကြောင့် မန္တလေးက စာပေအသိုင်းအဝိုင်း၊ အငြိမ့်ပညာရှင် အဝန်းအဝိုင်းတို့ ပူးပေါင်းပြီး အဲဒီ ၂၀၀၄ ခုနှစ် နှောင်းပိုင်းမှာပဲ “လေဘာတီမမြရင် နှစ်တစ်ရာပြည့် မန္တလေးအငြိမ့် အလွမ်းပြေ”ဆိုတဲ့ မှတ်တမ်းဗီစီဒီကို ပျော်ပျော်ပါးပါး ဝိုင်းဝန်းကြိုးပမ်းခဲ့ကြတာပါ။ တစ်နှစ်နီးပါးလောက် ရိုက်ကူး၊တည်းဖြတ်၊ ဆင်ဆာဆိုတဲ့ လမ်းကြောင်းကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီတစ်နှစ်မှာ ရိုက်ကူးနဲ့ တည်းဖြတ်က ဘာကြာမှာလဲဗျာ…။ ကိုယ့်ခြေကိုယ့်လက်ကိုး…။ အဲ… ကိုယ်နဲ့မပတ်သက်နိုင်တဲ့ ‘ဆင်ဆာ’ဆိုတဲ့ကိစ္စကြီးကို ကျော်ဖြတ်ရတာကိုက ၁ နှစ်မက ၂ နှစ်ကျော်လာတော့ ထုံးစံအတိုင်း “ဆယ့်နှစ်လရာသီ ယွန်းပြီးကွယ့်…၊ လွမ်းတယ်တဲ့ လွမ်းတဲ့ဝေဒနာ”လို့ ခွန်းထောက် ဟစ်ရမလိုပါပဲ။ ပညာပြလိုက်ကြတာ…။ ပညာပေးလိုက်ကြတာ ပြောပါတယ်။ ဪ “အမျိုးသားရေးဆိုင်ရာ ယဉ်ကျေးမှုကိစ္စ”ဆောင်ရွက်တာမှာပင် ‘ရန်ကုန်၊ မန္တလေး’ဆိုတဲ့ ဒေသစွဲနဲ့ “ငါမလုပ်ရင် ဘယ်ဟာမှ အဟုတ်မထင်”ဆိုတဲ့ အာဃာတတွေ ရှိပါလားဆိုတာ ဝမ်းနည်းပက်လက် သဘောပေါက်ရပါတယ်။
ဒီလိုအခက်အခဲကြားက သီးပွင့်လာတဲ့ “လေဘာတီ မမြရင် နှစ် ၁၀၀ပည့် မန္တလေးအငြိမ့်အလွမ်းပြေ”က ၂၀၀၅ ခု၊ သြဂုတ်လ ၁၂ ရက်နေ့မှာ စာနယ်ဇင်းကို အသိပေးနိုင်ခဲ့ပြီး သြဂုတ်လ ၂၇ ရက်နေ့မှာ မြို့လူထုကို “နေပြည်တော်ရုပ်ရှင်ရုံ”မှာ ပြသဂါရဝပြုနိုင်ခဲ့ပါတယ်။ အဲဒီအချိန် ဝိုင်းဝန်းကူညီ ပါဝင်ခဲ့ကြသူအားလုံး ဝမ်းသာမျက်ရည် စက်လက်နဲ့ပေါ့ဗျာ…။ ကာယကံရှင်တွေက ဝမ်းသာမျက်ရည်နစ်လို့…။ လာကြည့်ကြတဲ့ မြို့လူထုမှာက “မန္တလေးအငြိမ့်”ကို နှမျောလွန်း၊ လွမ်းဆွတ်လွန်း…။ တသသဖြစ်လွန်းလို့ ငယ်လွမ်းဝေဒနာတွေနဲ့ ဝမ်းနည်းမျက်ရည်အိုင်ထွန်း…။ ကာယကံရှင်တွေနဲ့ မြို့လူထု ပွဲအပြီးမှာ မျက်ရည်တွေကိုယ်စီနဲ့ လက်ဆွဲနှုတ်ဆက် ထောပနာပြုကြပြန်တော့ ခံစားရတဲ့ ပီတိတွေဟာ အခု ၁၇နှစ်ကြာချိန်မှ ပြန်တွေးကြည့်ရင်တောင် မနေ့တနေ့ကလို ပူနွေး ဖိုလှိုက်နေဆဲပါ။
အခု… သတိတရနဲ့ အဲဒီအငြိမ့်ခွေလေး ပြန်ကြည့်မိတော့ လွန်ခဲ့တဲ့ နှစ် ၂၀ က ခံစားခဲ့ရတဲ့ ဝမ်းသာဝမ်းနည်း ပီတိ မျက်ရည်တွေလည်း သွန်ကျရဲ့…။ ထပ်ပြီး မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတာက “သင်္ခါရ”တရားကြောင့်ပါ။ ဟော… ကြည့်စမ်းပါဦး။ အဲဒီအစီအစဉ်အတွက် အသက်အရွယ်အနေနဲ့ အကြံပေးညွှန်ကြားရုံပဲ ကူညီရမယ့် စာရေးဆရာ၊ ကာတွန်းဆရာ(ဦး)ကံချွန်ဟာ လူငယ်တွေနဲ့အတူ တခါတရံ လူငယ်တွေရှေ့ကပြေးပြီး၊ ကြိုပြီး လုပ်ကိုင်ဆောင်ရွက်ပေးဖို့ ဒါရိုက်တာ တာဝန်ယူခဲ့ပါတယ်။ ကနဦးအစ စတင်ရိုက်ကူးတဲ့နေ့။ ကင်မရာ စမောင်းတော့ “မင်းတို့ဟာ အဖွင့်အနေနဲ့ ဘုရားကန်တော့ခန်း ထည့်ရမယ်။ မမြရင်က အငြိမ့်ထွက်ခါနီး ဘုရားကန်တော့ရမှာလေ…။ အဲဒီမှာ ကန်တော့ပွဲပါ တစ်ခါတည်းထည့်။ ဒီအခန်းရိုက်ရင်း အားလုံး ဘုရားကန်တော့ကြရမှာ”တဲ့…။ အဲလို တကူးတကန့်သတိပေးပြီး ဘုရားကန်တော့ခန်းကို ကင်မရာ စမောင်းမောင်းချင်း ရိုက်ကူးစေခဲ့တဲ့ ဆရာကံချွန်ဟာ တကယ်တော့ ဘာသာခြားပါ။ ဒါပေမယ့် မန္တလေးမှာ၊ မြန်မာပြည်မှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဘာသာနဲ့ တစ်ဘာသာ တစ်လျှောက်လုံး လေးစား တန်ဖိုးထားခဲ့ကြတာပါ။ အခု… ဒီအခွေလေး သတိရလို့ပြန်ကြည့်တော့ ဆရာကံချွန်မရှိတော့ပါဘူး။ ဘုရားသခင်ရဲ့အမိန့်တော်မြတ်ကိုခံယူသွားပါပြီ။ ဒီအခွေအတွက် အားတက်သရောနဲ့ “ကိုဆူး…၊ လိုသမျှပြောနော်။ တတ်နိုင်တာ အားလုံးကူညီမယ်။ “ကျွန်တော်တို့ လုပ်ရမယ့်အလုပ်တွေ ခင်ဗျားတို့ ဝင်လုပ်ပေးနေတာကိုက ကျေးဇူးတင်လှပါပြီ”ဟုဆိုခဲ့ပြီး အကူအညီတွေ အကြံဉာဏ်တွေ အများကြီးပေးခဲ့တဲ့ လမင်းတရာအငြိမ့်ပိုင်ရှင်၊ ကဗျာဆရာ၊ အာ်ပရာဆရာ မောင်မြတ်မှိုင်းလည်း တမလွန်ရောက်နေပါပြီ။
အသက်အရွယ်ကြောင့် နားနေပေမယ့် အားလုံးဝိုင်းကူနေတဲ့အချိန် ကျန်ရစ်မှာစိုးလို့ပါဆိုတဲ့ ကာကာလက်ဖက်ရည်ဆိုင် ပိုင်ရှင်အဖြစ် အိန္ဒိယအမျိုးသားဝတ်စုံအကျအနဝတ်ပြီး ပါဝင်ကူညီခဲ့တဲ့ လူရွှင်တော် ဦးကျောက်နီလည်း မရှိတော့ပါဘူး။ အလားတူပါပဲ ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ကြားက လူငယ်တွေနဲ့အပြိုင် သွက်သွက်လက်လက် ပျက်လုံးထုတ်ကာ တသောသော ရယ်မောစေရတဲ့ လူရွှင်တော်ကြီး ဦးသိန်းဆုလည်း ကွယ်လွန်ခဲ့ပါပြီ။ အဲဒီကာလ ပါဝင်လှုပ်ရှားကြသူတွေထဲမှာ အသက်အရွယ် အကြီးဆုံး ဆိုသော်ငြား သွက်သွက်လက်လက်၊
မားမားမတ်မတ်နဲ့ အတိမ်းအစောင်းဖြစ်၊ လိုအပ်မှုဖြစ်သွားမှာစိုးလို့ မနက်မိုးလင်းက မိုးချုပ်အထိ လုပ်ဖော်ကိုင်ဖက် သဘင်ပညာရှင်များနှင့်သာမက ဦးဆောင်သူ လူငယ် စာပေသမားတွေနဲ့အထိ ရင်းနှီးပျော်ရွှင်ပျော်ဝင်ကာ စိုးရိမ်ကြီးစွာနဲ့ သတိပေးနေတတ်တဲ့ လူရွှင်တော်ကြီး ဦးပေါစံလည်း ကွယ်လွန်ခဲ့ပါပြီ။
ကျွန်တော်တို့ ငယ်စဉ်ကာလ အငြိမ့်ပွဲတွေစွဲလန်းတဲ့အထဲမှာ လူရွှင်တော်ဒီပါရဲ့မင်းသားအကလည်း ပါပါတယ်။ သံစည်ပိုင်းထဲကနေ ခုန်ပြီး သံစည်ပိုင်းနှုတ်ခမ်းမှာရပ်ပြီး က ကာ ကြမ်းပြင်နဲ့ စည်ပိုင်းနှုတ်ခမ်း တက်လိုက်၊ ဆင်းလိုက်နဲ့ သွက်သွက်လက်လက် ကင်ခဲ့တဲ့ လူရွှင်တော်ကြီး ဦးဒီပါကလည်း လေဘာတီမမြရင်အငြိမ့် အလွမ်းပြေမှာ အသက်အရွယ် ကြီးရင့်ပေမယ့် ခုန်ပေါက်ပြေးလွှား ပက်လုံးထုတ်နိုင်ခဲ့ပါတယ်။ ဟော… လူရွှင်တော်ကြီးဦးဒီပါ ဆုံးပါးသွားခဲ့ပါပြီ။ အလားတူ ပါဝင်ကူညီခဲ့တဲ့ သက်ကြီးဝါကြီး လူရွှင်တော်ကြီး ဦးရန်အောင်လည်း ဆုံးပါးသွားပါပြီ။
ဒီအငြိမ့်ခွေအစီအစဉ်လေးဖြစ်မြောက်ဖို့ “မန်းတောင်လက်ျာ”ဆိုတဲ့ ထုတ်လုပ်ရေးနာမည်နဲ့ နောက်ကွယ်က ငွေအား၊ လူအား၊ စေတနာအားနဲ့ကူညီရုံမက လူငယ်တွေနဲ့ လူကြီးတွေကြား အကွာအဟမရှိရေး ကြားဝင်ပေးခဲ့တဲ့ ထုတ်လုပ်သူအဖွဲ့ဝင် ကိုရွှေပြည်စိုးလည်း မိသားစုနဲ့ သူချစ်တဲ့ အနုပညာအသိုင်းအဝန်းနဲ့ ခွဲခွာသွားတာ ကြာပါပြီ။
ဒီအငြိမ့်ခွေလေး ထွက်ထွက်ချင်း ဦးဦးဖျားဖျားကြည့်ပြီး မကျန်းမာတဲ့ကြားက မမြရင်သီချင်းတွေလိုက်ငြီး၊ တီးလုံး တီးကွက်လေးတွေကို လက်နဲ့စည်းလိုက်ကာ ဝမ်းသာအားရဖြစ်၊ အငြိမ့်ခွေအကြောင်း တဖွဖွပြောခဲ့တဲ့ ဒေါ်ဒေါ် လူထုဒေါ်အမာလည်း မရှိတော့ပါဘူး။ ဒီအငြိမ့်ခွေနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးလိုလိုဟာဒေါ်ဒေါ်ရဲ့ နာမည်ကျော် “ပြည်သူချစ်သော အနုပညာသည်များ”စာအုပ်ထဲက ရရှိခဲ့တာပါ။ ဒီအငြိမ့်ခွေလေးကြည့်ပြီး ကျွန်တော့်ကို “မင်းအသက်နဲ့ဆို မမြရင်ကို မမှီပါဘူး။ ဒီအချက်အလက်တွေကို မင်းမို့ရှာရှာဖွေဖွေ ဘယ်ကရတာလဲ”လို့မေးတော့ ကျွန်တော်က “ဟာ…ဒေါ်ဒေါ်ကလည်း အဲဒါတွေက ဒေါ်ဒေါ့် ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ထဲကလေ…”လို့ဖြေတာနဲ့ “ဟဲ့… အဲဒါတွေ ငါရေးခဲ့ဖူးသလား”ဆိုပြီး ရယ်လိုက်တာ မျက်ရည်များထွက်လို့…။
၂၀၀၄ခုနှစ်ဝင်ဘာလ ၁၁ ရက်နေ့မှာ မမြရင်ရဲ့ဇာတိရွာ၊ ရွှေဖလားကန်ကို မှတ်တမ်းဗီဒီယိုသွားရိုက်တော့ ရွာက အသက် ၈၀ ကျော်အရွယ် မမြရင်ရဲ့ညီအစ်ဝမ်းကွဲ ဒေါ်လှငွေနဲ့တွေ့တော့လည်း ဒေါ်ဒေါ်လူထုဒေါ်အမာကို တခုတ်တရ မေးပါသေးရဲ့။ အခု ဒီအငြိမ့်ခွေလေး ပြန်ကြည့်ချိန် ဒေါ်ဒေါ် လူထုဒေါ်အမာ လည်း မရှိတော့ပါဘူး။
တစ်ခါ… အငြိမ့်ခွေလေးကို လှမ်းပို့လိုက်တော့ ကြည့်ပြီးတာနဲ့ ဖုန်းဆက်ပြီး ဝမ်းသာစကားတွေပြော…။ ဒီခွေကို ကြိုက်တတ်တဲ့ မိတ်ဆွေတွေဆီ ပြည်တွင်းသာမက၊ ပြည်ပထိပို့ပေး…။ သဘောကျတဲ့ မိတ်ဆွေတွေက ဆုချတာတွေကို ကြားက အကျိုးဆောင်ပေးတတ်တဲ့ ဆရာ လူထုဦးစိန်ဝင်းလည်း မရှိတော့ပါဘူး။
အမှတ်တရဖြစ်စရာ နောက်တစ်ခုက မန္တလေးရောက်တုန်းရောက်ခိုက် ကျွန်တော်တို့ အဓမ္မချောဆွဲတော့ မငြီးမငြူ မေတ္တာနဲ့ အစအဆုံးကူညီခဲ့တဲ့ စွယ်စုံရ အနုပညာရှင်ကြီး အကယ်ဒမီသုမောင်လည်း အနုပညာလောကကြီးမှာ မရှိတော့ပါဘူး။ ကျွန်တော်တို့မှာ မင်းသားကြီးအပေါ် ကျေးဇူးမသိတတ်လိုက်ပုံက အနုပညာကြေးဆိုတာ ဝေလာဝေး။ ခွေကလေးမျှပင် လက်ဆောင်မပေးခဲ့ကြပါဘူး။ ဒါပေမယ့် မင်းသားကြီးက စိတ်မခုဘဲ ပြုံးပြုံးလေးနဲ့ “လေဘာတီမမြရင်ခွေလေး ကြည့်ချင်သားဗျာ”လို့ပဲ ပြောရှာပါတယ်လေ…။
ရှေးသမားစဉ် အငြိမ့်တီးလုံးတွေ ရှာဖွေပေး၊ ရှေးအငြိမ့်က အုပ်စုံချောင်အတိုင်း တူရိယာပစ္စည်းတွေဆင်ပေး…။ ဒါမျှမက ရှေးကပွတ်လုံးဆိုင်းဝိုင်းကိုပင် ရအောင် ရှာဖွေပေးခဲ့တဲ့ ပတ္တလား မောင်းဆိုင်းဆရာ ဦးလှအောင်၊ ဦးမြဝင်း၊ ကြေးတီး ကိုသန့်စင်၊ ဒိုးတီး ဦးညွန့်တင်၊ ကိုသန်းမောင်၊ အုပ်စုံ ကိုစန်းမောင်တို့လည်း တစ်ဦးတစ်လေကလွဲလို့ ကျန်သူတွေ တိမ်းပါးကုန်ကြပြီပေါ့။ သူတို့ကျေးဇူးကလည်း မနည်းလှ…။
စင်ပေါ်မှာ ကိုယ်တိုင်ကိုယ်ကျ မပါဝင်ခဲ့ပေမယ့် စင်အောက် နောက်ကွယ်က အနုပညာအကြံဉာဏ်တွေ ပေးခဲ့တဲ့ လူရွှင်တော်ကြီး ဦးထင်ပေါ်ကတော့ ကျန်းကျန်းမာမာ နဲ့ လက်ကျန် လူရွှင်တော်ကြီး ဦးချစ်စရာနဲ့ တွဲဖက်ကာ အနုပညာအလုပ်တွေ နဲ့ ရေစက်ဆုံဆဲမို့ ဝမ်းသာလှပါဘိ။ အစ်မကြီး ရွှေမန်းသူမြင့်မြင့်သန်း၊ ပန်တျာဌေးဌေးမြင့်နဲ့ တူမ ပန်တျာ ယမင်းအောင်တို့ကတော့ မန္တလေးအငြိမ့်ရဲ့ အသက်ငင်ဆဲအချိန်မှာ အမာခံအင်အားတွေအဖြစ် ကြံ့ကြံ့ခံ အားတင်း အံကြိတ်နေကြဆဲမို့ ဂုဏ်ယူမိပါတယ်။
ကိုင်း…ကောဇာသက္ကရာဇ် ၁၃၈၅ခုနှစ် တော်သလင်းလမှာ လေဘာတီမမြရင် ၁၁၉ နှစ်ပြည့်ပါပြီ။ ဒီကာလ ဒီအချိန်မှာ အငြိမ့်အပါအဝင် သဘင်အနုပညာအလုပ် အားလုံး ရပ်နားခဲ့ရတာ ၄နှစ်၄မိုးရှိကာ ဘဝတွေ လုံးပါးပါးခဲ့ကြတာမို့ အားလုံးဟာ အတိတ်ကို လွမ်းဆွတ်တသကြရုံပဲ တတ်နိုင်တော့တာပေါ့။
“ နန်းရှေ့တင်က မန္တလေးသဘင်ကွ၊ ပြောပြောပြသူ တစ်ပြည်မူ
နန်းရှေ့တင်တင့်၊ မန္တလေးသဘင်ရှင့်၊ သင်းသင်းမွှေးတဲ့ ရွှေမဉ္ဇူ၊ လေလေယူသွေး၊
မွှေးလို့ကြူ
ရွှေပြည်စိုး၊ ရွှေပြည်စိုး၊ ရွှေပြည်စိုး…၊ လွမ်းပိုဖွယ်ရာ…” တဲ့လေ…။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး