မြန်မာ – အိန္ဒိယ ချစ်ကြည်ရေးလမ်းမကြီးပေါ်က အရေးကြီး တာဝါစတေရှင် စခန်းကို ဒေသတွင်း လက်နက်ကိုင်တွေက ထိန်းချုပ်ထား

 

နိုဝင်ဘာ ၊ ၂၅ ၊ ၂၀၂၃

SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ် ၊ ယာကြီးကျေးရွာနဲ့ လာပို့ကျေးရွာကြား မြန်မာ – အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီးမှာရှိတဲ့ အရေးကြီး တာဝါစတေရှင် စခန်းကို မနေ့ နိုဝင်ဘာ ၂၄ ရက်က ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက တိုက်ခိုက် ထိန်းချုပ်လိုက်တယ်လို့ ကနီမြို့နယ်မှာ နေတဲ့ ဒေသခံတွေဆီက သိရပါတယ်။

” မုံရွာ – ယာကြီး – ကလေးဝ ( မြန်မာ အိန္ဒိယ ချစ်ကြည်ရေး)ကားလမ်းပေါ်က ယာကြီးရွာဆိုတာရှိတယ် ၊ အဲ့ဒီရဲ့အထက် ကွမ်းပင်ရေ နတ်ထိပ် တောင်ဆိုတာရှိတယ် ၊ မဟူနောင်တန်းလို့လည်း ခေါ်တယ် ၊ အဲ့ဒီမှာ ဆက်သွယ်ရေး လုပ်ငန်းအတွက် အချက်ခြာကျတဲ့ အရေးကြီး တာဝါစတေရှင်ဆိုတာရှိတယ် ၊ ဒေသအခေါ်တော့ တာဝါတိုင်ကုန်းလို့ ခေါ်ကြတယ် ၊ အဲ့ဒီ တာဝါတိုင်မှာ နစက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လူလေးငါးဆယ်လောက် နေတယ် ၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်ကစလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ် နှစ်ရက်ဆက်တိုက်လောက် တိုက်ပွဲဖြစ်တယ် ၊ မနေ့ကတော့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက အဲ့ဒီ စခန်းကို ထိန်းချုပ်ထားတယ်လို့ ကြေညာချက်တွေ ထွက်လာတယ်” လို့ ယာကြီးရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီ တာဝါတိုင် စခန်းတိုက်ပွဲနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဒီကနေ့ ထုတ်ပြန်ထားတာက ” ကနီနယ် တာဝါတိုင်တိုက်ပွဲမှာ နစက လုံခြုံရေး တပ်ဖွဲ့ဝင် တဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရတယ် ၊ နောက်ပြီး လက်နက်ငယ် (၁) လက်၊ ကျည်မျိုးစုံ (၂၅၀၀) ကျော်၊ ဗုံးသီး (၁၀၇) လုံး၊ Equipment (၁) ခု၊ ကျည်အိမ် (၂) ခု၊ မိုင်း (၁၆) လုံး၊ အီနာဂါ (၄) လုံးနဲ့ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိတယ် ၊ ဒါ့အပြင် ဒေသတွင်း လက်နက်ကိုင်အဖွဲ့ကလည်း သုံးယောက်သေဆုံးရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ တာဝါစတေရှင် စခန်း တိုက်ခိုက်ခံရတာဟာ အခုတကြိမ်ရောဆိုရင် နှစ်ကြိမ်ရှိတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကလည်း ပထမအကြိမ်တိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံးတာတွေနဲ့ လက်နက်ခဲယမ်းတွေ ဆုံရှုံးရတယ်လို့ သိရပါတယ်။

အဲ့ဒီ ထိတွေ့တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်လို့ ယင်းမာပင်ခရိုင် လုံခြုံရေး အဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွှေပန်းကုံး ရဲစခန်း ၊ ကလေးမြို့နယ် တောင်ပိုင်းက ရန်ကြီးအောင် တပ်စခန်း ၊ တမူးမြို့နယ် ၊ ခါမ်းပါတ်မြို့နယ်ခွဲ ရဲစခန်း ၊ ကောလင်းမြို့ ကောလင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့မရဲစခန်း စတာတွေ တိုက်ခိုက်ခံရပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW