ဖားကန့်​ဒေသ လုံးခင်းမှာ လက်နက်ကြီးကျလို့ ထိခိုက် ဒဏ်ရာရသူတွေရှိ

အောက်တိုဘာ ၂၁၊ ၂၀၂၆
Shy V (VOM)
ကချင်ပြည်နယ် ဖားကန့် လုံးခင်းဘက်မှာ ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၃ နာရီ ဝန်းကျင်ခန့်က လက်နက်ကြီးကျလို့ ထိခိုက် ဒဏ်ရာရသူတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဟုတ်တယ်ဗျ။ လက်နက်ကြီးကျတာ ဒီမနက် အစောပိုင်း။ အစောပိုင်းမှာ လက်နက်ကြီး မနက် ၃ နာရီလောက် ကုန်စုံဆိုင်မှာ လက်နက်ကြီး ကျတာ။ ထိခိုက်မှု ရှိတယ်လို့ သိရတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ထိခိုက် ဒဏ်ရာရသူတွေက ၈ ယောက် ရှိတယ်လို့ တချို့ပြောနေကြပေမယ့် အတိအကျမသိရသေးဘူးလို့ သူက ပြောပါတယ်။
“လက်နက်ကြီးကျတဲ့ နေရာမှာက အမျိုးသမီး တယောက် ဒဏ်ရာ ပြင်းတယ်။ ကျန်တဲ့ သူတွေတော့ သိပ်မပြင်းဘူး လို့ပြောတယ်။” လို့ သူက ရှင်းပြပါတယ်။
လက်နက်ကြီးက လုံးခင်း ဆေးရုံကုန်း အောက်နားက ကုန်စုံဆိုင်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် မှော်ထဲ ​ဈေးပတ်ရောင်းဖို့ စောစောစီးစီး လုံးခင်း ဈေးထဲ ဈေးဝယ်နေတဲ့ ဈေးသည်တွေ ထွက်ပြေးကြရာက နောက်ထပ် အမျိုးသမီး တယောက်လည်း ကျည် ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ နောက် ထပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“ဆိုင်ကယ်နဲ့ ပြေးကြတာ။ အမျိုးသမီး တယောက်က စစ်တပ်ရှိတဲ့ ဘက်က‌ေန ဖြတ်ပေးတာ။ မှုန်ဝါးဝါးနဲ့ ဆိုတော့ လှမ်းပစ်ခံရတယ်။ ခါးမှာထိသွားတယ်” လို့ သူက ပြောပါတယ်။
ခါးမှာ ကျည်ထိသွားတာကြောင့် အဲဒီ အမျိုးသမီးက လုံးခင်းဈေးဘက်ထိ ဆိုင်ကယ်ကို ရအောင် ပြန်မောင်းခဲ့ပြီး ဈေးထဲက အသိတွေကို ခါးမှာ ကျည်ထိသွားတာကြောက့် ဆေးရုံ ပို့ပေးဖို့ အကူညီ တောင်းခဲ့တယ်လို့ ဆိုပါတယ်။
“လက်နက်ကြီး ကျသံဝောာ့ ကြားလိုက်တယ်။ တိုက်ပွဲ ဖြစ်တာမျိုးတော့ မဟုတ်ဘူး” လို့ မော်မုံ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
​ဒီလို အရပ်သားတွေ ထိခိုက်ရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတဲ့ ဒေသတွင်း စစ်ရေးအခြေအနေကတော့ အပြည့်အဝ တိုက်ပွဲကြီးတွေ ဆက်တိုက်ဖြစ်နေတာမျိုး မဟုတ်ဘဲ တခါတလေ လုံးဝငြိမ်သက်နေတတ်သလို၊ တခါတလေကျရင်လည်း ကျဉ်းမြောင်းတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဘက်က ညဘက်တွေဆိုရင် ယမ်းချက်စက်ရုံဘက်ကနေ အင်အား ၃၀ လောက်နဲ့ လုံးခင်းထဲကို ဝင်လာလိုက်၊ ဝေလီဝေလင်းအချိန်မှာ ပြန်ထွက်သွားလိုက် လုပ်နေတာတွေ ရှိတဲ့အပြင် ဗျူဟာကုန်းဘက်ကနေလည်း မထင်မှတ်တဲ့အချိန်တွေမှာ တောဘက်တွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တာမျိုးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
အဲဒီလိုပဲ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တခါတလေ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်တာတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ ရှိနေပေမယ့် ဟိုဘက်ဒီဘက် အုံလိုက်ကျင်းလိုက် တိုက်ပွဲကြီးတွေ ဖြစ်နေတာမျိုးတော့ မဟုတ်ဘဲ ဒီလို စစ်ရေးလှုပ်ရှားမှု အပြန်အလှန်တွေ ကြားထဲမှာပဲ ဒေသခံပြည်သူတွေအနေနဲ့ အခုလို ထိခိုက်နစ်နာမှုတွေနဲ့ ရင်ဆိုင်နေကြရဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd#

Related posts

✕
VOM News

FREE
VIEW