ရန်ကုန်၊ ဒီဇင်ဘာ ၂၉-၂၀၂၃
GG (VOM)
အွန်လိုင်းကနေ ဝင်ငွေရတဲ့ စျေးရောင်းချမှုလုပ်ငန်းအားလုံးအတွက် မှတ်ပုံတင်ကြေး ၊ သက်တမ်းတိုးခြင်း ၊မှတ်ပုံတင်ပြီးသားလုပ်ငန်းကို အချက်အလက်ပြင်ဆင်ခြင်းအတွက် ဇန်နဝါရီလကစပြီး သတ်မှတ်နူန်းထားကောက်ခံသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးလာပါတယ်။
ကုမ္ပဏီ ဒါမှမဟုတ် စီးပွားရေးအဖွဲ့အစည် းတွေက မှတ်ပုံတင်ကြေး ၇၀,၀၀၀ ကျပ်၊ သက်တမ်းတိုးကြေး ၇၀၀၀၀ ကျပ် နဲ့ ပြင်ဆင်ကြေးအဖြစ် တချက်ကို ၃၀၀၀ ကျပ်နှုန်း ကောက်ခံမှာဖြစ်တယ်လို့သိရပါတယ်။
SME လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုထားပြီး အထောက်အထားတစ်ခုခုပါတဲ့ ကုမ္ပဏီ ဒါမှမ ဟုတ် စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့ မှတ်ပုံတင်ကြေး ၅၀၀၀၀ ကျပ်၊ သက်တမ်းတိုးကြေး ၅၀၀၀၀ ကျပ် နဲ့ ပြင်ဆင်ကြေးအဖြစ် တချက်ကို ၃၀၀၀ ကျပ်နှုန်း သတ်မှတ်ထားတယ်လို့ိဆိုပါတယ်။
လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ အွန်လိုင်းစနစ်စျေးရောင်းချမှုဆိုင်ရာ မှတ်ပုံတင်ကြေးကိုတော့ ၃၀၀၀၀ ကျပ်သတ်မှတ်ထားပြီး သက်တမ်းတိုးကြေး ၃၀၀၀၀ ကျပ် နဲ့ ပြင်ဆင်ကြေးအဖြစ် တချက်ကို ၃၀၀၀ ကျပ်နှုန်း သတ်မှတ်ထားတယ်လို့သိရပါတယ်။
” အခုက အကုန်လုံး မှတ်ပုံတင်ရမယ့်ပုံဖြစ်သွားတာပေါ့။ ကိုယ်ကမှတ်ပုံမတင်လို့ တိုင်သူမရှိဘူး၊သူတို့လည်း မသိဘူးဆိုရင်တော့ ဘာမှမဖြစ်ဘူးပေါ့ ၊ တကယ်လို့ တိုင်သူရှိလို့ အရေးယူခံရရင်တော့ ဒဏ်ငွေဆောင်ရမယ့်သဘောရှိတယ်။အမတို့ကတော့ ကိုယ့်ဘာသာတနိုင်တပိုင်ဆိုတော့ ၃၀၀၀၀ ပေးရမယ်ထင်တယ် ” လို့ အွန်လိုင်းကနေ စျေးရောင်းချနေသူတ ယောက်ကပြောပါတယ်။
ဒါ့အပြင်လာမယ့် ၂၀၂၄ ခုနှစ်ဇန်ဝါရီလမှစပြီး မှတ်ပုံမတင်ဘဲရောင်းချတာ ၊ သက်တမ်းကုန်ဆုံးမှုအပေါ့ သက်တမ်းမတိုးပါကလည်း အရေးကြီးကုန် စည်နဲ့ ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရမှာဖြစ်တယ်လို့သိရပါတယ်။
” အရင်က ကျွန်တော်တို့ မှတ်ပုံတင် ကြေးကို မကောက်ခံခဲ့ဘူး၊ မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုခဲ့တယ်၊အရေးယူတာလည်းမရှိခဲ့ဘူး။အခုတော့ မှတ်ပုံမတင်တာတွေကို ၁ ရက်နေ့ကစပြီး အရေးယူတော့မှာဖြစ်ပါတယ် ” လို့ကုန်သွယ်ရေး ဦးစီးဌာနက တာဝန်ရှိသူတ ယောက်ကပြောပါတယ်။
စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ အွန်လိုင်းရှော့ပင်းလုပ်ငန်းတွေ ကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ သတ်မှတ်ထားပါတယ်။
ဒါ့ကြောင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ၅ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အနည်းဆုံးထောင်ဒဏ် ၆ လကနေ အများဆုံး ထောင်ဒဏ် ၃နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေပြဌာန်းချက် အရ သိရပါတယ်။
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ် ငန်းမှတ်ပုံတင်ခြင်းစနစ်ကိုပြီးခဲ့တဲ့ အောက်တို ဘာလ ၂ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်အထိကို စတင်လုပ် ဆောင်ခဲ့ကာ မှတ်ပုံတင်ကြေးကိုကင်းလွတ်ခွင့်ပြုခဲ့ပြီး သက်တမ်း (၆)လ သတ် မှတ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ တစ် ရက်မှစပြီး မှတ်ပုံတင်မှုအတွက် သက်တမ်းနှစ်နှစ် ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။