စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၃
SP( VOM)
မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ သားကျင်းကျေးရွာအနီး ငါန်းဇွန် – ငါးမြာကားလမ်းဘေးမှာ မနေ့ စက်တင်ဘာ ၁၀ ရက်နေ့ကသတ်ဖြတ် စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၄ လောင်း တွေ့ခဲ့ရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” အသတ်ခံထားရတဲ့သူတွေက အသက် ၃၀ နဲ့ ၄၀ ကြား ၊ အမျိုးသားတွေ ဖြစ်တယ် ၊ သေဆုံးသူ ၄ ယောက်စလုံးက သေနတ်ကျည်ဆံ ဖောက်ဝင်ဒဏ်ရာတွေနဲ့ ဖြစ်တယ် ၊ ဘယ်ရွာက ဘယ်သူတွေဖြစ်တယ်ဆိုတာ မသိရသေးဘူး “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ တံတားဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က” သားကျင်းရွာရဲ့ အနောက်ဘက် ၁ မိုင်လောက်ဝေးတဲ့နေရာမှာ အဲ့ဒီ စွန့်ပစ်ထားတဲ့ အလောင်းတွေတွေ့ရတာဖြစ်တယ် ၊ စက်တင်ဘာ ၉ ရက် မနက်ပိုင်းက အမည်မသိ (စုံစမ်းနေဆဲ) လက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားတယ် ၊ အမှုဖွင့်စစ်ဆေးနေတယ် “လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက် ညနေပိုင်းက အဲ့ဒီ သားကျင်းရွာမှာ ၄ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
အဲ့ဒီ ၄ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး သားကျင်းရွာခံ တယောက်က “အရင်ဆုံး အသတ်ခံရတာက ရွာအဝင် တောစပ်မှာ နွားကျောင်းနေတဲ့ ကိုဖုန်းတင့် ၂၀ နှစ် ၊ နောက်ပြီး အဲ့ဒီ ရွာထဲဝင်ရောက်လာကာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ညီတော်စပ်သူ ဦးဟန်လင်း ၅၄ နှစ် ဆိုသူကို သူ့ရဲ့နေအိမ်ထဲမှာ ပစ်သတ်တယ် ၊ အဲ့ဒီနောက် ရွာအရှေ့ပိုင်း ကုန်စုံဆိုင်မှာ ဒေါ်လှလှ ၄၈ နှစ်နဲ့ မယဥ်မွန်ဇော် ၂၅ နှစ်တို့ ၂ ယောက်ကို ရွာလည် ဘောလုံးကွင်းထဲအရောက်မှာ ပစ်သတ်သွားတာ “လို့ ပြောပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါးဇွန်မြို့နယ် ၊ နတ်ကြီးကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက် ညနေပိုင်းက လက်ဖက်ရည်ဆိုင်ပိုင်ရှင် မိသားစု အသတ်ခံရလို့ ၃ ဦးသေ ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
ငါးဇွန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၁ လအတွင်း ၄ လောင်းပြိုင် လူသတ်မှုဖြစ်စဥ် ၂ ကြိမ်နဲ့ ၃ လောင်းပြိုင် ဖြစ်စဥ် ၁ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ လူ ၁၁ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ငါန်းဇွန်