ဆစ်ခ်ခွဲထွက်ရေး ခေါင်းဆောင်တယောက် အသတ်ခံရမှုကြောင့် တင်းမာလာတဲ့ အိန္ဒိယ-ကနေဒါ ဆက်ဆံရေး

မျိုးဆက်(VOM)
စက်တင်ဘာ-၂၈-၉-၂၀၂၃

ကနေဒါနိုင်ငံသား ဆစ်ခ်ခေါင်းဆောင်တယောက်အသတ်ခံမှုရဲ့ နောက်ကွယ်မှာ အိန္ဒိယနိုင်ငံ ပါဝင်ပတ်နေကြောင်း ကနေဒါအစိုးရက စွပ်စွဲပြောဆိုပြီးနောက် အိန္ဒိယနဲ့ ကနေဒါနိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။

ဟာဒိပ်ဆင်းဂ်နစ်ဂျာဆိုသူဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းက ကနေဒါနိုင်ငံ ဗြိတိန်သျှကိုလံဘီယာပြည်နယ်ရှိ ဘုရားကျောင်းပြင်ပမှာ သေနတ်သမားနှစ်ယောက်က ပစ်သတ်တာကို ခံခဲ့ရတာဖြစ်ပါတယ်။

အသတ်ခံခဲ့ရတဲ့ ဟာဒိပ်ဆင်းဂ်နစ်ဂျာဟာ ဆစ်ခ်အများစုနေထိုင်တဲ့ အိန္ဒိယနိုင်ငံပန်ဂျပ်ပြည်နယ်မှာ ဆစ်ခ်နယ်မြေရရှိရေးကို ထောက်ခံသူတယောက်ဖြစ်ပြီး ခွဲထွက်ရေးအတွက် ခါလစ်စတန်လို့ခေါ်တဲ့ လှုပ်ရှားမှုဟာ ၁၉၈၀ ပြည့်နှစ်တွေအတွင်း အထွတ်အထိပ်ဖြစ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဆစ်ခ်တွေဟာ ဘာသာရေးလူနည်းစုဖြစ်ပြီး လူဦးရေရဲ့ ၂ ရာခိုင်နှုန်းသာရှိကာ နယ်မြေရရှိရေး ခါလစ်စတန်လှုပ်ရှားမှုကြောင်း ဆစ်ခ်ထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

ဒီလှုပ်ရှားမှုတွေကို အိန္ဒိယအစိုးရအင်အားသုံးဖြိုခွင်းပြီးနောက် လှုပ်ရှားမှုနဲ့ဆက်နွယ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ခွဲထွက်ရေးလှုပ်ရှားသူတွေကို အကြမ်းဖက်သမားတွေအဖြစ် ၂၀၂၀ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကနေဒါ၊ သြစတြေးလျနဲ့ ဗြိတိန်နဲ့ အခြားနိုင်ငံတွေကိုရောက်ရှိသွားတဲ့ ဆစ်ခ်တွေ အကြားမှာတော့ ခါလစ်စတန်လှုပ်ရှားမှုက ရေပန်းစားဆဲဖြစ်ပါတယ်။

ဟာဒိပ်ဆင်းဂ်နစ်ဂျာဟာ စစ်သွေးကြွအကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူတယောက်အဖြစ် အိန္ဒိယအစိုးရရဲ့ စာရင်းမှာ ပါဝင်နေပါတယ်။ မကြာသေးမီက သေဆုံးခဲ့တဲ့ ဆစ်ခ်ခေါင်းဆောင်တွေထဲမှာ သူဟာ တတိယမြောက် အထင်ရှားဆုံးခေါင်းဆောင်တယောက်ဖြစ်ပါတယ်။

ခါလစ်စတန်လွတ်မြောက်ရေးတပ်ရဲ့ အကြီးအကဲလို့ယူဆရတဲ့ အာဗာတာဆင်းဂျ်ခန်ဒါဟာလည်း ပြီးခဲ့တဲ့ဇွန်လက ဘာမင်ဂမ်မှာ ကွယ်လွန်ခဲ့ပြီး အိန္ဒိယအစိုးရက အကြမ်းဖက်သမားလို့သတ်မှတ်ထားတဲ့ ပါရမ်ဂျစ်ဆင်းဂျ်ပန်ဂါဝါ ဟာလည်း ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ မေလတုန်းက ပစ်သတ်ခံခဲ့ရပါတယ်။

ကနေဒါမှာတော့ ဆစ်ခ်လူဦး ရှစ်သိန်းနီးပါးထိရှိပြီး ကနေဒါမြေပေါ်မှာ နိုင်ငံသားအဖြစ် ခံယူထားတဲ့ တယောက် အသတ်ခံခဲ့ရတာဟာ ကနေဒါနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် ထရူးဒိုးကဆိုပါတယ်။

ဒီကိစ္စမှာအိန္ဒိယက နောက်ကွယ်ကနေပါဝင်နေကြောင်း ယုံကြည်လောက်တဲ့ သက်သေအထောက်အထား တွေရှိကြောင်း ကနေဒါက ပြောဆိုထားပြီး အိန္ဒိယဘက်ကတော့ ဒါဟာ အခြေအမြစ်မရှိတဲ့ နိုင်ငံရေးခြေထိုးကွက်လို့ တုံ့ပြန်ထားပါတယ်။

အဲဒီနောက်မှာတော့ ကနေဒါမှာရှိတဲ့ အိန္ဒိယသံရုံးတာဝန်ရှိသူတွေကို ခြိမ်းခြောက်မှုတွေရှိနေတာကြောင့် ကနေဒါနိုင်ငံသားအတွက် ဗီဇာထုတ်ပေးတာတွေကို ရပ်ဆိုင်းကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

စွပ်စွဲချက်တွေဟာ အိန္ဒိယနဲ့ ပြသနာဖြစ်ဖို့ မရည်ရွယ်ကြောင်း ၊ ဒါပေမယ့် တရားဥပဒေစိုးမိုးရေးနနဲ့ ကနေဒါနိုင်ငံသားတွေကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေက သံတမန်တွေကို အပြန်အလှန်နှင်ထုတ်တဲ့အထိ ဆိုးရွားလာခဲ့ပါတယ်။

ဆစ်ဒ်အစွန်းရောက်ဝါဒကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်တာဟာ နိုင်ငံတွေအချင်းချင်းအကြား ကောင်းမွန်တဲ့ ထိတွေ့ဆက်ဆံရေးကို အတားအဆီးဖြစ်စေပြီး ကနေဒါရှိ အစွန်းရောက်ဝါဒီတွေရဲ့ အိန္ဒိယဆန့်ကျင်ရေး လှုပ်ရှားမှုတွေအပေါ် အလွန်စိုးရိမ်ပူပန်ကြောင်း အိန္ဒိယအစိုးရက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြောဆိုထားပါတယ်။

အိန္ဒိယကို ဆန့်ကျင်နေတဲ့ ခါလစ်စတန်လှုပ်ရှားမှုတွေနဲ့ အစွန်းရောက်တွေကို ကနေဒါက ကာကွယ်ပေးနေတယ်လို့ အိန္ဒိယနိုင်ငံခြာရေးဝန်ကြီးဌာနက ရှုတ်ချပြောဆိုထားပြီး ကနေဒါကလည်း အိန္ဒိယနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူစာချုပ်ဖို့ ဆွေးနွေးနေတာကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်ပါတယ်။

ခုလို လိပ်ခဲတည်းလည်းအခြေအနေမျိုးမှာ အမေရိကန်ရဲ့ ကုန်သွယ်ရေးနဲ့ လုံခြုံရေး အဓိကမဟာမိတ်တွေဖြစ်ကြတဲ့ ကနေဒါနဲ့ အိန္ဒိယနိုင်ငံတို့အကြား ဆက်ဆံရေးဟာ ယခင်ကတည်းက တင်းမာမှုတွေရှိနေရာခဲ့ရာ လက်ရှိအခြအနေကြောင့် အခြေအနေပိုမိုဆိုးရွားလို့သာလာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုထားကြပါတယ်။

Ref: AP/BBC
Photo:AFP
#voiceofmyanmar #vom #ဆစ်ခ် #ကနေဒါ #အိန္ဒိယ #ဆက်ဆံရေး

Related posts

Leave a Comment

VOM News

FREE
VIEW