အခန်း (၂၄၈)

ဆူးငှက်

 

 

စာချုပ်တွေ စာရွက်စာတမ်းတွေ သိမ်းပြီ
——————————————-
မှတ်မှတ်ရရ ထိုနေ့က ၂၀၀၉ခုနှစ် မတ်လ ၇ ရက်နေ့ ဖြစ်သည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ တပ်ကြပ်အဆင့်ရှိ တပ်မတော်သားတစ်ဦးလည်း လိုက်ပါ၍ ရပ်ကွက်ရာအိမ်ခေါင်းနှင့် အဖွဲ့က မြေယာပိုင်ဆိုင်မှု အထောက်အထား စာချုပ်နှင့် စာရွက်စာတမ်း မူရင်းများကို တစ်အိမ်တက်ဆင်း သိမ်းယူကြသည်။ ကျွန်တော့်အိမ် ရောက်တော့ အဆင်သင့် ဖိုင်တွဲထားသည့် စာချုပ်နှင့် စာရွက်စာတမ်းများကို အုပ်ချုပ်ရေးမှူးလက်သို့ အပ်လိုက်၏။ အုပ်ချုပ်ရေးမှူးက အားနာအကြည့်ဖြင့် ကြည့်သည်။ ကျွန်တော်က အကျိုးရယ် အကြောင်းရယ် မမေးချင်တော့။ မောလှပြီ။ နောက်ဆုံး ဖယ်ပေးဖို့အထိ ကျွန်တော် ဆုံးဖြတ်ထားပြီးပြီ။ ဖယ်ပေးပြီး ဘယ်သွားနေမလဲ၊ ကျွန်တော်ကဖြင့် ဘယ်မှ နေစရာမရှိ။ လမ်းဘေးတစ်နေရာမှာပဲ မိုးကာတဲ ထိုး၍ နေရုံပေါ့။ “ဆူးငှက် – လမ်းဘေးမှာ နေသည်” ပေါ့။

 

 

အုပ်ချုပ်ရေးမှူးက ဝန်ခံဂတိပြုချက် ဟူသော ပုံစံစာရွက်တွင် အချက်အလက်များကို ဖြည့်သည်။ ထို့နောက် “ဆရာ တင်ပြချင်တာ ရှိရင် ပြောပါ၊ ကျွန်တော် ဖြည့်ရေးလိုက်ပါ့မယ်” ဟု ဆိုသည်။ ကျွန်တော် ခေါင်းပဲ ရမ်းလိုက်သည်။ “မဟုတ်ပါဘူး ဆရာရယ်။ အထူးသဖြင့် ဆရာက ဒီရပ်ကွက်နဲ့ ပတ်သက်ပြီး အစောကြီးကတည်းက ကြိုးပမ်းနေကြတာ လူကြီးတွေလည်း သိပါတယ်။ အခု ဆရာဖြစ်စေချင်တဲ့ ဆန္ဒကို ထပ်မံ တင်ပြတဲ့သဘောပါ။ လူကြီးတွေကို ထပ် အသိပေးတဲ့ သဘောမို့ ပြောပါ” ဟု ဆိုသည်။ သည်တော့ ကျွန်တော်က “ကိုယ့်နေရာလေးပဲ အိုးမကွာ အိမ်မကွာ နေချင်တာပါဗျာ” ဟု ပြောလိုက်တော့ အုပ်ချုပ်ရေးမှူးက “လက်ရှိ အဆောက်အဦနှင့် နေရာအား လူကြီးများက ပြန်လည် ချထားပေးပါက သဘောအကျဆုံး ဖြစ်သဖြင့် စဉ်းစားပေးနိုင်ပါရန် တင်ပြအပ်ပါသည်” ပုံစံစာရွက်တွင် ရေးသား ဖြည့်သွင်းလိုက်သည်။

 

 

