ဂျပန်ဓါတုဗေဒ ကုန်တင်သင်္ဘောတစင်း အီရန်ဘက်က မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံရ

 

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၄-၂၀၂၃

မျိုးဆက်(VOM)

ဂျပန်ဓါတုဗေဒ ကုန်တင်သင်္ဘောတစင်းဟာ အိန္ဒိယသမုဒ္ဒရာအတွင်းမှာ အီရန်ကစေလွှတ်လိုက်တဲ့ မောင်းသူမဲ့လေယာဉ်တစင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ အမေရိကန် စစ်တပ်ကပြောပါတယ်။

ချမ်ပလူတိုသင်္ဘောဟာ အိန္ဒိယနိုင်ငံကမ်းရိုးတန်းကနေ ရေမိုင် ၂၀၀ အကွာမှာ ဒီဇင်ဘာ ၂၃ ရက် ဒေသစံတော်ျချိန် မနက် ၁၀ နာရီက တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပေမယ့် လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာ မရှိကြောင်း သိရပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အီရန်ဘက်က မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။

မကြာသေးမီအချိန်တွေအတွင်း အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ယီမင်ရှိ ဟူသီသူပုန်တွေဟာ ပင်လယ်နီဒေသမှာရှိတဲ့ သင်္ဘောတွေကို ဒုံးကျည်တွေ မောင်းသူမဲ့လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မနေ့ကလည်း ပင်လယ်နီတောင်ပိုင်းရှိ နိုင်ငံတကာရေလမ်းကြောင်းမှာ ဟူသီတွေက သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် သင်္ဘောတွေ ထိခိုက်တာမရှိဘူးလို့ အမေရိကန်က ပြောပါတယ်။

ဂါဇာမှာ အစ္စရေးနဲ့ စစ်ဖြစ်နေတဲ့ ဟားမတ်စ်တို့ကို ထောက်ခံတဲ့အနေနဲ့ ယီမင်အခြေစိုက် ဟူသီသူပုန်တွေဟာ ပင်လယ်နီရှိ အစ္စရေးနဲ့ ဆက်နွယ်နေတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ အခိုင်အမာထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW