ဒီဇင်ဘာ ၊ ၃၀ ၊ ၂၀၂၃
SP(VOM)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊ ညောင်ပင်ရွာသစ် ကျေးရွာနားမှာ မနေ့ ဒီဇင်ဘာ ၂၉ ရက် မနက် အစောပိုင်းက နစကတပ်ဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး ကားေတွအပြင် လက်နက်တချို့ နစကတပ်ဖွဲ့က သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ကျောက္ကာ ရွှေဂူနီ ဘုရားနဲ့ ခတ္တက္ကန် ဗောဓိတထောင် ဘုရားဆီ ဖောက်ထားတဲ့ လမ်းမှာရှိတဲ့ ညောင်ပင်ရွာသစ်ကျေးရွာဆိုတာ ရှိတယ် ၊ မနေ့ မနက်ပိုင်းက အဲ့ဒီရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ ထိခိုက်သေဆုံးတာတွေရှိတယ် ၊ တောင်မာတောရွာဘက်မှာ အရပ်သား နှစ်ယောက်နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေဘက်က နှစ်ယောက် သေတယ်လို့ ကြားရတယ် ၊ ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူး ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က
” မနေ့က မနက် ၅ နာရီဝန်းကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်တယ် ၊ အမျိုးသား အလောင်း တလောင်း၊ PDF တွေဖမ်းဆီးချုပ်နှောင်ထားတဲ့ အရပ်သား ခြောက်ယောက် ၊ RPG ဗုံးပစ်လောင်ချာ တလက် ၊ လက်လုပ် သေနတ် သုံးလက် ၊ ၅.၅၆ ကျည်ဆံ ၁၇၀၀ တောင့် ၊အမ်-၂၂ ကျည် ၂၀၀ တောင့် ၊ စနိုက်ဘာကျည် ၄၀ တောင့် ၊ RPG ဒုံးသီး ၁ လုံး ၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၁ လုံး ၊ လက်ပစ်ဗုံး ၁ လုံး ၊ ကားမျိုးစုံ ၇ စီး သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။
မုံရွာမြို့ခံတယောက်က ကားတွေသိမ်းခံရတဲ့ကိစ္စဟာ ၂ဖက်လုံးက သိမ်းတာတွေရှိတဲ့အကြောင်း ပြောပြတာက
” မုံရွာနယ်မှာ နစက လုံခြုံရေး အဖွဲ့တွေက အမှုနဲ့ ပတ်သက်ပြီး ကားတွေ သိမ်းဆည်းတာရှိတယ် ၊ အဲ့ဒီလို သိမ်းဆည်းခံရတဲ့အထဲမှာ ပရဟိတ အသင်းကားတွေပါသလို ၊ သာနံပါတ်ကားတွေလည် ပါတယ် ၊ နောက်ပြီး ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ကားတွေ သိမ်းယူသွားတာလည်း ရှိတယ် ၊ ဘယ်အဖွဲ့က သိမ်းသိမ်း ကားပိုင်ရှင်တွေဟာ အခုထိ ပြန်မရဘူး ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း မုံရွာ ၊ မန္တလေး ကားလမ်းမှာ လုယူသိမ်းဆည်းခံရတဲ့ Express ကားတွေ အပါအဝင် ကား အစီး ၂၀ ကျော် ၊ မုံရွာ ၊ ရေစကြို ၊ ပခုက္ကူ လမ်းမှာ စက်သုံးဆီသယ် ဘောက်ဆာကား အပါအဝင် ကားအစီး ၁၃ စီး ၊ မုံရွာ ၊ အရာတော် ၊ ရွှေဘို လမ်းမှာ ကားအစီး ၁၈ စီး ၊ မုံရွာ ၊ ဘုတလင် ၊ ရေဦး ၊ တန့်ဆည် ၊ ကလေးဝ လမ်းမှာ ကုန်တင်ကားတွေ အပါအဝင် ကားအစီး ၂၂ စီး ၊ ရွှေဘို ၊ အင်းတော် မြစ်ကြီးနား လမ်းမှာ လူနာတင်ယာဥ် အပါအဝင် ကား အစီး ၂၈ စီး သိမ်းဆည်းခံရတယ်လို့ ကားလုပ်ငန်းရှင်တွေဆီ က သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက မြို့ပေါ်နဲ့ ကျေးရွာတွေမှာ နေအိမ်ထဲကနေ လုယက်သိမ်းဆည်းသွားတဲ့ ကားတွေနဲ့ပါဆိုရင် ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလထဲမှာ ကားမျိုးစုံ အစီးရေ ၁၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ မုံရွာနယ်မှာ သိမ်းယူခံရတဲ့ ကားတွေ ပြန်လည် သိမ်းမိပုံ ( ဒေသခံ တဦး)