ထိုသို့ စာချုပ်စာတမ်းများ သိမ်းဆည်းပြီး မကြာမီမှာပင် ရပ်ကွက်အတွင်းရှိ အိမ်ထောင်ဦးစီးများကို တိုင်း အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးသို့ တစ်သုတ်ချင်း ဆင့်ခေါ်တော့သည်။ ထို အချိန်တွင် တိုင်း အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး က နန်းတွင်းမှာ မဟုတ်တော့ဘဲ ၆၆လမ်းနှင့် ၂၆ဘီလမ်းထောင့်တွင် ပြောင်းရွှေ့ထားသည်။ ယခင်က နံမည်ကျော် ထောက်လှမ်းရေး ၁ ရုံးပေါ့။ အိမ်ထောင်ဦးစီးများကို ဆင့်ခေါ်ရာတွင်လည်း အိမ်နီးချင်း တစ်စုတည်း တစ်တန်းတည်း နေရာများက မဟုတ်ပေ၊ အရှေ့တစ်ယောက် အနောက်တစ်ယောက် တောင်တစ်ယောက် မြောက်တစ်ယောက် တစ်နေရာစီက ရွေးကောက်ထားသည့် ၁၀ဦးစီကို တစ်ပတ်လျှင် တစ်သုတ်ခေါ်သည်။ ထို့ကြောင့် ဒီတစ်ပတ် သည်လူတွေပါသည်ဆိုတာ ရုံးကျမှ နဖူးတွေ့ ဒူးတွေ့ တွေ့ကြရသည်။ ထို့ပြင် နောက်တစ်ပတ် ဘယ်သူတွေ ပါမယ်ဆိုတာလည်း မသိရ။

 

 

သည်လို သည်လိုတဲ့
———————-
ထိုသို့ ဆင့်ခေါ်ပြီး ရပ်ကွက်ကို မြို့ပြသာယာရေး စီမံကိန်းတစ်ခု တည်ဆောက်မည်မို့ အကွက်ပြန်ရိုက်မည် ဖြစ်ကြောင်း။ က – အဆင့် သတ်မှတ်ထားသည့် ဂရန်ရှိ လူနေ မြေကွက်ပိုင်ဆိုင်သူကို ပိုင်ဆိုင်သည့် မြေ၏ တဝက် ပြန်လည် ရရှိမည် ဖြစ်ကြောင်း၊ ခ – အဆင့် သတ်မှတ်ထားသည့် ဂရန်ရှိ လူမနေ မြေပိုင်ရှင်များက မြေ၏ သုံးပုံ တစ်ပုံ ဧရိယာကို ရရှိမှာ ဖြစ်ပြီး ဂ – အုပ်စုဖြစ်သော ဂရန်မရှိ လူနေနှင့်၊ ဃ – အုပ်စု ဂရန်မရှိ လူမနေ များကိုမူ တိုက်ခန်းများ အစားထိုး ချထားပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ တက်ရောက်သူအားလုံးကို သိရှိပါကြောင်း လက်မှတ်ထိုးကြရသတဲ့။ ခေါ်ယူ ရှင်းလင်းတာ ၁၅မိနစ်ပင် မကြာ။

 

 

ဤသို့ဖြင့် တစ်ကြိမ်ခေါ် ၁၀ဦးနှင့် တစ်သုတ်ပြီးတစ်သုတ် ခေါ်ကာ ရှင်းပြ လက်မှတ်ထိုးခိုင်းသည်မှာ မတ်လ၊ ဇူလိုင်လ နှင့် သြဂုတ်လများအတွင်း ၈ကြိမ် ၈ သုတ်လောက်ရှိနေပြီ။ အိမ်ထောင်ဦးစီး ၈၀ က လက်မှတ်ထိုးပြီးကြပြီ။ ထို ၈၀ တွင် ကျွန်တော် နှင့် ဦးမျိုးခင်က တစ်ကြိမ်ပါနိုး တစ်ကြိမ်ပါနိုးနှင့် စောင့်နေတာ တစ်ကြိမ်မှ မပါသေးပေ။ ဦးမျိုးခင်က “ဆူးငှက်ရေ၊ မင်းပါပါ၊ ငါပါပါ၊ ပြောသင့်တာပြောကြရအောင်၊ ၂ယောက်စလုံး တစ်ကြိမ်ထဲပါရင် ပိုကောင်းတာပေါ့ကွာ၊ ပြောကြမယ်” ဟု တိုင်ပင်ထားကြသည်။ သို့သော် ထို ၈ကြိမ်မှာ ကျွန်တော်ရော ဦးမျိုးခင်ရောက မပါသေး။ ရပ်ကွက်ထဲမှာတော့ ဆင့်ခေါ်ခံရ၍ လက်မှတ်ထိုး ပြန်လာသူတိုင်းက မြေအစားရမှာတဲ့၊ တိုက်ခန်း အစားရမှာတဲ့ ဟု ပျော်နေကြသည်။ တချို့က ၈ သုတ်ခေါ်သည့်တိုင် ကျွန်တော်တို့ မပါသေးတာ သတိထားမိပြီး စိုးရိမ်သူရှိသလို “ ဟာ.. သူတို့နေရာတွေကို အစောကြီးကတည်းက ကင်းလွတ်ပေးထားလို့ ငြိမ်နေတာပါ၊ ဆူးငှက် ကို တိုင်းမှူးက ပေးထားပြီးသား” ဟု ထင်ကြေးနှင့် ပြောကြသူတွေလည်း ရှိသည်။

 

 

ဒီလိုပြောတိုင်း လက်ခံရမှာလား
————————————
ထိုသို့ ဆင့်ခေါ်ရာတွင် သြဂုတ်လအတွင်း ဆင့်ခေါ်သည့် အသုတ်မှာတော့ ယခင်လို လျောလျောလျူလျူ လက်မှတ်ထိုး ပြန်လာကြတာမျိုး မဖြစ်တော့ပေ။ ထိုအသုတ် ပြန်လာတော့ ထိုအသုတ်တွင် ပါဝင်ခဲ့သည့် အိမ်ထောင်ဦးစီးတစ်ယောက်က အစည်းအဝေးက ပြန်လာလာချင်း ကျွန်တော့်အိမ် ရောက်လာသည်။ သူက ရပ်ကွက်အတွင်း အရှေ့ခြမ်းမှာနေသည်။ သူနှင့် ကျွန်တော်က ဟောမာဇလရပ်ကွက်တွင် တစ်ရပ်ကွက်တည်း နေကြသည်။ သူက ထိုစဉ်ကာလ ကျောင်းသား ပဲရှိသေး၏ ကျွန်တော့်စာအုပ်ဆိုင်မှာ သူ့မေနှင့် အမြဲပါလာကာ မဂ္ဂဇင်းစာအုပ်အဟောင်းလေးတွေ ငှားဖတ်သည်။

 

 

အခုသူက အင်ဂျင်နီယာဖြစ်နေပြီး အဆင်ပြေကာ ရပ်ကွက်အတွင်းတွင် မြေဝယ် တိုက်ဆောက်ပြီး သူ့မိဘနှင့် မောင်နှမများကို ထားသည်။ သည်တစ်သုတ်တွင် အိမ်ထောင်ဦးစီးအနေနှင့် သူက ရုံးသို့ လိုက်ပါရတော့ ထုံးစံအတိုင်း ရုံးက တာဝန်ရှိသူက ရှင်းလင်းပြသည်။ ထိုရှင်းပြချက်တွေကို သူက သေချာနားထောင်သည်။ ထို့နောက် ရှင်းပြသည့် အချက်တိုင်းကို တစ်ချက်ချင်းစီ အလိုက် သူက ထပ်ဆင့်မေးခွန်းတွေ မေးတော့သည် တဲ့။ အင်ဂျင်နီယာလေးက ပြောသည်။ “အစ်ကိုရာ၊ သူတို့က မလိမ့်တပတ်နဲ့၊ မြေအစားပေးမယ်ဆိုတာ ဒီကွင်းထဲ ပြန်ပေးမှာလား ဆိုတော့ မဟုတ်ဘူတဲ့၊ ဒါဖြင့် ဘယ်နေရာပေးမှာလဲ ဆိုတော့ မရေမရာနဲ့ဗျ၊ ပေးမယ့် နေရာတောင် မရှိသေးဘူးလေ၊ တိုက်ခန်းပေးမယ် ဆိုတာကလည်း ဘယ်နေရာက တိုက်လဲ၊ ဘယ်လိုတိုက်လဲ၊ ဘယ်လောက် ကျယ်မှာလဲ၊ ဘယ်လိုကွာလတီလဲ ဆိုတာတွေ တစ်ခုမှ မဖြေနိုင်ဘူး၊
ပိုဆိုးတာက အစ်ကိုရေ ရှေ့အသုတ်တွေမှာ သူတို့ရှင်းပြတာ သိရှိကြောင်း လက်မှတ်ထိုးခဲ့ကြတာက ခေါင်းစီးကို သေချာမဖတ်ဘဲ လက်မှတ်ထိုးခဲ့ကြတာဗျ။ ခေါင်းစီးမှာက ကွင်းအမှတ် ၄၉၂ မြို့ပြမြေရာ ဖော်ထုတ်ရေးကို ရပ်ကွက်ပြည်သူလူထုမှ သဘောတူညီပါကြောင်း တဲ့ဗျ။ အဲ့လို မလိမ့်တပတ် လုပ်ထားတာ။ ဒါကြောင့် ကျွန်တော်တို့ အသုတ်က လက်မှတ်မထိုးခဲ့ကြဘူး။ အဲ့ဒါ ကျွန်တော် ဒီလိုစီစဉ်ထားတယ်၊ နက်ဖြန်ကျရင် အရင် လက်မှတ်ထိုးခဲ့ကြတဲ့ အိမ်ထောင်ဦးစီးတွေ အကုန်လုံးကို ကျွန်တော် သရက်ကုန်းဘုန်းကြီးကျောင်းထဲ ခေါ်ထားတယ်။ ဒီလို မလိမ့်တပတ်လုပ်ထားတာတွေ ကျွန်တော်ရှင်းပြမယ်။ ပြီးတော့ ရုံးက ရှင်းပြတဲ့ အချက်အလက်တွေကို သဘောမတူတဲ့ အကြောင်း လက်မှတ်ပြန်ထိုးကြမယ်။ အဲ့လို စီစဉ်ထားတယ် အစ်ကို” တဲ့။ တော်ပါသေး ရပ်ကွက်ထဲမှာ လည်လည်ဝယ်ဝယ် တစ်ယောက်ပါပေလို့။ နို့မို့ဆို..။

 

ရပ်ကွက်လူထု သဘောတူလျှင် လုပ်ပါ
———————————————
ကျွန်တော်တို့ သရက်ကုန်း ရပ်ကွက်လေး အခြေအနေက အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်သို့ စာတတန်ပေတတန် တင်ပြသော်လည်း ယတိပြတ် ကင်းလွတ်ခြင်း မဖြစ်သေးသည်မှာ အဆင့်ဆင့် အာဏာပိုင်က ရပ်ကွက်လူထု သဘောတူလျှင် လုပ်ပါဟူသော လမ်းညွှန်ချက်ပဲ ပေးပုံရသည်။ ထို့ကြောင့် ရပ်ကွက်လူထုက သဘောတူပါသည်ဟူသော မှတ်ချက်ကို အရယူနေကြသည်။ ယခင် န.ဝ.တ လက်ထက် ဦးတက်တိုး အကူအညီနှင့် တီဗွီမင်းသားနားသို့ ပေါက်သွားသည်က ဗိုလ်ချုပ်ကြီးတစ်ဦးတည်း၏ ကိုယ်ကျိုးစီးပွားမို့ ပြုတ်သူပြုတ် ပြောင်းသူပြောင်း ဖြစ်ကြရသည်။ အခုတော့ နိုင်ငံတော်စီမံကိန်း မဟုတ်သည့်တိုင် တ.ရ.က အစီအစဉ်ဖြင့် ရပ်ကွက်လူထု သဘောတူညီမှုယူကာ စီးပွားရေးလုပ်ကြတော့မည့် ပုံစံ ဖြစ်ပါသည်။

 

အခုလည်း ရပ်ကွက်လူထုကို ၁၀ဦးစီ သီးခြားခွဲထုတ်ပြီး သဘောတူလက်မှတ်ကို ယူမည်။ အားလုံးနီးပါး ၉၀ရာခိုင်နှုန်းကျော် သဘောတူလက်မှတ်ယူပြီးမှ (ပြောကြစို့ဆိုလျှင်) ကျွန်တော်တို့ကို နောက်ဆုံးမှ ခေါ်မည်။ ထိုအခါ ကျွန်တော်တို့က မည်သို့ ကန့်ကွက်စေ၊ ရပ်ကွက်လူထု ၉၀ရာခိုင်နှုန်းကျော်က သဘောတူထားလေတော့ ကျွန်တော်တို့က သဘောထားတင်းမာသူ အဖျက်သမား တည်ငြိမ်မှု မလိုလားသူ ဖြစ်သွားကာ လိုအပ်လျှင် အရေးယူနိုင်သည်။ သည်ခွင်ပါပဲ။ သည်အချိန်မှာ အကင်းပါးသည့် အင်ဂျင်နီယာလေးက ထိုအကွက်ကို မြင်ပြီး မေးခွန်းများဖြင့် မျက်နှာဖုံးလှန် လိုက်ခြင်း ဖြစ်သည်။

 

 

စီမံကိန်းကို သဘောမတူကြောင်း
————————————
နောက်ရက်မှာပဲ အင်ဂျင်နီယာလေးက သရက်ကုန်းဘုန်းကြိးကျောင်းတွင် လက်မှတ်ထိုးပြီးသား ရပ်ကွက် အိမ်ထောင်ဦးစီးများကို ဖိတ်ပြီး အခြေအနေမှန်ကို ရှင်းပြကာ သူတို့အစားပေးမည်ဆိုသော မြေကွက် တိုက်ခန်းတို့၏ အနေအထားများကို အမှန်အတိုင်း အတိအကျသိလိုကြောင်းနှင့် ထိုသို့ မသိရပါက စီမံကိန်းကို သဘောမတူကြောင်း လက်မှတ်ရေးထိုးကာ တိုင်းမှူးအပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီးသို့ တင်လိုက်ကြသည်။ အင်ဂျင်နီယာလေးက လိုအပ်သည့် အကြံဉာဏ်နှင့် စာအရေးသားကို ကျွန်တော့်ထံမှ ယူပြီး အစည်းအဝေးသို့ပင် ကျွန်တော့်ကို မလာစေခဲ့ပါ။ “အစ်ကို မလာပါနဲ့၊ အစ်ကိုလာရင် သူတို့က အစ်ကိုကပဲ မြှောက်ပေးလို့ လို့ ထင်ပါလိမ့်မယ်၊ ကျွန်တော်တို့ ဆက်လုပ်လိုက်ပါမယ်” ဟု ဆိုကာ လုပ်စရာရှိတာ ဆက်လုပ်သည်။ သူတို့ စာတင်ပြီးနောက် ရပ်ကွက်ထဲက အသုတ်လိုက် ခေါ်တာတွေ ဆက်မခေါ်တော့ပေ။

 

ကျွန်တော်စုံစမ်းရသမျှ သတင်းက သရက်ကုန်းကွင်း၏ သုံးပုံ နှစ်ပုံကို ကုမ္ပဏီ တစ်ခုက ရယူမည်။ ကျန် တစ်ပုံကို ဂရန်ရှိ လူနေ က – အုပ်စုများကို အချိုးကျ ပြန်ပေးမည်။ ကျန်သည့် အုပ်စုများအနက် ခ – အုပ်စုကို သူတို့ ပေးချင်သည့်နေရာ မြေပေးမည်။ ဂ – နှင့် ဃ – အုပ်စုကို ပေးချင်သည့် တိုက်ခန်း ပေးမည်။ ဒါပါပဲလေ။ နောက်တော့ သရက်ကုန်းက ကျန်သည့် သုံးပုံ တစ်ပုံကိုပင် က – အုပ်စု ကို မပေးတော့။ ထို့ပြင် ခ – အုပ်စုကိုလည်း မြေမပေးတော့။ တိုက်ခန်းတွေပဲ ပေးတော့မည် ဟု ဆိုပြန်သည်။ ထိုတိုက်ခန်းက ဘယ်နေရာမှာမှန်းလည်း မသိ၊ ဘယ်လိုပုံစံမှန်းလည်း မသိ။

 

 

