မော်တော်ယာဉ်တင်သွင်းခွင့် ထုတ်လုပ်ခုနှစ် သတ်မှတ်ချက် ကားဈေးကွက်ကို ရိုက်ခတ်မှု မရှိနိုင်

ဇန်နဝါရီ ၁၅ – ၂၀၂၄
SN (VOM)

၂၀၂၄ ခုနှစ်အတွက် ပြည်ပကမော်တော်ယာဉ် တင်သွင်းခြင်းနဲ့ပတ်သက်လို့ ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်က ကားဈေးကွက်ကို ရိုက်ခတ်မှု မရှိနိုင်ဘူးလို့ ရန်ကုန်တိုင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ၂၀၂၄ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းနဲ့ ပတ်သက်လို့ ထုတ်လုပ်တဲ့ခုနှစ် သတ်မှတ်ချက်တွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၀/၂၀၂၃) နဲ့ ဒီဇင်ဘာ ၂၇ ရက်မှာ အများပြည်သူကို အသိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

“ကားတင်သွင်းခွင့် ထုတ်လုပ်တဲ့ခုနှစ် သတ်မှတ်ချက်က နှစ်ကုန်ခါနီးတိုင်း နှစ်တိုင်းထွက်နေကျ။ အဲ့ဒါ ဘာမှသိပ်ပြီး ထူးထူးခြားခြားကိစ္စမဟုတ်ဘူး။ သူက နှစ်တိုင်းဆိုရင် နှစ်ကုန်ခါနီးမှ ထွက်ပေးရတဲ့ ကြေညာချက်တခုပေါ့။ ဘာလို့ဆို နောက်ဆုံး သတ်မှတ်မော်ဒယ်လ် သတ်မှတ်နှစ်ရယ်၊ အခု ရောက်ရှိနှစ်ရယ် နှစ်နှစ်အတွင်းကားကိုပဲ တင်သွင်းခွင့် ပြုတယ်ဆို‌တော့ ဒီနှစ်က ၂၀၂၄ ဖြစ်သွားတော့ သူက ၂၀၂၃၊ ၂၀၂၄ နှစ်နှစ်ပဲ တင်သွင်းခွင့်ပြုတော့မယ်လို့ သတ်မှတ်လိုက်တဲ့ သဘောပါပဲ။ အဲ့ဒါကို ပြန်ပြီးတော့ ရှေ့ တနှစ်၊ တနှစ် တိုးတယ်ဆိုတော့ သိပ်ပြီးတော့ ထူးထူးခြားခြား မရှိပါဘူး” လို့ ဦးမင်းမင်းမောင်က ပြောပါတယ်။

အဲ့ဒီ့ ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်အရ လူစီးမော်တော်ယာဉ်တွေအတွက် ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ၊ လုပ်ငန်းသုံးယာဉ် (ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်) အတွက် ၂၀၂၀ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်တွေအတွက် ၂၀၁၅ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ၊ ယန္တရားတွေအတွက် ၂၀၁၅ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ သတ်မှတ်ထားပါတယ်။

အရင်က အိမ်စီးကားတမျိုးတည်းကိုပဲ ဘယ်‌မောင်းကားတွေကို တင်သွင်းခွင့်ပြုတဲ့ ကန့်သတ်ချက်ထားခဲ့ပေမယ့် အခုအချိန်မှာ‌တော့ လူစီးမော်တော်ယာဉ်၊ လုပ်ငန်းသုံးယာဉ်၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်တွေကို တင်သွင်းတာမှာ ဘယ်မောင်းကားတွေကိုပဲ တင်သွင်းခွင့်ပြုထားတာပါ။

ဒါ့အပြင် အများပြည်သူသုံး လမ်းတွေပေါ်မှာ မောင်းနှင်အသုံးပြုခြင်းမရှိတဲ့ ပူးတွဲပါ လုပ်ငန်းသုံးယန္တရားတွေကို လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ထုတ်လုပ်တဲ့ ယာဉ် (၂၀၁၀ ခုနှစ်နဲ့ အထက် ထုတ်လုပ်တဲ့ယာဉ်) တွေအဖြစ် တင်သွင်းခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ သတ်မှတ်ချက်တွေကြောင့် ကားဈေးကွက်ကို ဈေးအတက်ကြမ်းမယ်လို့ လူမှုကွန်ရက်မှာ သုံးသပ်ဖော်ပြတာတွေရှိသလို ဈေးထိုးကျသွားနိုင်တယ်လို့ ခန့်မှန်း ရေးသားနေကြတာဖြစ်ပါတယ်။

“ဒီ သတ်မှတ်ချက်က ကားဈေးကွက်ကို အပြောင်းအလဲ မဖြစ်စေနိုင်ဘူး။ ဘာမှလည်း သိပ်ပြီးတော့ ပြောင်းလဲမှုရှိတာလည်း မဟုတ်ဘူး။ လက်ရှိ ကားဈေးကွက်အခြေအနေကို ပြောရရင်ကတော့ ဒီကြေညာချက်နဲ့တော့ မသက်ဆိုင်ဘူး။ တချို့လူတွေက အသုံးလိုလို့ ဝယ်ကြတာပေါ့။ အောက်ကားလေး နည်းနည်း အရောင်းအဝယ်ဖြစ်တယ်။ အောက်ကားလေးတွေ ဆိုတဲ့နေရာမှာလည်း ၅၀၀၊ ၆၀၀ ကတော့ ကားနည်းနည်းရှားတာပေါ့နော်၊ ဒါပေမယ့် ဝယ်လိုအားများကြတယ်။ အခုလောလောဆယ်မှာ ၁၂၀၀၊ ၁၅၀၀ အထိကို ကားတွေ ဝယ်ကြတာတွေ့ရတယ်။ SKD (Semi Knocked Down) ကားတွေကျတော့ သိန်း ၂၀၊ သိန်း ၂၅/၃၀ အဲ့ဒီ့ ဝန်းကျင်လောက်အထိ တက်သွားတာကို တွေ့ရတယ်။ ဒါက အနိမ့်ဆုံးဝန်းကျင်ကနေ တက်တာကို ပြောတာနော်။ ထူးထူးခြားခြားက အလယ်အလတ်ကားတွေမှာ သွားပြီးတော့ ရိုက်ခတ်တာကိုမတွေ့ရဘူး။ အလယ်အလတ်ကားဆိုတာက SUV (Sports Utility Vehicle) ထဲက အီကွေနော်လို၊ နောက် CRP ၁၇၊ ၁၈၊ ၁၉ စသဖြင့်ပေါ့၊ အဲ့ဒီ့လိုကားတွေက နဂို ရောက်ရှိတဲ့ဈေးနှုန်းမှာပဲ အရောင်းအဝယ်ဖြစ်တာကို တွေ့ရတယ်။ ကားပေါ်မူတည်ပြီး ဈေးနှုန်းအားဖြင့်တော့ သိပ် အပြောင်းအလဲမရှိတာကို တွေ့ရတယ်။ Wagon အမျိုးအစားလို Toyota Fortuner အစရှိတဲ့ ကားလေးတွေလည်း သတ်မှတ်မော်ဒယ်လ်၊ သတ်မှတ်ဈေးနှုန်းထက် ၃၀၊ ၄၀ လောက် တက်ခေါ်တာကို တွေ့ရတယ်။ ကျန်တာကတော့ အမြင့်ပိုင်းခေါ်မှာပေါ့။ သိန်း ၄၀၀၀ အထက် ကားတွေကတော့ သိပ် ထူးထူးခြားခြားကြီးတော့ ဈေးတက်ပြီး ခေါ်တာလည်း မတွေ့ရဘူး၊ တက်ပြီးတော့ အရောင်းအဝယ်ဖြစ်တာကိုလည်း မတွေ့ရဘူး။ အခုရောက်ရှိနေတဲ့ နဂိုဈေးမှာပဲ အရောင်းအဝယ်ဖြစ်တယ်။ အဲ့‌တော့ အဓိက ကတော့ ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ ဒီဈေးနှုန်းတွေကို ကြည့်ခြင်းအားဖြင့်တော့ သိန်း ၁၂၀၀ ကြား၊ ၁၅၀၀ အထိမှာပဲ အရောင်းအဝယ်ဖြစ်ပြီးတော့ ကျန်တဲ့ ဈေးနှုန်းတွေမှာတော့ ပုံမှန်လောက်ပဲ စိတ်ဝင်စားမှုရှိတာကို တွေ့ရပါတယ်” လို့ ဦးမင်းမင်းမောင်က ပြောပါတယ်။

လက်ရှိ ကားဝယ်ရောင်း ဈေးကွက်အတွင်းမှာ ငွေပြန်ပေါ်စေဖို့ ရောင်းချနေသူတွေရှိသလို ပုံမှန်သုံးစွဲဖို့အတွက် ကားလိုအပ်ချက်ရှိသူတွေကလည်း ကားပြန်ဝယ်လာတာကြောင့် အရောင်းအဝယ်ပြန်ဖြစ်နေတယ်လို့ သိရပါတယ်။

Photo: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW