စက်တင်ဘာ ၇-၂၀၂၃
GG (VOM)
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်သွယ်မှုလုပ်တဲ့နေရာမှာ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံနဲ့ ကြက်သွန်နီ နဲ့ ရေချို၊ ရေငန်ငါးမျိုးစုံကို မောင်တောကုန်သွယ်ရေးစခန်းကနေ တင်ပို့ခွင့်မပြုတော့ဘဲ စစ်တွေကုန်သွယ်ရေးစခန်းကသာ တင်ပို့ရမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
လယ်ယာထွက်ကုန်ပစ္စည်းတွေကို စစ်တွေကုန်သွယ်ရေးစခန်းကနေ တင်ပို့ခြင်းက နှစ်နိုင်ငံ ကုန်သွယ်မှု ပိုပြီးလုပ်နိုင်လို့ အကျိုးထိရောက်မှုရှိပေမယ့် ရေထွက်ကုန်ပစ္စည်းတွေကတော့ အရည်အသွေးပိုင်းဆိုင်ရာမှာ အခက်အခဲတွေရှိနိုင်တယ်လို့ မောင်တောနယ်စပ်ကုန်သည်(၁)ဦးကပြောပါတယ်။
” မောင်တောနဲ့ဆိုရင် တစ်ရက်ကို ၁၀ စီးပို့နိုင်ရင် စစ်တွေကနေ အစီး၂၀ ပို့နိုင်တယ်ပေါ့။ဒီထက်မက ပို့နိုင်အောင် စဥ်းစားတာမှန်တယ်၊ငါး တို့ကျ အဆင်မပြေလောက်ဘူး အခက်အခဲရှိနိုင်မယ် စိုးရိမ်တာပေါ့ ၊အရည်အသွေးပိုင်းပေါ့၊ စစ်တွေကနေ ဘင်္ဂလားဒေ့ရှ်ကို လမ်းခရီးကဝေးတယ် ၊မောင်တောက နီးတယ် လမ်းခရီးက ၁ နာရီလောက်ပဲ၊စစ်တွေကကျတော့ အနည်းဆုံး ၁၀ နာရီသွားရတယ်၊ ဒီရေတက်ရင်လည်းအခြေအနေစောင့်ကြည့်ရတယ်။ တစ်ရက်လောက်အချိန်ယူရတာပေါ့။ ကုန်ခြောက်ကအဆင်ပြေတယ် ဒီထက်မကပိုပြီးပို့နိုင်မယ်။စစ်တွေကို ရန်ကုန်တို့ တခြားနေရာကနေ ကုန်ပစ္စည်းပို့တာကျ ရောက်တာမြန်တယ်ပေါ့။ မောင်တောကဝေးတယ်၊ကားလမ်းကြောင်းကုန်ကျမှုကလည်း စစ်တွေကသက်သာတယ် ” လို့ မောင်တော နယ်စပ်ကုန်သည်(၁)ဦးက သုံးသပ်ပြောပါတယ်။
ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ စစ်တွေကုန်သွယ်ရေးစခန်းကနေ ရေထွက်ကုန်တင်ပို့မှုအခြေအနေကို စောင့်ကြည့်ပြီး အကယ်၍ အဆင်မပြေပါက မောင်တောကုန်သွယ်ရေးစခန်းကနေ ပြန်လည်တင်ပို့ခွင့်ပြုပေးဖို့ လိုအပ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က ရေထွက်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စျေးမှာရှိတဲ့ ပွဲရုံတွေကနေ တဆင့်ရောင်းချနေရတာဖြစ်ပြီး စျေးကွက်ကခိုင်မာမှုမရှိသလို စျေးနူန်းလည်းအတိအကျမရှိဘူးလို့သိရပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုအနေနဲ့ ရခိုင်ပြည်နယ်မှာ တောင်ကုတ်၊ စစ်တွေကုန်သွယ်ရေးစခန်းနဲ့ မောင်တောကုန်သွယ်ရေးစခန်း ရှိပေမယ့် စစ်တွေနဲ့ မောင်တော ကုန်သွယ်ရေးစခန်း ၂ ခုသာ ကုန်သွယ်မှုရှိတယ်လို့ သိရပါတယ်။
စစ်တွေ ကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ရှ်ကို အခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့ကနေ ဩဂုတ်လ အထိဆိုရင် ပိုကုန်ပစ္စည်း ၁.၄၈၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေနဲ့က ၀.၈၃၃ သန်းဖိုး ရှိခဲ့တယ်လို့ သိရပါတယ် ။
မောင်တောစခန်းကနေ ဘင်္ဂလားဒေ့ရှ်ကို အခု ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့ကနေ ဩဂုတ်လ အထိဆိုရင် ပို့ကုန်က ၄.၅၃၃ သန်းနဲ့သွင်းကုန်က ၀.၁၃၄ သန်းဖိုးရှိခဲ့တယ်လို့ ဝန်ကြီးဌာနစာရင်းအရသိရပါတယ်။
Photo -မောင်တောကုန်သွယ်ရေးနယ်စပ်စန်းမှကုန်သွယ်မှု
#voiceofmtanmar #VOM #ရေထွက်ပစ္စည်း #ကန့်သတ်ချက် #အခက်အခဲ