ဂျပန်နိုင်ငံတဝန်းမှာ အိုမီခရွန်မျိုးကွဲ JN.1 ဗိုင်းရပ်စ်သစ် ကူးစက်မှုနှုန်း မြင့်တက်နေ

 

တိုကျို၊ ဒီဇင်ဘာ-၂၉-၂၀၂၃

မျိုးဆက်(VOM)

လူသားတွေရဲ့ ကိုယ်ခံအားစနစ်ကို ပိုမိုခံနိုင်ရည်ရှိတယ်လို့ ယူဆရတဲ့ ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်မျိုးကွဲ JN.1 ဗိုင်းရပ်စ်သစ်ဟာ ဂျပန်နိုင်ငံတဝန်းမှာ ပိုမိုပြန့်နှံ့လာကြောင်း ဂျပန်သုတေသီတွေက ပြောပါတယ်။

JN.1 ဗိုင်းရပ်စ်မျိုးကွဲဟာ ယခုသီတင်းပတ်အတွင်းမှာ တွေ့ရှိခဲ့တဲ့ ရောဂါကူးစက်မှုတွေအားလုံးရဲ့ ၃၁ ရာခိုင်နှုန်းရှိနေပြီး ယခင်ကထက် ၃၁ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

အိုမီခရွန်မျိုးကွဲတခုဖြစ်တဲ့ JN.1 ဟာ မကြာသေးမီက ကမ္ဘာ့တဝန်း ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒီဗိုင်းရပ်စ်မျိုးကွဲဟာ သတိထား စောင့်ကြည့်ရမယ့် ဗိုင်းရပ်စ်တခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတ်မှတ်ခဲ့ပါတယ်။

ဒီဗိုင်းရပ်စ်ဟာ ခုခံအားစနစ်ကို ရှောင်လွှဲနိုင်တဲ့ စွမ်းရည် အခြားဗိုင်းရပ်စ်တွေထက် မြင့်မားပေမယ့် ပြင်းထန်ရောဂါလက္ခဏာပြတာမျိုး နည်းပါးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

အမေရိကန်မှာတော့ ဒီဇင်ဘာ ၂၃ ရက်ထိ နှစ်ပတ်အတွင်း ကူးစက်မှုသစ်တွေရဲ့ ၄၄ ရာခိုင်နှုန်းဟာ JN.1 ဗိုင်းရပ်စ်ကြောင့်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနက ထုတ်ပြန်ထားပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ပတ်ကထက် ၂၀ ရာခိုင်နှုန်းမြင့်တက်လာနေပါတယ်။

ဒီဇင်ဘာ ၁၆ ရက်ထိ ပြင်သစ်၊ စင်ကာပူ၊ ဗြိတိန်၊ ဆွီဒင် ၊ ထိုင်း၊ မလေးရှား ၊ ထိုင်ဝမ်၊ တောင်ကိုရီးယားတို့အပါအဝင် နိုင်ငံပေါင်း ၄၁ နိုင်ငံမှာ JN.1 ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပွားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

လက်ရှိမှတော့ JN.1 ဗိုင်းရပ်စ်တွေ့ရှိတဲ့ နိုင်ငံတွေမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာတယ်လို့ တိုကျိုဆေးဘက်ဆိုင်ရာတက္ကသိုလ်က ပါမောက္ခ ဟာမာဒါအက်ဆူအိုက ပြောဆိုထားပြီး ကူးစက်ရောဂါတိုက်ဖျက်ရေးအစီအမံတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

Ref:NHK

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW