ဝါရှင်တန်၊ ဒီဇင်ဘာ-၁၇-၂၀၂၃
မျိုးဆက်(VOM)
အမေရိကန် သို့မဟုတ် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကို မြောက်ကိုရီးယားက နျူကလီးယားတိုက်ခိုက်မှု မှန်သမျှကို လက်သင့်မခံကြောင်းနဲ့ ဒီလိုလုပ်မယ်ဆိုရင် ကင်ဂျုံအန်အစိုးရ အဆုံးသတ်သွားလိမ့်မယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပူးတွဲကြေညာချက် ထုတ်ပြန် သတိပေးလိုက်ပါတယ်။
တောင်ကိုရီးယားအပေါ် မြောက်ကိုရီးယားရဲ့ နျူကလီးယားတိုက်ခိုက်မှုမှန်သမျှကို လျင်လျင်မြန်မြန် ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်ဆိုတာ ထပ်မံအတည်ပြုတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှု တစိတ်တပိုင်းအဖြစ် နျူကလီးယားတားဆီးရေးဆိုင်ရာ နျူကလီးယားအတိုင်ပင်ခံကောင်စီအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲကို ဝါရှင်တန်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ တတိယအကြိမ်မြောက်ကိုတော့ လာမယ့်နွေရာသီကာလအတွင်း တောင်ကိုရီးယားမှာ ပြုလုပ်မှာဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ တောင်ကိုရီးယား၊ ဂျပန်အပြင် အမေရိကန်ပြည်မကြီးထိ ရောက်ရှိနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို တီထွင်ထုတ်လုပ်လျှက်ရှိပြီး ဒုံးကျည်စမ်းသပ်မှုတွေကိုလည်း ယခုနှစ်အတွင်းမှာ စံချိန်တင် လုပ်ဆောင်နေပါတယ်။
မြောက်ကိုရီးယားဟာ ယခုလအတွင်းမှာ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်နိုင်တယ်လို့ တောင်ကိုရီးယား လက်ထောက်အမျိုးသားလုံခြုံရေးအကြံပေး ကင်တေးဟိုက ထုတ်ဖော်ပြောကြားထားပါတယ်။
Ref:Reuters
Photo: Reuters