စက်တင်ဘာ ၁၂ – ၂၀၂၃
SN (VOM)
လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ အချိန်ပိုင်း လျှပ်စစ်မီး ပေးဝေတဲ့စနစ်ကြောင့် လတ်တလော ချက်ရေးပြုတ်ရေးမှာ အသုံးများလာတဲ့ အိမ်သုံး LPG ဂတ်စ်တွေဟာ ပြီးခဲ့တဲ့လကထက် ငွေကျပ် ၁၀၀၀ ဝန်းကျင် ဈေးထပ်တက်လာနေတယ်လို့ အိမ်သုံးဂတ်စ်အရောင်းဆိုင်တွေနဲ့ အသုံးပြုသူတွေဆီက သိရပါတယ်။
ချက်ပြုတ်ရာမှာ အသုံးများလာပြီဖြစ်တဲ့ အိမ်သုံးဂတ်စ် ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ၁ ပိဿာကို ငွေကျပ် ၅၀၀၀ ကျပ်ဝန်းကျင် ရှိခဲ့ရာက အခုစက်တင်ဘာလထဲမှာတော့ ၁ ပိဿာကို ၆၀၀၀ ကျပ်နှုန်းအထိ ဈေးထပ်တက်လာတယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ လဝက်လောက်ကစပြီး ဈေးထပ်တက်လာတာပါ။ အဓိကကတော့ ငွေလဲနှုန်းမငြိမ်တာကြောင့်ပေါ့။ ထိုင်းဘတ်ငွေလဲနှုန်းတွေက ပြီးခဲ့တဲ့လက ၁၀၀ ကျော်အထိ တက်သွားတာလေ။ အခုက ပြန်ကျလာတယ်ဆိုပေမယ့် ဝယ်တုန်းက အမြင့်ဈေးနဲ့ ဝယ်ထားရတာဆိုတော့ ဂတ်စ်ဈေးက ငွေဈေးကျသလို ချက်ချင်းပြန်မကျနိုင်သေးတာပါ။ ဘတ်ဈေးကလည်း ကျတယ်ဆိုပေမယ့် ဈေးကမငြိမ်သေးဘူးလေ”လို့ အိမ်သုံး၊ ဆိုင်သုံး ဂတ်စ်အရောင်းဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
အိမ်သုံးဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံက အများစုတင်သွင်းရောင်းချတာဖြစ်တဲ့အတွက် ထိုင်းဘတ်ငွေလဲလှယ်နှုန်းမြင့်တက်မှုကြောင့် ဂတ်စ်တင်သွင်းမှုတွေလည်း လျော့ကျခဲ့ပြီး ဈေးနှုန်းမြင့်တက်လာတာလို့ ဂတ်စ်တင်သွင်းရောင်းချသူတွေက ပြောပါတယ်။
အိမ်သုံးဓာတ်ငွေ့တွေဟာ မြန်မာနိုင်ငံမှာ ထွက်ရှိပေမယ့်လည်း တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ လုံလောက်မှုမရှိတဲ့အတွက် ပြည်ပနိုင်ငံတွေဆီက တင်သွင်းနေရခြင်းဖြစ်ပြီး မြဝတီနယ်စပ်လမ်းကြောင်းကနေ တဆင့်တင်သွင်းတာရှိသလို အင်ဒိုနီးရှားကနေ ဂတ်စ်တင်ပို့တဲ့သင်္ဘောတွေနဲ့ ရန်ကုန်ဆိပ်ကမ်းကတဆင့် ဝင်ရောက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
“အိမ်သုံးဂတ်စ်ဈေးက အရင်က ၁ ပိဿာဈေးကို ၄၅၀၀၊ အဲ့ဒီကနေမှ ၅၀၀၀ ၊ ၅၅၀၀ ၊ အခု ၆၀၀၀ ဈေးကို ရောက်လာတာ။ ဈေးရောင်းနေတော့လည်း မသုံးမဖြစ်လို့သာ သုံးနေရတာ။ တဖြည်းဖြည်း ဈေးတက်လာတော့ တွက်ခြေသိပ်မကိုက်တော့ဘူး။ မီးသွေးမီးဖိုကျတော့လည်း မီးသွေးထည့်၊ မီးမွှေးအုံးနဲ့ အလုပ်ရှုပ်တယ်လေ။ အဲ့ဒါကြောင့် ဂတ်စ်မီးဖိုကို သုံးနေတာ” လို့ ရှမ်းအစားအစာအရောင်းဆိုင် ဖွင့်လှစ်ထားသူတဦးက ပြောပါတယ်။
အိမ်သုံးဂတ်စ် လက်ကားဈေးအနေနဲ့လည်း အရောအနှောမပါ အသန့် 48 kv တအိုးမှာ ပိဿာချိန်အနေနဲ့ ၂၈ ပိဿာမှ ၂၉ ပိဿာခွဲအထိ ရှိတဲ့ ဂတ်စ်အိုးတအိုးကို ပြီးခဲ့တဲ့သြဂုတ်လက ၁၃၀၀၀၀ ကျပ် ရှိရာကနေ အခုစက်တင်ဘာလမှာတော့ ငွေကျပ် ၁၅၆၀၀၀ အထိ ဈေးတက်လာကာ အရောပါတဲ့ အိမ်သုံးဂတ်စ်အမျိုးအစား 48 kv တအိုးကို ပြီးခဲ့တဲ့လက ၁၂၄၀၀၀ ကျပ် ရှိခဲ့ရာက အခုစက်တင်ဘာလမှာ ၁၂၅၀၀၀ ကျပ်အထိ ဈေးတက်လာတယ်လို့ သိရပါတယ်။
လက်ရှိမှာ ထိုင်းဘတ် ၁ ဘတ်ကို မြန်မာငွေ ၉၈ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေပြီး ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းအများစုက ဈေးနှုန်းတွေမြင့်တက်နေတာပါ။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာကလည်း မီးဖိုချောင်သုံး LPG ဂက်စ် ပြတ်လပ်ပြီး ဈေးတက်ခဲ့တာကြောင့် တပိဿာကို ကျပ် ၈၀၀၀ ဝန်းကျင်အထိ အမြင့်ဆုံးရောက်ရှိသွားခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အိမ်သုံးဂတ်စ်ကို ပြည်ပကနေ တန်ချိန် ၁၂၀၀၀ ခန့် မှာယူတင်သွင်းနေရတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #အိမ်သုံးဂတ်စ် #ဈေးနူန်းမြင့်တက်လာမှု