ရန်ကုန်မှာ ငမိုးရိပ်ချောင်းရေတက်လာလို့ မြို့နယ်တချို့ ရေဝင်ရောက်မှု ဖြစ်

စက်တင်ဘာ ၂၀ – ၂၀၂၄
SN (VOM)
ရန်ကုန်မြို့မှာ ဒီကနေ့ စက်တင်ဘာ ၂၀ ရက်၊ မနက်ပိုင်းက ထူးကဲဒီရေကြောင့် ငမိုးရိပ်ချောင်းရေ မြင့်တက်လာတဲ့အတွက် အဲဒီချောင်းအနီးအနားက မြို့နယ်တချို့မှာ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း၊ မြောက်ပိုင်း၊ ဆိပ်ကမ်း)၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ သာကေတ၊ ဒေါပုံ စတဲ့ မြို့နယ်တွေမှာ ရေဝင်ရောက်ခဲ့တာဖြစ်ပြီး တချို့နေရာတွေမှာတော့ ရေ ၂ ပေခန့်အထိ မြင့်တက်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
“စံပြဘက်မှာတော့ ရေက အိမ်ထဲအထိဝင်တယ်။ ပစ္စည်းတွေတော့ ရွှေ့ပြောင်းရတာပေါ့။ တခြားရပ်ကွက်တွေရောပဲ။ ကျွန်မတို့က အနိမ့်ပိုင်းနေရာ ရောက်နေတော့ ပိုသတိထားရတယ်။ ရေကတော့ အရမ်းမများဘူး။ အဲဒီအချိန် မိုးမရွာလို့ တော်သေးတယ်ပြောရမယ်။ မိုးရွာရင်တော့မလွယ်ဘူး” လို့ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာလည်း ဦးဝိစာရလမ်းတလျှောက်မှာ ငမိုးရိပ်ချောင်းမှ ရေတွေကြောင့် ကားလမ်းတွေပေါ်အထိပါ ရေတွေ ရောက်ရှိနေသလို ‌ငမိုးရိပ်‌ချောင်းနဲ့နီးတဲ့ အနိမ့်ပိုင်းရပ်ကွက်တချို့မှာလည်း ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“မြောက်ဒဂုံမှာ‌တော့ ရေကအရမ်းကြီးမတက်ဘူး။ ရေပုံမှန်တိုးနေကျလောက်ပဲရှိတယ်။ မနက် ၈ နာရီလောက်‌မှာတော့ ရေက တဖြည်းဖြည်းချင်း ပြန်ကျသွားတယ်။ အရင်ကလည်း ဒီရေတက်ရင် အခုလိုမျိုး ရေတက်တာဖြစ်ဖူးတယ်။ မနက်က ရေတက်တဲ့အချိန်ကတော့ မိုးမရွာဘူး။ မိုးမရွာလို့လည်း ရေကအနည်းအကျဉ်းလောက်တက်ပြီး ပြန်ကျသွားတာ။ ညနေပိုင်းတချက် စောင့်ကြည့်ရဦးမယ်။ မိုးရွာရင်လည်း သည်းသည်းမည်းမည်း မရွာပါစေနဲ့လို့ဘဲ ဆုတောင်းနေရတယ်” လို့ ‌ဒေသခံတယောက်က ပြောပါတယ်။
ဒီရေတက်တာဟာ တရက်မှာ နှစ်ကြိမ်တက်လေ့ရှိတဲ့အတွက် ဒီကနေ့ ညနေပိုင်းမှာလည်း တကြိမ် ထပ်တက်ဦးမှာ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ မိုးများပါက ရေမြင့်တက်မှုများမှာကို စိုးရိမ်နေကြပြီး မြောက်ဒဂုံမြို့နယ်မှာတော့ ‌မွန်းလွဲ ၃ နာရီခွဲဝန်းကျင်ကစလို့ မိုးအနည်းငယ် သည်းထန်စွာ ရွာသွန်းနေပြီဖြစ်ပါတယ်။
ရန်ကုန်မြစ်အတွင်း စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကာလအတွင်း ထူးကဲဒီရေ မြင့်တက်လာနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေး ထုတ်ပြန်ထားပြီး အဲဒီရက်တွေမှာ မိုးရွာသွန်းမှုမများရင်တော့ ရေကြီးရေလျှံမှုအတွက် စိုးရိမ်စရာမလိုဘူးလို့ မိုးလေဝသဆိုင်ရာ လေ့လာသူတွေက ပြောဆိုထားပါတယ်။
ထူးကဲဒီရေမြင့်တက်မှုမှာ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ခန့်မှ ၂၁ ပေခန့်အထိ ရောက်ရှိနိုင်ပြီး ရန်ကုန်မြစ်ကမ်းအနီး နေထိုင်သူတွေ ကြိုတင်ပြင်ဆင်နိုင်ကြဖို့ သတိပေး ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဆိုပါတယ်။
မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ ထူးကဲဒီရေ မြင့်တက်ချိန်မှာ မိုးရွာသွန်းမှုမများရင်တော့ စိုးရိမ်စရာမလိုဘဲ မိုးရွာသွန်းမှုများမယ်ဆိုရင်တော့ ရန်ကုန်မြို့ရှိ ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်းတို့ ရေများလာနိုင်တဲ့အတွက် မြစ်ချောင်းတွေအနီးက အနိမ့်ပိုင်းရပ်ကွက်တွေ ကြိုတင်သတိပြုကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW