အောက်တိုဘာ ၂၁ ၊ ၂၀၂၆
GG (VOM)
ရန်ကုန် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် ၃ လမ်းရှိ နေအိမ်တအိမ်မှာ ဒီကနေ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက်အစောပိုင်းက ပစ္စည်းဝင်ခိုးတဲ့သူခိုးက အိမ်ရှင်ကိုသတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက်အစော ၁ နာရီခွဲလောက်မှာ စတိုးဆိုင်နဲ့နေအိမ်တွဲရက်ကို အမျိုးသားသုံးယောက်က ဖောက်ထွင်းဝင်ရောက်ပြီး ပစ္စည်းခိုးယူချိန် အိမ်ရှင်နိုးတာနဲ့ဆုံပြီး အသက် ၂၄ နှစ်အရွယ်ကောင်လေးကို ဓားနဲ့ထိုးသတ်ခဲ့ကာ အဒေါ်ဖြစ်သူအမျိုးသမီးကိုလည်း ဓားနဲ့ထိုးခဲ့တာကြောင့် ဆေးကုသမှုခံယူနေရပါတယ်။
” ဒီမနက် ၁ခွဲလောက်ကဖြစ်တာပါ။ အိမ်ကို သူခိုး ၃ ယောက်က ဝင်ပြီးရှာနေကြတုန်းမှာ ကလေးက အောက်ထပ်ဆင်းတာနဲ့တည့်တည့်တိုးပြီး ၃ ယောက်တယောက်ဓားနဲ့ ထိုးကြတာပါ။ ဓားရိုးတောင်ကျွတ်တယ်။အဲဒီအချိန် အန်တီကဆင်းလာပြီးတွေ့တော့ အန်တီကိုပါ ဓားနဲ့ထိုးတာ။အန်တီကစိုးရိမ်စရာတော့မရှိပေမယ့် ညီလေးကတော့ ပွဲချင်းပြီးပဲ ။ ကျန်တဲ့ ဦးလေးတယောက်နဲ့အန်တီတယောက်တောင် အခန်းထဲပြန်ဝင်ပြီး အခန်းထဲကအော်လို့ ထွက်ပြေးတာ။ ပစ္စည်းတွေတော့ ပါမသွားဘူး။ ခိုးဖို့လာတာကို လူတွေ့တော့ လူကိုသတ်ပြီး အော်တော့ ထွက်ပြေးကြတာ။” လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ကောင်လေးက ဂျပန်သွားဖို့ စီစဥ်နေသူတယောက်လည်းဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဓားပြတိုက်ပြီး လူသတ်မှုကျူးလွန်သူတွေထဲက အမျိုးသားတယောက်ကိုတော့ ဖမ်းဆီးရမိထားပြီး သက်ဆိုင်ရာရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်း ထားကာကျန်တဲ့တရားခံတွေကိုလည်း အမြန်ဆုံး ဖမ်းမိနိုင်ရေး ဆက်လက်စုံစမ်း ရှာဖွေနေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၅ ရက်ကလည်း ရန်ကုန် ၊ မြောက်ဒဂုံမြို့နယ်၊ အမှတ်(၄၂)ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ “စိတ်တိုင်းကျ” အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ကို သတ်ပြီး ပစ္စည်းလုယက်မှုဖြစ်ခဲ့ပြီး တရားခံ သုံးယောက်လုံးကို ဖမ်းဆီးရမိခဲ့ပါတယ်။
စက်တင်ဘာ ၁၅ ရက်ကလည်း မန္တလေး၊ ချမ်းမြသာစည်မြို့နယ်မှာ အသက်ကြီးပိုင်းလင်မယားနှစ်ယောက်ကို နေအိမ်အတွင်းဝင်ရောက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ အမျိုးသားနှစ်ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ ဓါးထိုးခံရလို့ သေဆုံးသူ
