မြင့်တက်နေတဲ့ ကုန်ဈေးနှုန်း၊ ဝင်ငွေထွက်ငွေနဲ့ အခြေခံလူတန်းစားတို့ အခက်အခဲ

 

ဒီဇင်ဘာ-၂၃-၂၀၂၃

SN (VOM)

လက်ထဲကပိုက်ဆံ တသောင်းတန် တရွက်ကိုကြည့်ပြီး မအိခိုင်တယောက် တွေဝေနေပါတယ်။ ဈေးထဲမှာ ရှေ့နောက် လျှောက်နေရင်း ဒီပိုက်ဆံနဲ့ ဘယ်လိုလောက်ငှအောင် ဝယ်ခြမ်းရမလဲ ဆိုတာက မအိခိုင်တို့လို အိမ်ရှင်မတွေအတွက် တနေ့တနေ့ ခေါင်းပူအောင် စဉ်းစားရတဲ့ကိစ္စတခုပါ။

အရင်ကတော့ ဈေးဖိုးသုံးဖို့ ဒီ ပိုက်ဆံတသောင်းလောက်နဲ့တင် မအိခိုင်အတွက် အဆင်ပြေခဲ့တာပါ။ ဒါပေမယ့် လက်ရှိ ကုန်ဈေးနှုန်းအရတော့ လက်ထဲရှိတဲ့ ပိုက်ဆံတသောင်းက မအိခိုင်ကို လှောင်ပြောင်နေသလိုပါ။

“အရင်တော့ ဈေးဝယ်ဖို့ ပိုက်ဆံက ဒီ တသောင်းလောက်နဲ့ အဆင်ပြေတယ်။ အခုတော့ အသားငါး ဈေးတွေတင်မကဘူး။ ဟင်းရွက်ဈေးတွေရော အစစအရာရာ အကုန်တက်နေတော့ လက်ထဲရှိတဲ့ ပိုက်ဆံတောင် မလောက်ချင်ဘူး” လို့ ‌မအိခိုင်က ခပ်ညည်းညည်းလေး ပြောရှာပါတယ်။

အတက်အကျ အနိမ့်အမြင့်ရှိတဲ့ အထွေထွေကုန်ဈေးနှုန်းဟာ သုံးနှစ်နီးပါးကာလအတွင်း အတက်ကြမ်းနေပြီး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် အရှိန်အဟုန်ပြင်းပြင်းနဲ့ ရိုက်ခတ်ခံနေရတာပါ။ ငွေကြေးတတ်နိုင်သူတွေ လက်လှမ်းမီတဲ့ ရွှေကအစ အခြေခံစားသောက်ကုန်အထိ ဈေးတက်နေတာဖြစ်ပြီး ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အကြီးအကျယ် ခါးစည်းခံနေကြရပါတယ်။

ကုန်ဈေးနှုန်းတက်လာရင် ပထမဆုံး ထိခိုက်မယ့်သူတွေဟာ မအိခိုင်တို့လို လက်လုပ်လက်စား ဆင်းရဲသားတွေ၊ ပုံသေဝင်ငွေရတဲ့ လခစားသမားတွေဖြစ်ပါတယ်။ လက်ရှိမှာလည်း ကုန်ဈေးနှုန်းတက်ခြင်းဟာ ပမာဏများပြီး အရှိန်အဟုန်မြင့်လာတာကြောင့် ဒီကာလ ပိုမိုကြာရှည်လာခဲ့ရင်တော့ လူလတ်တန်းစားတွေနဲ့ ငွေကြေးချမ်းသာသူတွေကိုပါ ထိခိုက်လာမှာ ဖြစ်ပါတယ်။

“ကျွန်မယောင်္ကျားက တက္ကစီမောင်းတယ်။ ကျွန်မကတော့ အရင်က အထည်ချုပ်စက်ရုံမှာ လစာ နှစ်သိန်းကျော်ကျော်နဲ့ အလုပ်လုပ်တယ်။ နောက်ပိုင်း စက်ရုံက အော်ဒါမရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားတွေ လျှော့လိုက်တော့ ကျွန်မ အလုပ်လက်မဲ့ဖြစ်သွားတယ်။ အခုတော့ လမ်းထိပ်မှာ ညနေပိုင်းလေးထွက်ပြီး တို့ဟူးနွေးလုပ်ရောင်းနေတယ်။ ယောင်္ကျားကလည်း တက္ကစီမောင်းတဲ့ အလုပ်လေးရှိတော့ပါရဲ့။ ဆီမရလို့ ကားမောင်းရတာ အဆင်မပြေဘူး။ မိသားစုက အိမ်မှာ ကျွန်မအမေရယ်၊ သားနှစ်ယောက်ရယ်၊ စုစုပေါင်း ငါးယောက်ရှိတယ်။ သားကြီးက ခုနစ်တန်း၊ သားငယ်လေးက မူကြို။ အိမ်မှာ ပိုက်ဆံရှာတဲ့သူက ကျွန်မတို့လင်မယားနှစ်ယောက်ပဲရှိတာ။ အလုပ်အကိုင် အဆင်မပြေရတဲ့အထဲ ကုန်ဈေးနှုန်းက တက်သထက် တက်လာတော့ အကြွေးက လည်ပင်းနစ်ရုံတင် မကတော့ဘူး။ အိမ်ကလည်း ငှားနေရတာ။ အိမ်လခတင် တလ တသိန်းနှစ်သောင်းရှိတယ်” လို့ မအိခိုင်က ပြောပါတယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နှစ်နှစ်ကျော်၊ သုံးနှစ်နီးပါး ရှိလာချိန်မှာ မြန်မာနိုင်ငံတစ်ဝန်း ကုန်ဈေးနှုန်းတွေ တဖြည်းဖြည်း မြင့်တက်လာနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မအိခိုင်တို့လို တနေ့လုပ်မှတနေ့စားရတဲ့ အခြေခံလူတန်းစားတွေအဖို့ စားဝတ်နေရေးအတွက် အခက်အခဲ အကြပ်အတည်းတွေနဲ့ ပိုပြီး ရင်ဆိုင်နေကြရတာပါ။

လက်ရှိ ဆန်ဈေးကွက်ထဲမှာ ဆန်ကြမ်းဈေး အနည်းငယ်တက်နေပြီး ဆန်ချောဈေးက ဆန်သစ် အဝင်ကြောင့် ငြိမ်နေပါတယ်။ ဇီယာဟောင်းတအိတ် ရှစ်သောင်းခွဲ၊ ဆင်းသွယ် ရက် ၉၀ လက်ကားဈေး ကိုးသောင်းခွဲ ဖြစ်နေပြီး ဆန်‌ချောဖြစ်တဲ့ ရွှေဘို ထိပ်စ တအိတ် တသိန်းရှစ်သောင်းခွဲ၊ တောင်ပျံ တသိန်းလေးသောင်း၊ ပေါ်ဆန်းမွှေးတအိတ် တသိန်းနှစ်သောင်းထိ ဈေးရှိနေပါတယ်။

“အခုအချိန်က ဈေးကွက်ထဲမှာ ဆန်အဟောင်း ရှားနေပြီ။ အဟောင်းက သိပ်မရှိတော့ဘူး။ ရှာရခက်လာတယ်၊ အဲ့ဒါကြောင့် ဈေးတွေလည်း တက်လာတယ်။ ဒါပေမယ့် ဆန်အဟောင်းက အရောင်းအဝယ်သွက်တယ်။ ဆန်အသစ်ကတော့ အရောင်းအဝယ်ပါးတယ်။ လက်ရှိ တက်ဈေးတွေနဲ့ဆို ရှေ့နှစ်မှာ ဆန်ဈေးကတော့ ဆန်ချောတအိတ်ကို နှစ်သိန်းလောက်အထိ ဖြစ်လာနိုင်တယ်” လို့ ဆန် လက်လီလက်ကား ရောင်းချသူတယောက်က ပြောပါတယ်။

ဒါ့အပြင် စားသုံးဆီနဲ့ ပတ်သက်လို့လည်း လက်လီဈေးတွေက ပြင်ပ ဆီအရောင်းဆိုင်တွေမှာ စားအုန်းဆီ တပိဿာကို ၈၀၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေပြီး ပဲအရောဆီမှာ တပိဿာကို တသောင်းငါးထောင်ကျပ်၊ ပဲဆီမှာ အမျိုးအစားပေါ်မူတည်ပြီး တပိဿာ တသောင်းခုနစ်ထောင်ကျပ်ကနေ နှစ်သောင်းခွဲကျပ်ကြား ရှိနေပါတယ်။ အဲ့ဒီ့လိုပဲ ဆုံဆီမှာလည်း တပိဿာ နှစ်သောင်းရှစ်ထောင်ကျပ် ဝန်းကျင်ဈေး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ပိုက်ဆံရှိတဲ့သူတွေကတော့ အိမ်မှာ ဆန်စုထားမယ်၊ ဆီစုထားမယ် လုပ်နိုင်ပေမယ့် ကျွန်မတို့ကတော့ ဆီတောင် ပုံးနဲ့ဝယ်စားနိုင်တဲ့အထဲမပါဘူး။ လမ်းထိပ်မှာ မိသားစုလိုက် ဆန်တိုး၊ ဆီတိုးနဲ့ ဝမ်းစာမှန်အောင် မနည်း ရုန်းကန်နေရတဲ့ အခြေအနေ။ ဟိုဘက်ရပ်ကွက်မှာ ဆီပေးတယ်ဆိုလည်း ပြေးတိုးလိုက်ရတာပဲ။ ဆီတိုးရင်း ရန်တွေလည်း ဖြစ်ကြပေါ့။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ ကိုယ့်ဝမ်းနာကိုယ်ပဲ သိတယ်မဟုတ်လား။ ကိုယ့်ရှိတဲ့ပိုက်ဆံထဲက အပိုထွက်လို့ထွက်ငြား အပင်ပန်းခံတိုးရတာပဲ။ အဲ့လို ဟိုဘက်ရပ်ကွက်၊ ဒီဘက်ရပ်ကွက်‌တွေတင် မကဘူး။ တခြားမြို့နယ်ဘက်‌တွေလည်း ဘယ်နေရာ ဆီပေး၊ ဆန်ပေးလဲ၊ ပေးတဲ့ဆီရောက်တာပဲ။ ဆန်ကလည်း ချက်ဖို့လိုသလောက်ပဲ တနေ့ရတဲ့ထဲက တနေ့စာ ဝယ်စားရတဲ့သူတွေဆိုတော့ အပင်ပန်းခံပြီး ချွေတာနိုင်သလောက် ချွေတာရတာပေါ့” လို့ မအိခိုင်က ဆီထည့်မယ့် ရေသန့်ဘူးအလွတ်လေးတွေကို ခြင်းတောင်းထဲထည့်ရင်း ပြောပါတယ်။

အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းတွေ၊ စားသုံးဆီ၊ စက်သုံးဆီ စတဲ့ ဈေးနှုန်းတွေနဲ့ပက်သက်လို့ ဈေးကစားမှုတွေ အလွန်အကျွံဖြစ်လာခဲ့ရင် အရေးယူမယ်လို့ နစကဘက်က ပြောဆိုထားတဲ့အပြင် ကုန်ဈေးနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကိုပါ ဖွဲ့စည်းထားပေမယ့် လက်ရှိ ဈေးကွက်အတွင်းမှာတော့ ကုန်ဈေးနှုန်းတွေက တက်မြဲ၊ တက်နေဆဲ ဖြစ်ပါတယ်။

လက်လီဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းတွေလည်း မြင့်တက်နေပြီး တပိဿာကို ၄၇၀၀ ကျပ်ကနေ ၅၁၀၀ ကျပ် ဝန်းကျင်နဲ့ ရောင်းချနေကြပါတယ်။ ကြက်သွန်ဖြူကတော့ တပိဿာကို ကျပ် တသောင်းရှစ်ထောင်ကနေ နှစ်သောင်း ဝန်းကျင်ကြား ဖြစ်ပေါ်နေပြီး အာလူးတပိဿာကတော့ ကျပ် ၃၅၀၀ ဈေးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကုန်စိမ်းဈေးကွက်ထဲမှာတော့ ကန်စွန်းရွက် (တရုတ်ကန်စွန်း) မှာ တစည်းကို ၆၀၀ ကျပ်၊ လယ်ကန်စွန်းနဲ့ ကန်စွန်းရိုးနီတို့မှာ တစည်းကို ၃၅၀ ကျပ်မှ ၄၀၀ ကျပ်ဝန်းကျင်၊ ချဉ်ပေါင်ရွက် အစည်းအသေး ၃၀၀ ကျပ်ဝန်းကျင် စတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချနေကြပါတယ်။ ခရမ်းချဉ်သီးကတော့ တပိဿာ ၃၀၀၀ ကျပ်ဈေး၊ ခရမ်းချဉ်သီး (အင်းသီး) မှာ ၄၀၀၀ ကျပ်ဈေး စသဖြင့် ရောင်းချနေသလို ဘူးသီးတွေကတော့ တလုံး ၇၀၀ မှ ၈၀၀ ကျပ် ဝန်းကျင်၊ ခရမ်းသီးမှာ ၅၀၀ မှ ၆၀၀ ကျပ် ဝန်းကျင်၊ တို့စရာ သရက်သီးအကင်း‌လေးတွေကတော့ တလုံး ၄၀၀ စသဖြင့် ရောင်းချလျက်ရှိတယ်လို့ လက်လီဈေးကွက်အတွင်းက သိရပါတယ်။

အသား၊ငါး ဈေးကွက်အတွင်းမှာလည်း မွေးမြူရေးကြက် တပိဿာကို တသောင်းနှစ်ထောင်၊ မြန်မာကြက်က နှစ်သောင်းကနေ နှစ်သောင်းကျော်ရှိပြီး အမဲသားကတော့ တပိဿာကို တသောင်းရှစ်ထောင်ကျပ်အထိ ပေးရကာ ဝက်သားဈေးနဲ့ အတူတူပဲလို့ သိရပါတယ်။

ငါးကြင်းကတော့ တဆယ်သားကို ၁၀၀၀ ကျပ်မှ ၁၃၀၀ ကျပ်ကြားဝန်းကျင်၊ ငါးမြစ်ချင်းမှာ ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်ဝန်းကျင်နဲ့ ငါးကျီး၊ ငါးခူတို့မှာ ၁၃၀၀ ကျပ်ဝန်းကျင်၊ ကကတစ်မှာ ၁၃၀၀ ကျပ်ဝန်းကျင် ရှိနေပြီး ငါးသလောက်တွေကတော့ အရွယ်အစားသေးငယ်တဲ့ အကောင်တွေက တဆယ်သား ၁၃၀၀ ကျပ်ဝန်းကျင်၊ အကောင်ကြီးတွေက တဆယ်သား ၁၈၀၀ ကျပ် ဝန်းကျင်နဲ့ ရောင်းချနေကြတယ်လို့ သိရပါတယ်။ ဒီဈေးနှုန်းတွေဟာ အချိန်နဲ့ နေရာဒေသပေါ်မူတည်ပြီး ပြောင်းလဲမှုရှိနိုင်ပါတယ်။

လောင်စာဈေးကွက်ဖြစ်တဲ့ မီးသွေးဈေးကွက်ကတော့ ပို့ဆောင်ခနဲ့ တောထဲ မီးသွေးဖုတ်ရာမှာ အရင်လို လုံခြုံရေးမကောင်းတော့တဲ့အတွက် တပိဿာကို နှစ်ထောင်ကျပ်ကနေ ပြန်မဆင်းသေးပါဘူး။ အိမ်သုံး၊ စား‌သောက်ဆိုင်သုံး LPG ဓာတ်ငွေ့ကတော့ ယိုးဒယားလမ်းပိတ်နေတဲ့အတွက် တောက်လျှောက်တက်နေပြီး သဘာဝဓာတ်ငွေ့ တပိဿာကို ကျပ် ၇၅၀၀ ကနေ တသောင်းခွဲဝန်းကျင်အထိရှိပြီး ဂက်စ်ဘူး အသေးတဘူးကို ကျပ် ၁၂၀၀ မှ ၁၄၀၀ ကျပ်အထိ ရှိလာတယ်လို့ သိရပါတယ်။

အခုလို ကုန်ဈေးနှုန်း မြင့်တက် ပြောင်းလဲမှုတွေကို ကြည့်ခြင်းအားဖြင့် ပြည်သူတွေဟာ နေ့စဉ်ပုံမှန်စားသုံးနေရတဲ့ စရိတ်ကို နှစ်ဆ၊ သုံးဆခန့် ပိုသုံးနေကြရတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ စားသုံးဆီ၊ စက်သုံးဆီ အပါအဝင် စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း စတာတွေကို ပြည်ပနိုင်ငံအသီးသီးကနေ တင်သွင်းနေရပြီး သွင်းကုန်ကို အဓိက အားထားနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နယ်မြေမတည်ငြိမ်မှုတွေကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရာမှာ အချိန်ကြန့်ကြာမှုတွေ ရှိနေပြီး ဈေးကွက်ထဲ ကုန်စည်အဝင် နောက်ကျကာ ပစ္စည်းပြတ်တာတွေကြောင့် ဈေးနှုန်းအပေါ် သက်ရောက်မှု ရှိနေပါတယ်။

ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ စက် သုံးဆီဈေးတွေ တက်ခြင်းကလည်း ပြည်ပမှတင်သွင်းတဲ့ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းတွေ၊ စိုက်ပျိုးရေးသွင်းအားစုတွေ၊ ကုန်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဈေးနှုန်းကြီးမြင့်စေပါတယ်။ လက်ရှိ နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျနေတဲ့ အခြေအနေမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာနဲ့အတူ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးစီးဆင်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ကမ္ဘာ့ လောင်စာဆီဈေး မြင့်တက်မှု၊ စီးပွားရေးလုပ်ငန်းတွေအတွက် လျှပ်စစ်မီးပုံမှန်မရရှိမှု စတဲ့ အချက်တွေက ပြည်သူလူထုကို ကျပ်တည်းမှုတွေ ပိုမိုဖြစ်လာစေတယ်လို့ စီးပွားရေးလေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

“‌ကုန်ဈေးနှုန်းကတော့ ထပ်တက်ဦးမှာပဲ။ ဒါကတော့ ၁၀၀ ရာခိုင်နှုန်းအသေအချာပဲ။ ကုန်စည်ရှားပါးမှု၊ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ထိန်းရခက်နေဦးမှာပဲ။ နိုင်ငံခြားငွေ ဈေးနှုန်းတွေကလည်း ဆက်ပြီးတက်နေတဲ့အတွက် စားဆီ၊ စက်သုံးဆီလို ပြင်ပကဝယ်ရတဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းကိုတော့ ရုတ်တရက် ကျဆင်းသွားအောင် ထိန်းကျောင်းဖို့ မလွယ်ကူနိုင်ဘူး။ ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီအနေနဲ့ကလည်း ဒါကိုငြိမ်အောင်၊ ရပ်တန့်အောင် လုပ်ဖို့ ခက်လိမ့်မယ်၊ ရှင်းရှင်းပြောရရင် မလုပ်နိုင်ဘူး။ တကယ့်လက်တွေ့ မြေပြင်အနေအထားအရ လုပ်လို့ အဆင်မပြေတာတွေ အများကြီးရှိတယ်လေ။ အဓိက က ဒေါ်လာကိစ္စပါပဲ၊ ဒေါ်လာကြောင့် နောက်ဆက်တွဲ ဂယက်တွေရိုက်သွားတာ” လို့ စီးပွားရေး လေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဘဏ်ရဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှာလည်း ပဋိပက္ခနဲ့ ငွေကြေးဖောင်းပွမှုကြောင့် မြန်မာ့စီးပွားရေး နာလန်ထမှု နှေးကွေးတယ်လို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပဋိပက္ခအခြေအနေတွေ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု အတားအဆီးတွေ၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှုနဲ့ ငွေကြေးဖောင်းပွမှု အခြေအနေပေါင်းစုံရဲ့ ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြောလာပါတယ်။

ဒါ့ကြောင့် ကာလတိုအတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်း အနည်းငယ်သာရှိတယ်လို့ ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်ရဲ့ တနှစ်ကို နှစ်ကြိမ်ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာက ဆိုပါတယ်။ “ပဋိပက္ခကြားမှ စိန်ခေါ်မှုများ” လို့ အမည်ပေးထားတဲ့ အဲ့ဒီ့ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက ၂၀၂၄ ခုနှစ်၊ မတ်လအထိ (၁) ရာခိုင်နှုန်းသာ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ပဋိပက္ခဖြစ်ပွားမှုတွေ အရှိန်အဟုန် ဆက်လက် မြင့်မားလာခြင်း မရှိတော့တဲ့တိုင်အောင် လာမယ့် ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးနေဦးမှာဖြစ်တယ်လို့ အဲ့ဒီ့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ်မှာလည်း စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍတွေအတွင်း နှေးကွေးကြန့်ကြာမှုတွေ ဆက်လက် ကျယ်ပြန့်လာနေနိုင်တယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

“စီးပွားရေးအခြေအနေတွေ ဆိုးရွားလာနေပြီး အနာဂတ်အတွက် မသေချာမရေရာမှုတွေကလည်း ပိုပြီး ဆိုးလာပါတယ်။ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ဝင်ငွေအများစုကို အစားအစာအတွက်သာ သုံးစွဲနေရတဲ့၊ ကုန်ဈေးနှုန်း မြင့်တက်မှု ပိုမြန်တဲ့ ဒေသတွေမှာ နေထိုင်ရတဲ့ အခြေခံလူတန်းစားတွေကို ပိုပြီး ထိခိုက်စေပါတယ်”လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို သုံးနိုင်ငံ ဌာနေကိုယ်စားလှယ် မာရီယမ်ရွာမန်က ပြောပါတယ်။

မြန်မာ့နိုင်ငံရဲ့ စီးပွားရေးပမာဏက လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်း ဆက်လက် နိမ့်ကျနေပြီး အရှေ့အာရှဒေသမှာ ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီရှိခဲ့တဲ့ စီးပွားရေးအခြေအနေဆီ ပြန်မရောက်နိုင်တဲ့ တခုတည်းသော နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်း အညွှန်းကိန်းတွေဟာလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်လယ်ကတည်းက ဆိုးရွားလာနေခဲ့ပြီး မတ်လကတည်းက ၁၆ ရာခိုင်နှုန်း ပိုမိုကျဆင်းခဲ့ကာ စက်တင်ဘာလမှာ ၅၆ ရာခိုင်နှုန်းသာ လည်ပတ်နိုင်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး သုံးနှစ်နီးပါး ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး အစရှိတဲ့ ကဏ္ဍတွေမှာ နစကရဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် တိုင်းပြည်စီးပွားရေးမှာ အဘက်ဘက်ကနေ ဆုတ်ယုတ် ကျဆင်းလာနေပြီး ဒီကိစ္စရပ်က ကဏ္ဍတော်တော်များများမှာ ရိုက်ခတ်မှု ရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီကိစ္စရပ်တွေကို မကိုင်တွယ်နိုင်သမျှ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဟာလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။

ကုန်ဈေးနှုန်းတွေ တက်လာပေမယ့်လည်း စက်ရုံအလုပ်သမားတွေ အပါအဝင်၊ အခြေခံ အလုပ်သမားတွေအဖို့ တနေ့ဝင်ငွေက လွန်ခဲ့တဲ့ နှစ်တွေကအတိုင်းပဲ မပြောင်းလဲသေးပါဘူး။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း မြန်မာနိုင်ငံမှာ အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီနဲ့ ဆေးဝါး၊ မီးဖိုချောင်သုံးကုန်ပစ္စည်း၊ စက်သုံးဆီဈေး‌နှုန်းတွေ ဈေးတက်လျက်ရှိရာမှာ အခုနှစ်ကုန်ပိုင်းမှာတော့ အဆိုးရွားဆုံး ဖြစ်လာနေပါတယ်။

မြန်မာ့စီးပွားရေး ကျဆင်းနေတာကြောင့် ပြည်သူတွေရဲ့ ဝယ်ယူစား သုံးနိုင်စွမ်း ကျဆင်းနေချိန်မှာ မြွေပူရာကင်းမှောင့် ဆိုသလို ဒေါ်လာဈေး၊ စက်သုံးဆီဈေးနဲ့ ကုန်ဈေးနှုန်းတွေ ကဆုန်စိုင်း မြင့်တက်နေတာတွေက အကျပ်အတည်းကြားက ပြည်သူတွေအပေါ် ထပ်ဆင့် ထိုးနှက်နေမှုတွေပဲ ဖြစ်ပြီး ဝင်ငွေ နဲ့ ထွက်ငွေ မမျှတဲ့ ပြဿနာကတော့ ကြီးမားတဲ့ စိန်ခေါ်မှုတရပ်အဖြစ် ဆက်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ ။

 

Related posts

Leave a Comment

VOM News

FREE
VIEW