နျူကလီးယား အစီအစဉ်နဲ့ စစ်ရေးပြင်ဆင်မှုတွေ အရှိန်မြှင့်ဖို့ ကင်ဂျုံအန်တိုက်တွန်း

 

ပြုံးယမ်း၊ ဒီဇင်ဘာ-၂၈-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်အပါအဝင် စစ်ရေးပြင်ဆင်မှုတွေကို အရှိန်မြှင့်တင်ဖို့ အာဏာရပါတီကို ခေါင်းဆောင်ကင်ဂျုံအန်က တိုက်တွန်းခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဒီဇင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

နျူကလီးယားခြိမ်းခြောက်မှုတွေကို နျူကလီးယားလက်နက်နဲ့ ပြန်တိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ကြောင်း ကင်ဂျုံအန်က သတိပေးပြီးနောက် တပတ်အကြာမှာ အခုလိုတိုက်တွန်းမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ၂၀၂၄ ခုနှစ်အတွက် အဓိကမူဝါဒတွေချမှတ်မယ့် မြောက်ကိုရီးယားအာဏာရပါတီ အမြဲတမ်းကော်မတီ မျက်နှာစုံညီအစည်းအဝေး ကျင်းပလျှက်ရှိပြီး ကင်ဂျုံအန်လည်း တက်ရောက်နေပါတယ်။

နျူကလီးယားလက်နက်နဲ့ အရပ်ဘက်ကာကွယ်ရေးအပါအဝင် ကဏ္ဍတွေမှာ စစ်ပွဲအတွက် ပြင်ဆင်မှုတွေကို အရှိန်မြှင့်ဖို့ အစည်းအဝေးမှာ ကင်ဂျုံအန်က တိုက်တွန်းခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဟာ ယခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ စံချိန်တင် ဒုံးကျည်ပစ်လွှတ်မှုတွေ ရင်ဆိုင်နေရချိန်မှာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်နေပြီး မကြာသေးမီကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုဆိုင်ရာ အချက်အလက်တွေကို အချိန်နဲ့ တပြေးညီမျှဝေတဲ့ စနစ်တစ်ခုကို စတင်ခဲ့ပါတယ်။

Ref:AFP

Photo: AFP

Related posts

VOM News

FREE
VIEW