တရုတ်ဘက်ကို တစ်ခါသုံးကဒ်နဲ့ ဝင်လာသူတွေ သတ်မှတ်ချက်အတိုင်း လိုက်နာရင် အလုပ်လုပ်လို့ရတဲ့ QR Code ထုတ်ပေးမယ်

စက်တင်ဘာ ၇၊ ၂၀၂၃
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မြို့ရှိ တရုတ် – မြန်မာ နှစ်နိုင်ငံ ဂိတ်တွေ ကနေ တရုတ်ဘက်ကို (၆)ညအိပ် (၇)ရက် လည်ပတ်ခွင့် တစ်ခါသုံး တစ်ပတ်ကဒ်နဲ့ ဝင်လာသူတွေအနေနဲ့ တရုတ်ဘက်က သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရင် အလုပ်လုပ်လို့ရတဲ့ QR Code ထုတ်ပေးမှာဖြစ်တယ်လို့ တရုတ်ဘက်က ထုတ်ပြန်စာ နဲ့ နယ်စပ်ဒေသခံ တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“အလုပ်လုပ်လို့ ရမလိုလို ဆိုတာက ဒီဘက်မှာ နေရင်သူတို့က QR ထုတ်ပေးမယ်။ တရုတ် – မြန်မာ ဆက်ဆံရေးက နဂိုထက် ပိုပြီးတော့ အခုက ကောင်းလာတယ်။ ဒီဘက်က ခရိုင်ရဲဌာနကနေပြီးတော့ ပြည်သူ့ လုံခြုံရေးဌာနကနေ QR လေးတွေ ထုတ်ပေးတယ်။ သူတို့ရဲ့ဒေတာတွေကို ယူသွားပြီး QR ထုတ်ပေးထားတယ်။ အဲ့ဒီQR လေးတွေနဲ့ အလုပ်လုပ်နေကြတာ”လို့ ရွှေလီမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ၁ ဦးက ပြောပါတယ်။

ကိုဗစ်ကာလက ကတည်းက တရုတ်ဘက်မှာရှိနေတဲ့ နေထိုင်ခွင့် သက်တမ်းလွန် မြန်မာနိုင်ငံသားတွေကိုလည်း တရုတ်နယ်စပ်အာဏာပိုင်တွေက နားလည်မှုနဲ့ QR Code ထုတ်ပေးထားပြီး အဲဒီ QR Code နဲ့ အလုပ်လုပ်လို့ ရတယ်လို့ သူက ပြောပါတယ်။

တစ်ခါသုံး ၇ ရက်တစ်ပတ်ကဒ် ရဲ့တကယ့် သတ်မှတ်ချက်တွေက အလုပ်လုပ်ပိုင်ခွင့် မရှိပေမယ့် တရုတ်ဘက်က နားလည်မှုနဲ့ ဖြေလျှော့ ဆောင်ရွက်ပေးတာလို့ သိရပါတယ်။

“အခန်းငှားတယ်ဆိုရင် အိမ်ရှင်ရဲ့မှတ်ပုံတင် လိုမယ်။ ကိုယ့် ဒီ ၇ ရက်ကဒ် ဘာသာပြန် လိုမယ်။ မှတ်ပုံတင် ဘာသာပြန်တွေလိုမယ်။ အဲဒါတွေ လုပ်ပြီးပြီဆိုတာနဲ့ ရဲစခန်းမှာ သွားလျှောက်၊ ရဲစခန်းမှာ သွားလျှောက်လိုက်မယ်ဆိုရင် ရဲစခန်း ကနေမှ အဲ့ဒီ အချက်အလက်တွေကို သူတို့ကယူပြီး QR လေး ထုတ်ပေးတယ်။” လို့ ရွှေလီမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ၁ ဦးက ရှင်းပြပါတယ်။

တရုတ်ဘက်က နယ်ခံတွေ၊ အလုပ်ရှင်တွေနဲ့ အချိတ်အဆက်လုပ်ပြီး ဝင်လာသူတွေကတော့ ပိုအဆင်ပြေတယ်လို့သိရပြီး စဝင်လာတာနဲ့ ဧည့်စာရင်းပုံစံ QR Code လျှောက်ဖို့လိုကာ အဲဒီ အတွက် တရုတ်ငွေ ယွမ် ၁၀၀ ကျသင့်မှာဖြစ်တယ်လို့ နယ်စပ် ကုန်ဂိတ်လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။

“တစ်နှစ်စာ ရတာပေါ့နော်။ ဧည့်စာရင်း ပုံစံပေါ့နော်။ အဲ့ဒီQR Code ကို လုပ်ရတယ်။ QR Code လုပ်ပြီးလို့ရှိရင် ကျနော်တို့ ၇ ရက်ကဒ်ထဲမှာ ၆ ညအိပ် ၇ ရက်ဆို ပြန်ထွက်၊ ပြန်လုပ်။ အဲ့ဒီလိုမျိုး ရက်တွေ ကျော်လို့ရှိရင်တော့ ဖမ်းတာတို့ ပြုတာတို့ လုပ်မှာပေါ့။တရုတ်ဘက်မှာ ဖမ်းမိရင်တော့ ဒဏ်ကြေးရိုက်တာတွေ၊ မြန်မာနိုင်ငံ ပြန်ပို့တာတွေ ရှိပြီး မြန်မာဘက် ပြန်ပို့ခံရရင်တော့ တရုတ်ဘက် ဝင်ခွင့် ပိတ်ခံရတာတွေ ရှိတယ်” လို့ သူက ရှင်းပြပါတယ်။

အဲဒီ တစ်ခါသုံးကဒ်ကို တပတ်တခါ လဲရန်၊ ရွှေလီမှာ နေထိုင်မယ်ဆိုရင် ကိုယ်နေထိုင်တဲ့ ရဲ စခန်းမှာ အချက်အလက် အပြည့်အစုံ နဲ့ ဧည့်စာရင်းလာတိုင်ရန်၊ ဧည့်စာရင်းတိုင်တာနဲ့ QR Code ထုတ်ပေးမှာဖြစ်ပြီး ဧည့်စာရင်းနဲ့ QR Code အတွက် အခမဲ့ ဆောင်ရွက်ပေးတာပြီးရက် ဧည့်စာရင်းတိုင်တာ‌ပြုလုပ်ရမှာဖြစ်ပြီး
QR Code ရပြီးရင် ဟိုင်ကွမ်း (နိုင်ငံခြားသား အကူအညီပေးရေးနဲ့ အုပ်ချုပ်ရေးစင်တာ) မှာ လာပြီး စာရင်းသွင်း လက်ဗွေနှိပ်ရန်၊ အဲဒီ စည်းကမ်းချက်တွေ လိုက်နာမှု မရှိရင် အပြစ်ပေး အရေးယူခံ ရမှာဖြစ်တယ်လို့ တရုတ်ဘက်က အသိပေး ကြေညာစာ ထုတ်ထားပါတယ်။

Photo- Shy V(VOM)
#voiceofmtanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW