၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ကျပ် ၃၅ ဘီလီယံကျော် စံချိန်တင် ဆုံးရှုံးခဲ့

 

ဇန်နဝါရီ ၈ – ၂၀၂၄

SN (VOM)

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ကျပ် ၃၅ ဘီလီယံကျော် စံချိန်တင် ဆုံးရှုံးခဲ့ပြီး လျှပ်စစ်မီးနဲ့ ပေါ့ဆမီးတို့ကြောင့် မီးလောင်မှု အများဆုံး ဖြစ်ပေါ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရပါတယ်။

၂၀၂၃ ခုနှစ်မှာ တနိုင်ငံလုံး မီးလောင်ကျွမ်းမှု အကြိမ်ရေ ၁၃၆၂ ကြိမ် ရှိခဲ့ပြီး လျှပ်စစ်မီးကြောင့် ၄၅၆ ကြိမ်၊ ပေါ့ဆမီးကြောင့် ၃၉၃ ကြိမ်၊ မီးဖိုမီးကြောင့် ၁၈၇ ကြိမ်၊ မသမာသူရှို့မီးက ၉၄ ကြိမ်၊ တောမီး ၉၅ ကြိမ်၊ တိုက်ပွဲတွေကြောင့် မီးရှို့ခံရမှု ၁၀၅ ကြိမ် ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၅ ဒသမ ၅ ဘီလီယံ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့ မီးလောင်မှု ဖြစ်စဉ်တွေကြောင့် အိမ်အဆောက်အဦး ၄၀၀၀ နီးပါး၊ စက်ရုံ/အလုပ်ရုံ ၂၀ နီးပါး၊ ဂိုဒေါင်ပေါင်း ၁၅၀ နီးပါးအပါအဝင် အခြားသောပျက်စီးဆုံးရှုံးတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

“အခုက မီးလောင်တာက တောက်လျှောက်ဆိုသလို ဖြစ်နေတယ်။ ပွင့်လင်းရာသီလည်း ရောက်နေပြီဆိုတော့ မီးကို မပေါ့ဆကြဖို့ အထူး ပြောလိုတယ်။ ပြီးခဲ့တဲ့နှစ်က လျှပ်စစ်နဲ့ပတ်သက်ပြီး လောင်တဲ့မီးက အများဆုံးဆိုတော့ လျှပ်စစ်နဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေ၊ လျှပ်စစ်ကြိုးသွယ်တန်းပြီး အသုံးပြုတာတွေကို တတ်နိုင်သလောက် ဂရုပြုသုံးသင့်ပါတယ်” လို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်း တနိုင်ငံလုံး မီးလောင်တဲ့ အကြိမ်ရေဟာ ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဥ်ရင် မီးလောင်မှု အကြိမ်ရေ လျော့နည်းသွားပေမယ့် ဆုံးရှုံးမှုတန်ဖိုးကတော့ တိုးလာတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်မှာ မြန်မာတနိုင်ငံလုံး မီးလောင်မှုအကြိမ်ရေ စုစုပေါင်း ၁၅၀၇ မှု ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၆ ဒသမ ၇ ဘီလီယံ ရှိခဲ့တာကြောင့် ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် မီးလောင်မှုအကြိမ်ရေ ၁၄၅ ကြိမ် လျော့နည်းခဲ့ပေမယ့် ဆုံးရှုံးမှုတန်ဖိုး ၂၈ ဒသမ ၇ ဘီလီယံ ပိုမိုခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက်ကတော့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့အထိ စာရင်းတွေအရ သေဆုံးသူ ၇၅ ယောက်အထိ ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၈၄ ယောက် ရှိကာ မီးဘေးဒုက္ခသည်ပေါင်း ၉,၇၂၁ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

“ပွင့်လင်းရာသီကို ရောက်လာပြီဖြစ်တဲ့အတွက် နိုင်ငံတွင်းမှာ မီးလောင်မှုတွေ လျော့နည်းကျဆင်းဖို့အတွက် မီးသတ်တပ်ဖွဲ့အနေနဲ့ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာအသီးသီးမှာ ရှိတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်း ပရဟိတ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီးတော့ မီးလောင်မှုကို နှစ်စဉ်လျော့နည်းကျဆင်းဖို့ ဆောင်ရွက်နေပါတယ်။ သို့သော်လည်းပဲ မီးလောင်မှုလျော့နည်းဖို့က ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်မှ ပိုပြီးအောင်မြင်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ နောက်ပြီးတော့ မီးသတ်ဆေးဘူးက နေရာတိုင်းမှာ ဝယ်လို့ရနေပါပြီ။ မီးလောင်တဲ့အခါ မီးတောက်သေးသေးလေးက စတာဖြစ်ပါတယ်။ ဒါကြောင့် နေအိမ်တိုင်း၊ နေရာတိုင်းမှာ မီးသတ်ဆေးဘူးကိုထားဖို့ တိုက်တွန်းလိုပါတယ်။ ဒါမှသာ မီးလောင်မှုကို အချိန်မီ ငြှိမ်းသတ်နိုင်မှာဖြစ်ပါတယ်။ Hot Line 191 ကို သိရှိဖို့ အသိပညာ ပေးလိုပါတယ်။ မြန်မြန်ဆန်ဆန် ဖြစ်စေချင်ရင် ကိုယ်နေထိုင်တဲ့ နေရာရဲ့ မီးသတ်တပ်ဖွဲ့ရဲ့ လက်ကိုင်ဖုန်းကို ထည့်သွင်းထားစေချင်ပါတယ်” လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောကြားထားပါတယ်။

မီးသတ်တပ်ဖွဲ့အနေနဲ့ တိုင်း၊ပြည်နယ်နဲ့ ခရိုင်မြို့နယ်တွေက မီးသတ်ဦးစီးဌာနတွေနဲ့ ပူးပေါင်းကာ မီးလောင်မှု မဖြစ်ပွားစေရေးနဲ့ မီးလောင်မှုဖြစ်ပါက ပျက်စီးဆုံးရှုံးမှု နည်းပါးစေဖို့ မီးဘေးသရုပ်ပြတာ၊ မီးဘေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ မီးဘေးသတိပေး ပိုစတာ၊ဆိုင်းဘုတ် စိုက်ထူတာတွေကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

Photo: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW