မြဝတီမှာ ပိတ်မိနေတဲ့ ကုန်အပြည့်နဲ့တွဲကားတွေ ပစ္စည်းတွေပြန်ချ ၊ နောက်တွဲဖြုတ်ပြီး ကားခေါင်းတွဲ ခါလီပြန်ဆင်းနေရ

 

ရန်ကုန်၊ ဇန်နဝါရီ ၂ -၂၀၂၄

GG (VOM)

မြဝတီ အာရှလမ်းပိတ်လိုက်ကတည်းက အခုချိန်ထိ မြဝတီမှာ ပိတ်မိနေတဲ့ ကုန်ပစ္စည်း အပြည့်နဲ့ ၂၂ ဘီးတွဲကားတွေ ရာနဲ့ချီရှိနေတယ်လို့ ကုန်ကားမောင်းသူ တွေဆီကသိရပါတယ်။

ဒါကြောင့် လက်ရှိမှာ ပိတ်မိနေတဲ့ တွဲကားတွေပေါ်က ကုန်ပစ္စည်းတွေ နဲ့ တွဲ ကိုပါဖြုတ်ပြီး ထားခဲ့ကာ ကားခေါင်းသီးသန့် ထို့ကော်ကိုး လမ်းကနေ သာမညအထိ ဆင်းလာနေရကြောင်း ၊ ကုန်ပစ္စည်းတွေကိုတော့ ၆ ဘီးကားနဲ့ တဆင့် သာမညအထိ သယ်ယူပြီး သာမညကမှ ရန်ကုန်ကို တဆင့်ထပ်ပြီးသယ်ယူနေရတာဖြစ် တယ်လို့သိရပါတယ်။

အဲ့ဒီအတွက် သယ်ယူပို့ဆောင်ရေး စရိတ်တွေ ထပ်မံကုန်ကျနေရတဲ့အပြင် ၆ ဘီးကားရှာမရတဲ့ပြဿနာတွေကြောင့်လည်း အခက်တွေ့နေရတယ်လို့သိရပါတယ် ။

” တင်ပြီးသား ကုန်တွေပြန်ချ၊ တွဲကိုတော့စိတ်ချရတဲ့ဆီအပ်ပြီးထားခဲ့ရတာပေါ့။အာရှလမ်းကမျှော်လမ်းသိပ်မရှိဘူးလေ၊တံတားတွေကလည်းကျိုးထားတယ်၊မြဝတီမှာ စားရသောက်ရတာကလည်း အကုန်ဈေးကြီးတယ်။ကားရပ်နားခကလည်းနေ့တိုင်းပေးရတယ်။ကျနော်တို့ပိတ်မိနေတာတလကျော်ပြီ၊ခုထို့ကော်ကိုးလမ်းကလည်း မျှော်လမ်းမရှိတော့ဘူး ဆိုတော့ နောက်တွဲကိုဖြုတ်ပြီး ကားခေါင်းချည်းပြန်မှရတော့မှာလေ၊အခက်အခဲတွေကတော့ အကုန်ပါပဲဗျာ ” လို့ ပိတ်မိ တွဲကားမောင်းသူတယောက်က ပြောပါတယ်။

လက်ရှိမှာ မြဝတီကနေ သာမညအထိကို ၆ ဘီးကားနဲ့ ပစ္စည်းသယ်ယူစရိတ်က တတန်ကို ၃၅၀၀၀၀ မှ ၄၀၀၀၀၀ အထိဈေးပေါက်နေပြီး လမ်းဖြတ်သန်းသွားလာခအဖြစ် ဂိတ်ကြေးတွေလည်း တက်လာတယ်လို့သိရပါတယ်။

မြဝတီ- ထို့ကော်ကိုးလမ်းက တောင်ပတ်လမ်းဖြစ်ပြီး မြေသာလမ်းဖြစ်တဲ့အတွက် ကုန်သွယ်မှုအပေါ် (၆) ဘီးကား (၂၄) ပေ အထိကိုသာ သွားလာခွင့်ပြုပေးထားပြီး ကျန်တဲ့ (၁၀) ဘီးကား နဲ့ (၁၂) ဘီး ကား၊ ၂၂ ဘီးတွဲကား တွေကို ဖြတ်သန်း သွားလာခွင့် မပြုထားတာကြောင့် ၆ ဘီးကားငှားရမ်းခကုန်ကျစရိတ်ထပ်မံကုန်ကျနေရတာဖြစ်တယ်လို့ဆိုပါတယ်။

” ထို့ကော်ကိုး လမ်းကလည်း သွားရတာမပြေပါဘူး၊မြေသားလမ်းဆိုတော့ လမ်းမကောင်းဘူး၊သတိထားပြီးမောင်းရတယ်၊ ၆ ဘီကားလိုအပ်သူတွေကတော့ပိုများလာတာပေါ့။ရေရှည်ဆိုရင်တော့ ဒီလမ်းကမပြေလောက်ဘူး ” လို့ ၆ ဘီးကားမောင်းသူတယောက်ကပြောပါတယ်။

မြဝတီ ကော့ကရိတ်အာရှလမ်းက ဖြတ်သန်းစွားလာလို့မရတဲ့အတွက် ထို့ကော်ကိုး တောင်ပတ်လမ်းကနေ ခရီးသည်တင် ကား၊ကုန်ကားတွေ သွားလာနေကြတာဖြစ်ပြီး အဲ့ဒီလမ်းကိုတော့ KNU ဘက်က ထိန်းချုပ်ထားပြီး လုံခြုံရေးရယူကာ ခွင့်ပြုထားတာဖြစ်ပါတယ်။

လက်ရှိ ထို့ကော်ကိုးလမ်း သွားလာခွင့်ကို ဒီဇင်ဘာလ ၁၈ ရက်ကစပြီး အတက် တရက်၊အဆင်းတရက် သတ်မှတ်ထားပါတယ်။

မြဝတီနဲ့ ပြည်မတွင်းကုန်သွယ်ရေးအတွက် ထို့ကော်ကိုး လမ်းကိုသာအဓိကအသုံးပြုနေရတာကြောင့် လမ်းကြောင်းပိတ်ပါက ဒေသတွင်းကုန်သွယ်မှုရပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

မြဝတီ ကော့ကရိတ် အာရှလမ်းကိုတော့ တိုက်ပွဲတွေဖြစ်ပွားတဲ့ ဒီဇင်ဘာလ ဆန်းပိုင်းကတည်းက ပိတ်ထားတာ ဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW