မြောက်ဦးမြို့အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် ပြည်သူ တယောက်သေ၊ လေးယောက် ဒဏ်ရာရ

 

ဒီဇင်ဘာ ၂၄ – ၂၀၂၃

SN (VOM)

ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်၊ မနက်အစောပိုင်းမှ စတင်ကာ မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ တယောက်သေ၊ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြောက်ဦးမြို့အဝင် ငွေတောင်ပေါက်အနီးရှိ ရဲစခန်းနဲ့ သူတော်မတောင် စစ်စခန်းတို့ကို ရက္ခိုင့်တပ်တော် (AA) က ဒီကနေ့ မနက် ၃ နာရီ၊ မိနစ် ၅၀ ဝန်းကျင်အချိန်က စတင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက် အပြန်အလှန်ပစ်ခတ်ကြကာ မနက် ၉ နာရီကျော်ဝန်းကျင်အထိ တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်က ရွာတွေဆီ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ရွာဟောင်းတောကျေးရွာမှ တဦး၊ ဆင်ချဆိပ်ရပ်ကွက်က လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် မြောက်ဦးမြို့ဆေးရုံကို ပို့ဆောင်ထားတာမှာ ဆင်ချဆိပ်ရပ်ကွက်က ကိုလင်းဇော်ထွန်း (၂၉) နှစ် ဆိုသူဟာ ဆေးကုသမှု ခံယူနေချိန်အတွင်း ရရှိတဲ့ဒဏ်ရာတွေ ပြင်းထန်လွန်းတာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“သေဆုံးသွားတဲ့ ကိုလင်းဇော်ထွန်းက ပေါင်နဲ့ ဦးခေါင်းမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတာပါ။ ရရှိတဲ့ ဒဏ်ရာတွေနဲ့ပဲ မြောက်ဦးဆေးရုံမှာ ဒီမနက် ၁၀ နာရီကျော်လောက်က ဆုံးသွားပါပြီ။ တိုက်ပွဲကတော့ ဒီမနက် အာရုံတက်ချိန် ၄ နာရီထိုးခါနီးလောက်ကတည်းက သေနတ်သံတွေ စ ကြားရတာ။ ‌တမြို့လုံး လန့်နိုးကုန်တယ်။ အရပ်လေးမျက်နှာလုံး ဆူညံနေတာပဲ။ ရွာတွေထဲရော၊ မြို့ပေါ်ရော လက်နက်ကြီးတွေ ကျတယ်။ ကိုယ့်အိမ်ထဲကိုယ် မနေရဲလို့ ပြေးတဲ့သူတွေလည်း ပြေးကုန်ကြပြီ” လို့ မြို့ခံတယောက်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် မြို့စွန်မှာရှိတဲ့ ရဲတပ်ရင်းအပါအဝင် ၅၄၀ တပ်ရင်း၊ ၃၇၇ တပ်နဲ့ ၃၇၈ တပ်ရင်းတို့က လက်နက်ကြီးတွေ ပစ်ကူပေးခဲ့တဲ့အတွက် မြို့တမြို့လုံး ဆူညံသံတွေ ဖြစ်ပေါ်နေပြီး နေအိမ်၊ လူနဲ့ တိရစ္ဆာန် ထိခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ဒီမှာ တိုက်ပွဲဖြစ်တော့မယ်ဆိုတာ ၂၂ ရက်နေ့ကတည်းက သတင်းတွေထွက်နေတာ။ တချို့တွေလည်း စိုးရိမ်ပြီး အဲ့အချိန်ကတည်းက မြို့ကနေ လူ ထောင်နဲ့ချီပြီး ထွက်ပြေး တိမ်းရှောင်ကြတာတွေလည်း ရှိတယ်။ ဒီမနက်မှာလည်း ထွက်ပြေးကြတဲ့သူတွေရှိတယ်” လို့ နောက်ထပ် မြို့ခံတယောက်က ပြောပါတယ်။

မြောက်ဦးမြို့မှာ အုပ်စု ၇ အုပ်စုရှိပြီး ရပ်ကွက်ပေါင်း ၄၀ ကျော်ရှိကာ မြို့နေ လူဦးရေ ငါးသောင်းနဲ့အထက် ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေဟာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ် စတဲ့ မြို့နယ်တွေအထိ တဖြည်းဖြည်းကျယ်ပြန့်လာနေပြီး တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူဦးရေဟာလည်း တသိန်းလေးသောင်းကျော်ဝန်းကျင် ရှိလာပြီဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားချိန် နိုဝင်ဘာ ၁၃ ရက်ကနေ လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း ၄၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်အထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW