နိုင်ငံခြားငွေလဲလှယ်တဲ့ Money Changer ကုမ္ပဏီ ၁၂၀ ကျော်ကို လိုင်စင်ရုပ်သိမ်း

စက်တင်ဘာ ၂၀ – ၂၀၂၃
SN (VOM)

အမိန့်ညွှန်ကြားချက်တွေ မလိုက်နာတာကြောင့် နိုင်ငံခြားသုံးငွေ လဲလှယ်တဲ့ Money Changer ကုမ္ပဏီ ၁၂၀ ကျော်ကို လိုင်စင်ရုပ်သိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာ ၁၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားတဲ့ နိုင်ငံခြားသုံးငွေတွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၂၃ ခုတို့ကို နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင် (Money Changer License) ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သိမ်းခံလိုက်ရတဲ့ ကုမ္ပဏီတွေထဲမှာ ဆီဒိုးနားဟိုတယ်လည်း ပါဝင်သလို ဒေါ်လာငွေကြေးလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းလုပ်နေတဲ့ Money Changer အများအပြား ပါဝင်လာပါတယ်။

“နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးကို ဖမ်းဆီးစစ်ဆေးပြီးနောက်ပိုင်း ဘဏ်တာဝန်ရှိသူတချို့လည်း ဖမ်းဆီးစစ်ဆေးခံရတယ်။ အဲ့ဒီနောက်ပိုင်း အခုလို Money Changer ကုမ္ပဏီတွေကို လိုင်စင်ရုပ်သိမ်းတာဖြစ်တယ်။ ဒါတွေက ဆက်တိုက်ဖြစ်လာတာပေါ့။ ဒီပြဿနာက ဒီလအတွင်း အတော်ကိုကြီးတာ။ နောက်ဆို Money Changerတွေ ရှိပါဦးမလား မသိဘူး။ နောက်ထပ် ဘာတွေထပ်ဖြစ်လာဦးမလဲဆိုတာလည်း မပြော‌တတ်သေးဘူး။ အားလုံးက သတိနဲ့နေနေရတဲ့ အနေအထားပေါ့”လို့ နိုင်ငံခြားငွေကြေးရောင်းဝယ်သူတဦးက ပြောပါတယ်။

ဒေါ်လာစျေးမြင့်တက်လို့ နိုင်ငံခြားငွေဈေး ကစားတယ်ဆိုပြီး ငွေလဲကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေတွေ ဝယ်ယူ ရောင်းချလဲလှယ်ခွင့်လိုင်စင် (Money Changer License)ကို ပိတ်သိမ်းတာလို့ သိရပါတယ်။

အခုတခေါက် လိုင်စင်ရုပ်သိမ်းတာနဲ့ဆိုရင် ကုမ္ပဏီ စုစုပေါင်း ၁၆၈ ခုအထိ ရှိလာပြီး နစကလက်ထက်မှာ နိုင်ငံခြားငွေကြေးလဲလှယ်မှုလုပ်ငန်းတွေ အများအပြား လိုင်စင်သိမ်းခံရတာလည်းဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ လူမှုကွန်ရက်မှာ နိုင်ငံခြားငွေတွေ ရောင်းချနေမှုကို အသွင်ယူစစ်ဆေးတာတွေလည်း ပြုလုပ်လျက်ရှိတာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့က လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ “ဒေါ်လာ Dollar Buy/Sell Market and News” နဲ့ “ယူရို၊ ဒေါ်လာ ရောင်းဝယ်ပို့ဆောင်လိုသူများစုံစည်းရာ Euro Dollar Trading Group” တို့ဟာ အမေရိကန်ဒေါ်လာ တဒေါ်လာနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေကို တရားဝင်ပေါက်ဈေးထက် ကျော်လွန်ပြီး ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ကာ တရားမဝင် ရောင်းဝယ်မှုတွေ ပြုလုပ်နေတာကို တွေ့ရှိခဲ့တာကြောင့် ဒေါ်လာရောင်းချတဲ့ သက်သေတွေနဲ့အတူ ရောင်းဝယ်သူတဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ပြည်တွင်းဒေါ်လာဈေးနှုန်း တဒေါ်လာ ကျပ် ၄၀၀၀ နီးပါးအထိ မြင့်တက်မှုတွေဖြစ်ခဲ့တာကြောင့် ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးကစားသူတွေကို အရေးယူဆောင်ရွက်တာတွေကို ဩဂုတ်လ ၂၀ ရက်မှစတင်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့လို ဆောင်ရွက်ခဲ့မှုတွေကြောင့် တဒေါ်လာ ကျပ် ၄၀၀၀ နီးပါးအထိ မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေးဟာ စက်တင်ဘာ လဆန်းပိုင်းမှစတင်ကာ ဆက်တိုက်ကျဆင်းခဲ့ပြီး ဒီနေ့ စက်တင်ဘာ ၂၀ ရက်မှာတော့ အမေရိကန်တဒေါ်လာ ရောင်းဈေး ကျပ် ၃၄၃၀ ဝန်းကျင်၊ ဝယ်ဈေး ၃၃၅၀ ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

#voiceofmyanmar #VOM #နိုင်ငံခြားငွေလဲကုမ္ပဏီ၁၂၀ကျော် #ဗဟိုဘဏ် #လိုင်စင်ရုပ်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW