မျိုးဆက်(VOM)
စက်တင်ဘာ-၁၃-၂၀၂၃
လွန်ခဲ့တဲ့ နှစ်အတန်ကြာအချိန်ကတည်းက ကမ္ဘာ့နျူကလီးယားအင်အားကြီး နိုင်ငံအချို့ဟာ အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်လို လက်နက်သစ်တွေ တီထွင်ထုတ်လုပ်ရေးမှာ အပြိုင်အဆိုင်ဖြစ်လာကြပါတယ်။
လက်ရှိချိန်ထိ Hypersonic cruise missiles (HCMs) နဲ့ Hypersonic glide vehicles (HGVs) တို့ထုတ်လုပ်ရေးမှာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့က လက်ရှိအချိန်ထိ ဦးဆောင်နေပြီး တောင်အာရှဒေသမှာတော့ အိန္ဒိယနိုင်ငံကလည်း ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။
လက်ရှိကာလရဲ့ စစ်မြေပြင်အနေအထားဟာ လက်နက်တွေရဲ့အမြန်နှုန်းနဲ့တိကျမှုတို့က အရေးပါလာတာကြောင့် အသံထက်မြန်တဲ့နှုန်းနဲ့ နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်တွေကို သယ်ဆောင် ပစ်ခတ်နိုင်တဲ့ ဟိုက်ပါဆိုးနစ်လက်နက်တွေကို ခေတ်သစ်စစ်မြေပြင်ရဲ့ လိုအပ်ချက်အရ အင်အားကြီးနိုင်ငံတွေက ပိုင်ဆိုင်ချင်နေကြတာဖြစ်ပါတယ်။
နျူကလီးယားတိုက်ခိုက်မှုနဲ့ ဟန့်တားခြင်းတွေမှာ အမြန်နှုန်းဟာ အရေးပါတဲ့ အချိုးကျမှု သဟဇာတဖြစ်မှုလည်း ဖြစ်ပါတယ်။ ။၁၉၅၀ ပြည့်အလွန်နှစ်တွေအတွင်း တိုက်ချင်းပစ်ဒုံးကျည် (ICBMs) တွေပေါ်လာပြီးနောက် ပစ်ခတ်တိုက်မှုတွေပြုလုပ်ရာမှာ ပစ်မှတ်ကိုရောက်ရှိရန် ကြာမြင့်ချိန်ကို ချုံ့နိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် တိုက်ချင်းပစ်ဒုံးကျည်(ICBMs) တိုက်ခိုက်လာခြင်းတွေကို စောလျင်စွာ ထောက်လှမ်းသိရှိပြီး ကြားဖြတ်တိုက်ခိုက်နိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေ အသုံးပြုလာကြတာကြောင့် တိုက်ချင်းပစ်ဒုံးကျည်တွေထက် ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ ထုတ်လုပ်ပိုင်ဆိုင်နိုင်ရေးဟာ အင်အားကြီးနိုင်ငံတွေအကြား ပြိုင်ဆိုင်မှု ပြင်းထန်လာနေပါတယ်။
ဟိုက်ပါဆိုးနစ်လက်နက်တွေဟာ ရှိနှင့်ပြီးသား တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBMs) တွေထက် အဓိက အားသာချက်တခုကတော့ သူတို့ကိုခြေရာခံခြင်းနဲ့ ကြားဖြတ်ဟန့်တားခြင်းတွေကို ရှောင်လွှဲနိုင်စွမ်းရှိတာဖြစ်ပါတယ်။
အမေရိကန်ဟာ ၂၀၁၁ ခုနှစ်မှာ ပထမဆုံးဟိုက်ပါဆိုးနစ်လက်နက်ကို စမ်းသပ်အောင်မြင်ခဲ့ပြီး ကီလိုမီတာ ၃၇၀၀ အကွာအဝေးရှိ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသံထက်မြန်နှုန်း Mach 20 ရှိတဲ့ Falcon Hypersonic Technology ကိုလည်းတီထွင်ခဲ့ပြီး Mach 5 မြန်နှုန်းရှိတဲ့ HAWC ကိုလည်း ဖန်တီးဖို့ ကြိုးစားနေပါတယ်။
ရုရှားကလည်း Avangard ဟိုက်ပါဆိုးနစ်လက်နက်ကို ဖြန့်ကြက်ထားပြီဖြစ်ကာ Mach 10 မြန်နှုန်းနဲ့ ကီလိုမီတာ ၁၂၀၀ ထိပစ်ခတ်နိုင်တဲ့ KH-47M2 Kinzhal ဟိုက်ပါဆိုးနစ် ခရုဇ်ဒုံးကျည်တွေကိုလည်း တီထွင်ထုတ်လုပ်ထားပါတယ်။
တရုတ်နိုင်ငံကတော့ DF-ZF hypersonic glide vehicle နဲ့သဟဇာတဖြစ်တဲ့ Mach 10 မြန်နှုန်းရှိ DF-17 ဒုံးကျည်ကို ထုတ်လုပ်ထားကာ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းကစပြီ ဖြန့်ကြက်ထားဖွယ်ရှိကြောင်း စစ်ရေးအကဲခတ်တွေက ပြောပါတယ်။ ဒါ့အပြင် Mach 10 မြန်နှုန်းဖြင့် ကီလိုမီတာ ၁၅၀၀ ထိပစ်ခတ်နိုင်သော CH-AS-X-13 ဒုံးကျည် တစ်မျိုးကိုလည်း ထုတ်လုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီအခြေအနေမှာ အာရှဒေသမှာ တရုတ်အပြင် ဂျပန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ ကလည်း ဟိုက်ပါဆိုးနစ်လက်တွေ ထုတ်လုပ်ဖို့ အပြိုင်အဆိုင်အားထုတ်လုပ်ဆောင်နေပြီး လာမည့်နှစ်အနည်းငယ်အတွင်းမှာ ဖြန့်ကြက်နိုင်ဖို့ ရည်ရွယ်နေပါတယ်။
ဟိုက်ပါဆိုးနစ်လက်နက်တွေဟာ မယုံနိုင်လောက်တဲ့ အမြန်နှုန်း၊ ထိန်းချုပ်ပျံသန်းနိုင်မှု စွမ်းရည်တို့အပြင် လက်ရှိနဲ့ အနာဂါတ်မှာပေါ်ပေါက်လာမယ့် အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်မှန်သမျှကို ထိုးဖောက်နိုင်စွမ်းရှိနေတာကြောင့် ခေတ်အမီဆုံးလက်နက်တခုအဖြစ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ရှုမြင်ထားကြပါတယ်။
ဒါပေမယ့် ဒီအခြေအနေထက်ကျော်လွန်ပြီး နောက်ထပ်တီထွင်ဆန်းသစ် ထုတ်လုပ်လာနိုင်တဲ့ လက်နက်စနစ်တွေလည်းရှိနေပါတယ်။ ဥပမာ တိုက်ချင်းပစ်ဒုံးပျံ(ICBMs) တွေကို ခြေရာခံကြားဖြတ်ပစ်ခတ်နိုင်တဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်လိုမျိုး ဟိုက်ပါဆိုးနစ်လက်နက်တွေကို ကြားဖြတ် ဖျက်စီးပစ်နိုင်တဲ့ ကာကွယ်ရေးစနစ်တွေလည်း ပေါ်ထွက်လာနိုင်ကြောင်း လက်နက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
လက်နက်ထိန်းချုပ်ရေး ရှုထောင့်မှကြည့်မယ်ဆိုရင် ဟိုက်ပါဆိုးနစ် လက်နက်တွေ ဖြန့်ကြက်ထားခြင်းဟာ တာလတ်ပစ်နျူကလီးယားထိန်းချုပ်ရေးစာချုပ် (INF) ၊ မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ် (START) ပါ ကန့်သတ်ချက်တွေကို စတင်ချိုးဖောက်မှုသဘော သက်ရောက်တဲ့အပေါ် စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။
ဒါ့ကြောင့် မျက်မှောက်ခေတ် စစ်ရေးမှာ အရေးပါအရောက် အစွမ်းထက်လှတဲ့ ဟိုက်ပါဆိုးနစ် လက်နက်နည်းပညာကို ထိန်းချုပ်ထားတဲ့သဘောတူညီချက်၊ ကန့်သတ်တဲ့မူဘောင်သစ်တရပ်ထားရှိဖို့ လက်နက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးသမားတွေက တိုက်တွန်းထားပြီး နျူကလီးယားထိပ်ဖူးတွေ တပ်ဆင်ပစ်ခတ်နိုင်တဲ့ ဟိုက်ပါဆိုးနစ်လက်နက်အားပြိုင်ပွဲက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား ဆက်လက်ပြင်းထန်နေဖွယ်ရှိနေပါတယ်။
Ref:INSS
#voiceofmyanmar #VOM #HypersonicWeapon #WorldPowers