အောက်တိုဘာ ၂၁ ၊ ၂၀၂၆
GG (VOM)
ရဟန်း ၊ သာမဏေ ၊ သီလရှင်တွေအနေနဲ့ ကိုယ်တိုင် ဆိုင်ကယ် ၊ကားမောင်းနှင်တာ ၊ လိုင်စင်မဲ့ကားစီးနင်းတာ ၊ ကျောင်းမှာ လိုင်စင်မဲ့ကား ထားရှိတာတွေ မလုပ်ဖို့ မန္တလေးတိုင်းသာသနာရေးမှူးရုံးက စာထုတ်အသိပေးလာပါတယ်။
ဒါကြောင့် သက်ဆိုင်ရာမြို့နယ်သံဃနာယကအဖွဲ့အနေဖြင့် အဆင့်ဆင့်ဆောင်ရွက်သွားဖို့ညွှန်ကြားထားကြောင်းနဲ့ ရဟန်း ၊ သာမဏေ ၊ သီလရှင်တွေအနေနဲ့ ကိုယ်တိုင်ကားမောင်းနှင်မှုနဲ့ပတ်သက်လို့ ပညာပေး ကာလ၊ လိုက်လံစစ်ဆေး သတိပေးကာလ၊ အရေးယူကာလဆိုပြီး အပိုင်းခွဲလုပ်သွားမယ်လို့ သိရပါတယ်။
ပညာပေးကာလကို အခု အောက်တိုဘာလ ၊ နိုဝင်ဘာလ ၊ ဒီဇင်ဘာလ သတ်မှတ်ထားပြီးလိုက်လံစစ်ဆေးသတိပေးကာလကိုတော့ လာမယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၊ ဖေဖော်ဝါရီလ ၊ မတ်လ သတ်မှတ်ထားပြီးနောက် အရေးယူကာလကို ၂၀၂၇ ခုနှစ် ဧပြီလမှစပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ကနဦးသိရပါတယ်။
ခုလို စာထုတ်ကန့်သတ်တဲ့အပေါ် ကျောင်းထိုင်ဆရာတော်တပါးက
” ဘုန်းကြီးတွေ ကိုယ်တိုင်မောင်းတာ သာမဏေသာရုပ္ပမဖြစ်ဘူးဆိုတာ မှန်ပါတယ်။ အဲဒီအတွက် လိုက်နာသင့်တာလည်းမှန်တယ်။ ဒါပေမယ့် ကျောင်းတိုင်းက ဒရိုင်ဘာ ငှားဖို့အဆင်မပြေနိုင်ဘူး။တလငါးသိန်းလောက်လစဥ်ပေးနေရမှာလေ ။ မအေးချမ်းတဲ့ဘက်တွေဆို ဘယ်လိုလုပ်မလဲ ။ ပရဟိတလုပ်နေတဲ့သူတွေဆိုရင်ရော ဘယ်လိုလုပ်မလဲ ။ ညကြီးအချိန်မတော် အရေးပေါ်ကြုံလာလို့ ကားမောင်းသူမရှိရင် ကိုယ်တိုင်မောင်းရတာ ရှိတယ်။ ” လို့ မိန့်ပါတယ်။
ရဟန်း ၊ သာမဏေ ၊ သီလရှင်တွေအနေနဲ့ လိုင်စင်မဲ့ကား စီးနင်းခြင်းနဲ့ ကျောင်းဝန်းအတွင်း လိုင်စင်မဲ့ကားထားရှိခြင်းကို တားမြစ်မယ့်အစား သက်ဆိုင်ရာ ကျောင်းတကျောင်းကို RLG လိုင်စင်ချပေးပါက လိုင်စင်မဲ့ကား စီးနင်း တဲ့ပြဿနာ ဖြေရှင်းပြီးသား ဖြစ်မယ်လို့ သိရပါတယ်။
” ဒီအမိန့်စာတွေမထုတ်ခင် ကျောင်းတကျောင်းကို အဝါရောင် RLG လိုင်စင်တခုချပေးလိုက်ပါလား ။ ဒါဆိုရင် ဒီကားကြီးနဲ့ဘီယာဆိုင်ရှေ့ရပ်တာတွေ မပူရတော့ဘူး။ အခုက RLG လိုင်စင်တော့ ချမပေးဘူး ။ လိုင်စင်မဲ့ကားစီးတာ လာတားတယ်။ RLG လိုင်စင်လမ်းကြောင်းက ရှုပ်ထွေးတော့ မြို့နယ်သံဃနာယက အဆင့်ဘုန်းကြီးတောင်သိပ်မရကြဘူး။ ဘွဲ့တွေအများကြီးရှိတဲ့ ဘုန်းကြီးဆိုရင်တော့ ရချင်ရမှာပေါ့။တချို့ပိုက်ဆံရှိရင်တော့လည်း လိုင်စင်နဲ့ ကားအနက်ကြီးဝယ်စီးကြတယ်။ အဲလိုကားအကောင်းစားကြီးစီးမှတော့ ကျောင်းတိုက်တံဆိပ်လည်း မကပ်ကြဘူး ။ ” လို့ ဆရာတော်တပါးက အကြံပြု မိန့်ပါတယ်။
လက်ရှိမှာ RLG လိုင်စင်တရားဝင်ရယူတဲ့အခါ စည်းကမ်းတင်းကြပ်ထားတဲ့အခြေအနေတွေကြောင့် ဘုန်းကြီးကျောင်းအများစုဟာ လိုင်စင်မဲ့ကားကိုသာဝယ်ယူပြီး ကျောင်းတိုက်နာမည် ၊ ကျေးရွာနဲ့ မြို့နာမည်ရေးသားကာ စီးနင်းနေကြတာလို့ သိရပါတယ်။
ဒေသတချို့မှာတော့ ရဟန်း ၊ သာမဏေ ၊ သီလရှင်တွေကိုယ်တိုင် ကား နဲ့ဆိုင်ကယ်မောင်းနှင်ခြင်း ရှိမရှိကို တာဝန်ရှိသူတွေက စစ်ဆေးမှုပြုလုပ်နေပါတယ်။
ဓာတ်ပုံ – CJ
