စက်တင်ဘာ ၊ ၂၀ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ရွာတုံကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်က လူငယ် ၂ ယောက် ပစ်သတ်ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
” ရွာတုံရွာနားမှာ ပစ်သတ်ဖမ်းဆီးတယ် ၊ လက်နက်ကိုင်တာကိုတွေ့တယ်ဆိုပြီး ပစ်သတ်တာဖြစ်တယ် ၊ သေဆုံးသူ အလောင်းကို အိမ်မှာသယ်ပြီး အသုဘချရင် အိမ်နဲ့ဝန်းကို ချပ်ပိတ်သိမ်းဆီးခံရမှာစိုးတော့ အသုဘက ပိုင်ရှင်မဲ့ဖြစ်နေတယ် ” လို့ ရွာတုံရွာခံ ပရဟိတသမားတယောက်က ပြောပါတယ်။
ဒါ့အပြင် ပစ်သတ်ဖမ်းဆီးခံရသူတွေဟာ ဘယ်ရွာက ၊ ဘယ်သူဘယ်ဝါ ဆိုတာ မသိဘူးလို့လည်း ရွာတုံရွာခံတွေက ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က နေ့လယ်ပိုင်းမှာ ရွာတုံကျေးရွာနားမှာ နယ်မြေရှင်းလင်းတယ် ၊ လက်လုပ်စိန်ပြောင်း ၁ လက်နဲ့ ယမ်းဗူး ကိုင်ဆောင်တဲ့ လူငယ် ၂ ဦးတွေ့ရတယ် ၊ အဲ့ဒါကြောင့် ပစ်ခတ်ဖမ်းဆီးရတာဖြစ်တယ် ” ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကိုင်းမြို့နယ် ၊ သလွန်ဖြူရွာမှာ လူ ၇ ယောက် ၊ မြင်းဆည်ရွာမှာ ၃ ယောက် ၊ မြင်းမူမြို့နယ် ၊ ညောင်ရင်းရွာမှာ လူ ၄ ယောက် ၊ ကသာမြို့နယ် ၊ တုတ်ကြီးရွာမှာ ၄ ယောက် ပစ်သတ်ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
#voiceofmyanmar #VOM #မုံရွာ