အောက်တိုဘာ ၂၁၊ ၂၀၂၆
Shy V (VOM )
တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မှာ အောက်တိုဘာလ ၂၀ ရက်နေ့ မီးလောင်မှုမှာ တရုတ်နိုင်ငံသား မီးသတ်သမားတွေ အပါအဝင် လူတချို့ ထိခိုက် ဒဏ်ရာရကြောင်း မူဆယ် ခရိုင် မီးသတ်ဦးစီးဌာနနဲ့ဒေသခံတွေဆီက သိရပါတယ်။
“မီးဟပ်တဲ့သူတွေရှိပါတယ်။ တရုတ်ဘက်က နှစ်ယောက်ပါပါတယ်။ မြန်မာဘက်က လေး ယောက်ပါ။ စိုးရိမ်စရာတော့ မရှိပါဘူး” လို့ မူဆယ်ခရိုင် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူ တယောက်က ပြောပါတယ်။
မီးဟပ် ဒဏ်ရာရတဲ့ ထဲမှာ မီးစလောင်တဲ့ အချိန် ဆိုင်နောက်မှာနေတဲ့ ကြူးတဲလေးတွေက သုံးယောက် နဲ့ မြန်မာဘက်က မီးသတ်တပ်ဖွဲ့က တယောက် ပါတယ်လို့ သူက ပြောပါတယ်။
ဆီဖြည့်နေစဥ် ကားနောက်ဆုတ်ရာက အုတ်ခုံထိပြီး မီးစထွက်ရာကနေစတင် လောင်ကျွမ်းတာဖြစ်ပြီး မီးလောင် ဆုံးရှူံးမှု တန်ဖိုး သိန်း ၆၀၀ ကျော်ရှိတယ်လို့ သူက ပြောပါတယ်။
ဒေသခံ ပြည်သူတွေအနေနဲ့ နွေ၊ မိုး၊ ဆောင်း မီးကို မပေါ့ဆပဲ နေစေချင်တယ်လို့လည်း သူက ပြောပါတယ်။
“တရုတ်နိုင်ငံသား မီးသတ်သမား သုံးယောက် မီးဟပ်ပြီး အသေးစား ဒါဏ်ရာရရှိသွားတယ်။ မြန်မာနိုင်ငံ မီးသတ်ဦးဌာနက ဝန်ထမ်း တယောက်လည်း မီးဟပ်ဒါဏ်ရာရရှိတယ်။ ဆီကန်ပေါက်ကွဲလို့” လို့ ကူညီ ကယ်ဆယ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မီးလောင်သွားတဲ့ အဆောက်အဦးကတော့ ဆီကန် ၉ လုံးနဲ့ အဆောက်အဦးတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ကလေး ထိမိတာ။ ပြည်သူ့ ဆေးရုံ ပို့ထားတယ်။ ကလေး နှစ်ယောက် ဆော့နေတဲ့အချိန် မီးဟပ်တာ။ ကလေး နှစ်ယောက်၊ ယောက်ျား တယောက်” လို့ နောက်ထပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ကလေး နှစ်ယောက်ကတော့ ၅ နှစ်ခန့်အရွယ် မိန်းကလေး တယောက်နဲ့ ယောက်ျားလေး တယောက်ဖြစ်ပြီး ယောက်ျား တယောက်ကတော့ အသက် ၃၀ ကျော် ၄၀ အရွယ် ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီ သုံးယောက်ကတော့ မီးလောင်တဲ့ နေရာရဲ့ ဘေးဘက်အိမ်က တဲထိုးနေတဲ့ သူတွေ ဖြစ်ပြီး မီးဟပ် ဒဏ်ရာရတာလို့ သူက ပြောပါတယ်။
အရင်ကလည်း ကောင်းမှုလွယ် ရပ်ကွက် ငွေဆင်အိမ်ယာနားက KTV တခုလလည်းအကြီးအကျယ် မီးလောင်ခဲ့ဖူးတယ်လို့ သူက ထပ်ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက် မနက်ပိုင်းကလည်း မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူလမ်းရှိ နဂါးနှစ်ကောင် KTV မှာ ဝါယာရှော့ဖြစ်ပြီး မီးအကြီးအကျယ် လောင်ခဲ့ကာ လူ သုံးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ အချိန်မှာလည်း မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့အပြင် တရုတ်နိုင်ငံဘက်က မီးသတ်တပ်ဖွဲ့ တွေပါ လာရောက် မီးငြှိမ်းသတ် ကူပေးခဲ့ရတဲ့အထိ မီး အရှိန်ပြင်းခဲ့တာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ + မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန
