ဒီဇင်ဘာ ၂၅ – ၂၀၂၃
SN (VOM)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၅၇/ဝ) ဖာလုံကြားမှာ မနေ့ ဒီဇင်ဘာ ၂၄ ရက်၊ နေ့လယ် ၁၂ နာရီ၊ မိနစ် ၅၀ ဝန်းကျင်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး သံဃာတော်တွေ အပါအဝင် ခုနစ်ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
ယာဉ်မောင်း အိပ်ငိုက်ခဲ့တာကြောင့် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ခဲ့တာလို့ သိရပြီး ရဟန်း နှစ်ပါး၊ ကိုရင် သုံးပါး၊ ကျောင်းသား နှစ်ယောက်၊ စုစုပေါင်း ခုနစ်ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ရဟန်းနှစ်ပါးမှာ တပါးကတော့ ခေါင်းကွဲပြီး သွေးထွက်သွားတဲ့အတွက် နည်းနည်းတော့ ဒဏ်ရာပြင်းတယ်၊ ကိုရင် သုံးပါးထဲမှာလည်း နှစ်ပါးက ဒဏ်ရာ ကြီးတော့ကြီးတယ်။ ပေါင်ပဲ့ထွက်သွားတာနဲ့ လက်ပြင်အသားစိုင် ပဲ့ထွက်သွားတာပေါ့။ ကျိုးတာတော့ မကျိုးဘူး၊ ဒဏ်ရာတော့ နည်းနည်းပြင်းတယ်။ ယာဉ်မောင်း ဘုန်းကြီးကျောင်းသားကလည်း အဲ့နေ့ကတော့ အောက်ပိုင်း လှုပ်မရဘူးပြောတယ်။ ဒါပေမယ့် အားလုံးက အသက်အန္တရာယ် ထိခိုက်တဲ့အထိတော့ မဖြစ်ကြပါဘူး” လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အခင်းဖြစ်ရာနေရာသို့ ဘောနီ အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တွေနဲ့အတူ ဘောနီအမြန်လမ်းရဲစခန်းမှ စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ခဲ့ကြပြီး ဒဏ်ရာရရှိသူတွေကို EMS 192 လူနာတင်ယာဉ်နဲ့ ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
တိမ်းမှောက်ခဲ့တဲ့ကားဟာ Toyota Hilux Surf အမျိုးစား (နီညိုရောင်) ဖြစ်ပြီး ယာဉ်မောင်းအပါအဝင် ရဟန်းနှစ်ပါး၊ ကိုရင် ရှစ်ပါး၊ ကျောင်းသား သုံးယောက်၊ စုစုပေါင်း ၁၃ ယောက် လိုက်ပါလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်၊ မနက် ၇ နာရီခွဲဝန်းကျင်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅) မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ၁၀ လတာ ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှုပေါင်း ၁၃၇ မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၇၆ ယောက် ရှိကာ သေဆုံးသူ ၇၈ ယောက် ရှိတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသား ၅၄ ယောက်၊ အမျိုးသမီး ၂၄ ယောက် ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁၅၁ ယောက်၊ အမျိုးသမီး ၁၂၅ ယောက် စုစုပေါင်း ၂၇၆ ယောက် ရှိတယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ-အမြန်လမ်းမီးသတ်တပ်ဖွဲ့