ဟော်တယ်ဇုံ စီမံကိန်းတဲ့
————————-
သရက်ကုန်းမှာ အကောင်အထည်ဖော်မှာက ကုမ္ပဏီ၏ ဟော်တယ်ဇုံ စီမံကိန်းတဲ့။ သူက သည်နေရာရဖို့ ရပ်ကွက်လူထုကို အစားပြန်ပေးရမည့် လုပ်ငန်းပမာဏက ငွေကျပ် ၆ဘီလျံလောက် ရင်းရမှာဆိုတော့ မကိုက်တော့ဟု အကြောင်းပြကာ အမျိုးမျိုး ဈေးဆစ်နေခြင်း ဖြစ်သည်။ သည်ကာလမှာပင် တစ်ညသား ည ၁၁နာရီလောက် ကျွန်တော် စာရေးနေစဉ် ကုမ္ပဏီဖက်က တစ်ယောက်က ကျွန်တော့်ထံ ရောက်လာသည်။ သူတို့ မြေပေးဖို့ အဆင်မပြေတော့ တိုက်ခန်းပဲ ပေးနိုင်တော့မှာတဲ့။ က -အုပ်စုများကိုတော့ ရပ်ကွက်အတွင်း အတွင်းဘက် မြောက်အဖျားတွင် တိုက်ခန်းဆောက် ပေးမယ်တဲ့။ ထိုတိုက်ခန်း အဆင့်အတန်းက ရေကူးကန်နှင့် အားကစားခန်းမတို့ မပါသော ကွန်ဒိုအဆင့်နီးနီးရှိပါမယ်တဲ့။
ကျွန်တော့်ကိုလည်း ထိုတိုက်ခန်း၏ မြေညီထပ် ၂ခန်းပေးပါမည်တဲ့။ ကျွန်တော်က ရပ်ကွက်ကို ဦးဆောင်ပြီး စီမံကိန်းအား သဘောတူကြောင်း စည်းရုံးပေးပါတဲ့။ ထိုစဉ်ကျွန်တော်က ကျွန်တော်က ရပ်ကွက်ကိုယ်စားလှယ်လည်း မဟုတ်ရပါ။ ရပ်ကွက် ကိုယ်စားပြုသူလည်း မဟုတ်ရပါ။ ယခု စီမံကိန်းကို ရပ်ကွက်က လက်ခံလျှင် ကျွန်တော်လည်း လက်ခံမှာပါ။ ရပ်ကွက်က လက်မခံလျှင် ကျွန်တော်လည်း လက်ခံမည် မဟုတ်ပါဟု ရှင်းပြလိုက်တော့ သူက ကျွန်တော့်ကို လက်ဆွဲ နှုတ်ဆက်သည်။ ဒီလို သဘောထားကို ကြိုက်ပါတယ်ဗျာဟု ပြောပြီး သူက ရပ်ကွက်အတွက် အကောင်းဆုံး လုပ်ပေးမှာပါဟု ပြောသွား၏။ ထို့နောက် လအချို့အကြာ ထပ်မံကြားသိရတာက စီမံကိန်းသည် ကျွန်တော့်ထံ လာသည့် ကုမ္ပဏီမဟုတ်တော့တဲ့။ သူ့ထက် ကြီးသော ကုမ္ပဏီကြီးတစ်ခုက လက်လွှဲ ယူလိုက်ပြန်ပြီတဲ့။ စီမံကိန်းကို ပြန်ဆွဲနေပြီတဲ့။

 

ကျွန်တော်ကတော့ စိတ်ဒုံးဒုံး ချလိုက်ပါပြီ။ နောက်ဆုံး လမ်းဘေး တဲထိုးပြီး မနေရလောက်ပါဘူးလေ၊ အနိမ့်ဆုံး တိုက်ခန်းလေး တစ်ခန်းတော့ ရကောင်းရဲ့ဟုပဲ ဖြေသိမ့်လိုက်ရသည်။ သို့သော် စီမံကိန်းဆိုသည်ကလည်း ဘာသံမှ ထပ်မကြားရသေး။ ထိုစဉ်ကာလ ပွဲလမ်းတစ်ခု၌ မြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဖော်ဟန်နှင့် တွေ့သောအခါ ကျွန်တော့်ကို မြင်သည်နှင့် “ဆရာဆူးတို့ သရက်ကုန်းစီမံကိန်းကို ဘာလို့လဲ မသိဘူး၊ နေပြည်တော်က ဒုချုပ်ကိုယ်တိုင် ချက်ချင်း ရပ်ခိုင်းထားတယ်ဗျ” ဟု ပြောပြသည်။ ကျွန်တော်လည်း သက်ပြင်း ချလိုက်ရပြန်သည်။

 

 

ရွေးကောက်ပွဲ ဖြင့် တက်လာသည့် အစိုးရ
———————————————-
ဤသို့ဖြင့် ၂၀၁၀ခုနှစ်တွင် ရွေးကောက်ပွဲဖြင့် သမ္မတကြီးဦးသိန်းစိန် အစိုးရတက်လာပြီ။ ဘာပဲပြောပြော ရွေးကောက်ပွဲ ဖြင့် တက်လာသည့် အစိုးရမို့ မဲဆန္ဒရှင် မျက်နှာကြည့်ရမည်။ အစိုးရသစ်ကလည်း တက်လာသည်နှင့် ဆင်းရဲသားပပျောက်ရေး၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ တိုးတက်ရေးအပေါ် ဦးစားပေးရေးဟူသော သမ္မတကြီး၏ ပွဲဦးထွက် မိန့်ခွန်းများကြောင့် ကိစ္စရပ်တိုင်းက လိမ့်လိမ့်လဲလဲ မဖြစ်လောက်ဟု အားတင်းထားရသည်။ အလားတူ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်များ ကလည်း ဥပဒေအထက်မှာ မည်သူမှ မရှိစေရ၊ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်ပြီး မတရားဖိနှိပ် အမြတ် ထုတ်ချယ်လှယ်မှုများ မရှိစေရ ဟူသော အာမခံချက်များကိုလည်း ကြားသိရသည်။

 

ထို့ပြင် အသစ်ဖွဲ့စည်းလိုက်သည့် လွှတ်တော်များကလည်း ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဟူသော ကြွေးကြော်သံများကြောင့်လည်း ကျွန်တော်တို့ ရပ်ကွက်လေး တရားဝင်ဖြစ်ရေး မျှော်လင့် လာမိသည်။ အခုတော့ ရပ်ကွက်ဓမ္မာရုံဘုရားပွဲအတွက် ပွဲမိန့်ခံသည်ကိုပင် ကျူးကျော်ရပ်ကွက်မို့ ပွဲမိန့် တရားဝင်မရခဲ့။ ထောက်ခံစာ သွားတောင်းသည်ကိုပင် ရပ်ကွက်ဥက္ကဋ္ဌက အသိအမှတ် မပြုသည့် ရပ်ကွက်မို့တဲ့ လက်မှတ်ထိုးမပေး။ သရက်ကုန်းရက်ကွက်သား ဖြစ်ရသည်မှာ အောက်တန်းကျ လှ၏။

 

သို့သော် ၂၀၁၂ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့က ကျင်းပသော တိုင်းဒေသကြီးလွှတ်တော်၏ ပထမအကြိမ် စတုတ္ထပုံမှန်အစည်းအဝေးတွင် ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် အမှတ်၁ကိုယ်စားလှယ်က သရက်ကုန်းရပ်ကါက်နှင့် ပတ်သက်ပြီး တရားဝင်ဂရန်ရရှိရေး ကို မေးမြန်းသောအခါ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက တိုင်းအစိုးရအဖွဲ့ ကိုယ်စား ဖြေကြားရာ၌တောဂရံဆိုသော စာရွက်စာတမ်းများ ပြန်လည်စီစစ်ရေး၊ တရားဝင် ပိုင်ဆိုင်မှု အထောက်အထား တိတိကျကျမရှိဘဲ ဝင်ရောက်နေထိုင်သူ တိုးပွားလာခြင်း စသည့် အချက်များအရ ယခင်မှားယွင်းခဲ့သော အစီအစဉ်များကို စီစစ်ပြီး မူလစီမံကိန်းအား ပြန်လည်ဆောင်ရွက်မည်ဟု ဖြေကြားကြောင်း သိရှိရပြန်၏။ သြော်.. မပြီးသေးသော သရက်ကုန်းရယ်ဟု ပြောရပေဦးမည်လေ။

 

ဆူးငှက်

Related posts

✕
VOM News

FREE
VIEW