ဆူးငှက်
မြန်မာလူမျိုးများမှာ အဘိုး အဘွားတွေက သူတို့ မျက်စိနှစ်လုံး မမှိတ်ခင် မြေးလေး ရှင်ပြုတာ ကိုရင်ဝတ်တာ မြင်ချင်တယ် ဟု ပြောလေ့ ရှိကြသည်။ ထို့ကြောင့် ကျွန်တော့် အဘိုးဦးလူနီ မဆုံးခင် ရွာကို ကျွန်တော့် အဖေ ရောက်တော့ အိပ်ရာထဲလဲနေသော အသက်၉၀ နီးပါး အဘိုးက သူ့သား အဖေ့ကို ခေါ်ပြောသည်။ သူ့မြေး ကျွန်တော့်ကို သူရှိတုန်း ရှင်ပြုစေချင်တာတဲ့။ထိုသို့ အဖေ့ကို ခေါ်ပြောတော့ နောက်နှစ် တပို့တွဲ တပေါင်းအမီ ရွာမှာပဲ ပြန်လှူဖို့ အဘမှာ ပြင်ဆင်ရတော့သည်။
ရွာရှိ ဆွေမျိုးတွေကတဆင့် ကြိုတင်မှာသင့်တာတွေ မှာရသည်။ ငါးခြောက်တွေကိုတော့ မန္တလေး ဈေးချိုက ဝယ်ခဲ့မည်။ အလှူမှာ မောင်ရင်လောင်းက ကျွန်တော်နှင့်အတူ အစ်မကြီး၏ သားဦး ကျွန်တော်နှင့် အသက် မတိမ်းမယိမ်း ရှိနေသောအဖေတို့ မြေးဦးနှင့် အတူနေ၊ အမလတ် ၏ သား ၊ ရွာက အဖေ့ညီ ဝမ်းကွဲ၏ သားတို့က ရှင်လောင်းမျာဖြစ်ပြီး နားရံအဖြစ်အတူနေ မြေးမ တို့ ဖြစ်သည်။ တကယ်တော့ အဘမှာ အလှူကို ပြည့်ပြည့်စုံစုံ လောက်လောက်ငင ဖြစ်စေဖို့ ငွေကြေးကဖောဖောသီသီ မရှိ။ အဘိုးပေးလိုက်သော ရွှေထည်စလေး ထုခွဲ လိုက်ရသည်။
အလှူကတော့ ရက်သတ်မှတ်ပြီးပြီ။ အတော်များများလည်း ဝယ်ခြမ်းပြင်ဆင်ပြီးပြီ။ ကျွန်တော်လည်း စာမေးပွဲပြီးကတည်းက ဦးပဏ္ဍဝံချပေးသော သင်္ကန်းတောင်းကို ကျက်နေပြီ။ ဆိုင်းတွေ ဇာတ်တွေ ဝါသနာပါလှသော အဖေ လှူမှာဆိုတော့ ဆိုင်း နဲ့ ဘိသိတ် ပါဦးမှပေါ့ ဟူသော အားပေးသံတွေကြောင့် အဖေ လည်း ခေါင်းပွတ်နေပြီ။ လှူမှာက မန္တလေးမဟုတ်၊ မုံရွာက မိုင်၂၀ကျော် ဆက်သွားရမည့် ဘုတလင် အရှေ့ဘက် ၅မိုင်လောက် လှည်းနဲ့ တအိအိ သွားရဦးမှာ၊ သို့သော် အဖေနှင့်လည်းရင်းနှီးရုံမက အိမ်ကို တစ်လ ၂ခေါက် ၃ခေါက် ပွဲအား အားသလို လာနေသော ရွာစား စိန်ဘညိုက အဖေ့ကို ဦးလေး အလှူမှာဆိုင်းပါမှ ဖြစ်မှာပေါ့ ဟု ဆိုကာ စီစဉ်သည်။ မုံရွာမှာ သူ့ညီ စိန်မောင်တင်က ဆိုင်းအဖွဲ့ သပ်သပ်ရှိသည်။ နောက် ညီတစ်ယောက်ဖြစ်သော စိန်စောလွင်ကလည်း ပတ်တီးခွဲနေပြီ၊ သည်တော့ စိန်မောင်တင်က သူ့ဆိုင်းအဖွဲ့နှင့် သဖန်းကို သွားပြီး အလှူဝင်ဧည့်ခံတီးနှင့်၊ အလှူနေ့ မနက် ဧည့်ခံအမီ စိန်ဘညိုက လာမည်။ အလှူဧည့်ခံကို စိန်ဘညို တာဝန်ယူမည်။ စိန်ဘညိုက မန္တလေးသို့ သူ့ဆိုင်းပွဲ အမီပြန်ရမှာမို့ ဘိသိတ်ခန်းကို ညီငယ် စိန်စောလွင်က တီးမည်ဟု စိန်ဘညို စီစဉ်လိုက်တော့ အဖေလည်း ပြုံးပြုံးကြီး ခေါင်းပွတ်နိုင်တော့သည်။
အလှူရက်နားနီးတော့ ရွာက ဦးကြီး ဒေါ်ကြီးတွေ မန္တလေးလိုက်လာပြီး မန္တလေးက ဝယ်ထားသည့် ငါးခြောက်နှင့်အခြားပစ္စည်းများ လာသယ်ပေးသည်။ ကျွန်တော်တို့ကတော့ အလှူရက်နှင့် ၃ရက်လောက်ခွာပြီးမှ ဘုတလင်အထိ ရထားနှင့်သွားကြသည်။ ထိုစဉ်က မန္တလေးဘူတာမှ မနက် ၅နာရီ ထွက်သောရထားက မုံရွာဘူတာသို့ ၁၂နာရီလောက်တွင်ဆိုက်ပြီးနာရီဝက်လောက် ခဏနားကာ ဘုတလင်သို့ ဆက်ထွက်တာ နာရီပြန်၂ချက်လောက် ရောက်သည်။ ဘုတလင်ဘူတာမှာ ရွာကလှည်းတွေ စောင့်နေကြသည်။ ရထားဆိုက်တာနှင့် လှည်းတွေပေါ် ပစ္စည်းတင်၍ ချက်ချင်းမောင်းပြီး သပြေပင်ရွာ သဲတာကုက္ကိုပင်ကြီးတွေ အရိပ်မှာ နားပြီး ထမင်းစားကြသည်။ စားသောက် နားနေပြီး လှည်းတွေ ထွက်တော့ ညနေမစောင်းမီ ရွာရောက်သည်။
ရွာရောက်သည်နှင့် နေရာချ ခဏနားပြီး အဖေက ကျွန်တော့်ကိုခေါ်ကာ အဘိုးကို သွားကန်တော့သည်။ အဘိုးအိပ်နေသော ထန်းရွက်တဲလေးက ကျွန်တော့် တစ်ရပ်လွတ်လောက်မို့ လူကြီးတွေဆို ခေါင်းငုံ့ဝင်ရသည်။ အဘိုးကို ပြုစုပေးနေသောအရီးက ပြောင်းဖူးဖက်ကြီး ဖွာရင်း မနက်ကတည်းက မင်းတို့ လာပြီလား တမေးတည်း မေးနေတာ ဟု ပြောသည်။ ထို့နောက်အမေတည်းနေသော အိမ်ကို သွားကာ အမေကြီးကို ကန်တော့သည်။ အမေကြီးက အိမ်ရှေ့က ခုံတန်းလျားပေါ် ငုတ်တုတ်လေးထိုင်နေသည်။ မျက်လုံးကတော့ သဲသဲကွဲကွဲ မမြင်ရတော့၊ နားကတော့ ကောင်းသည်။ ကျွန်တော့ခေါင်းနှင့် မျက်နှာကို အမေကြီးက သူ့လက်နှင့် စမ်းသည်။ အမေကြီးအနား ခဏနေပြီး အဘနှင့် ကျွန်တော်က တောင်ကျောင်း အုတ်တိုက်နှင့် ကျောင်းအကြားဆင်ထားသည့် မဏ္ဍပ်ကို သွားကြည့်ကြသည်။ ရွာ လူကြီးတွေ ကာလသားတွေ အတော်များများက မဏ္ဍပ်မှာ ရောက်နေပြီးလက်စသတ်နေကြပြီ။
ထိုညကတည်းက ဦးကြီး၏ အိမ်ရှေ့မှာရော အမေကြီး၏ အိမ်ရှေ့မှာရော ရွာက အမျိုးသားအမျိုးသမီး လူငယ်တွေ စုကာ ကြက်သွန်လှီးကြ၊ ဆန်ပြာကြ၊ ပဲရွေးကြ၊ ဖက်ဖြတ်ကြ၊ ဆေး လိပ်ကြနှင့် အောက်လင်းမီး တထိန်ထိန် လူသံ တသောသောနှင့် ပျော်စရာ ကောင်းလှသည်။ နောက်ရက်တွေကျ ရောက်စကလို လတ်လျားလတ်လျား လုပ်လို့မရတော့ ကျွန်တော်တို့ မောင်ရင်လောင်းတွေကို တောင်ကျောင်း ဘုန်းကြီး ဦးဇင်းဆောင်းက ကျောင်းခေါ်ပြီး သင်္ကန်းတောင်းတွေ ပြန်ချပေးသည်။ ရှင်ကျင့်ဝတ်တွေ သင်သည်။ ထို့ကြောင့် ကျောင်းက မပြန်ရတော့။ သည်လိုနှင့် အလှူနေ့ရောက်ပြီ။ မနက်ကတည်းက မဏ္ဍပ်မှာအသံချဲ့စက်ဖွင့်နေပြီ။ အမျိုးတွေဖြစ်သော ဆိတ်လူးအိုင်ဆရာတော် ဦးသုန္ဒရ နှင့် ပေါက်ဆိန်ပေါက်ဆရာတော် ဦးဝိသုဒ္ဓ တို့ကပ္ပိယတွေနှင့် အတူ လှည်းယဉ်လေးတွေနှင့် ကြွလာကြပြီ။ ဆက်တိုက်ဆိုသလို ချင်ပင် မုံထူး ထူးကြီး ထန်းတော မန်ကျည်းအုပ် ကံသာ သပြေပင် ဘုတလင် အင်းတဲ စသည့် ရွာများက ဆရာတော်များကြလာသည်။ ကြွလာသော ဆရာတော်များကိုတောင်ကျောင်း သစ်သားကျောင်းနှင့် အုတ်တိုက်ကျောင်းတို့တွင် စီစဉ်ထားသည့်အတိုင်း သီတင်းသုံးကြသည်။
မွန်းတိမ်းပြီး မကြာမီမှာပင် ရွာအနောက်ဘက် ဘုံယာကြီးဘက်ဆီမှ ဗုံသံ ဘင်သံများ တဒုံးဒုံးတဒိုင်းဒိုင်းထုသံနှင့် ဖုံတလုံးလုံးကြား ဆိုင်းလှည်း သုံးစီးဝင်လာသည်။ မဏ္ဍပ်ထဲက ကလေးတွေ ညာသံပေးပြီး ဆိုင်းလှည်းဆီပြေးကြပြီး လှည်းနောက်က ခိုလိုက်ကာ မီသည့် ဗုံတွေ စည်တိုတွေ တဘိန်းဘိန်းတီးကြ၏။ မကြာပါ မဏ္ဍပ်ထဲ ဆိုင်းဆင်ပြီးတာနှင့် ဗျေရိုက်သည်။ကျွန်တော့်ရင်ထဲက လှိုက်ခနဲ ဖြစ်သွား၏။ ဗျောရိုက်ပြီး ဆိုင်းနားနေစဉ် ရွာဘက် တောင်တံခါး ပန်းချင်းယာဘေး ကျောင်းအဝင်လမ်းအတိုင်း တောင်ရပ်တီးဝိုင်းက ထမ်းပိုးလျှိုထမ်းသော ပတ်မ မောင်းဆိုင်း နှဲ ပလုတ် စည်း ဝါး လင်ကွင်း မောင်းကြီးတို့နှင့်“ဗြိရှမ်း ဗြိရှမ် ဒူဟူဟူ” ဟူသော ဆွမ်းကြီးတီးလုံးနှင့် မဏ္ဍပ်ဆီဝင်လာ၏။ မကြာမီ မြောက်ရပ်တီးဝိုင်းလည်း ကျောင်မဘက်လမ်းက ဝင်လာပြီ။ ကျွန်တော်တို့ကို အစ်မတွေက မောင်ရင်လောင်း အဝတ်အစား တွေ ဝတ်ပေးသည်။ ကျွန်တော်တို့ကတီးဝိုင်းတွေဘက် လှည့်ကြည့် လှည့်ကြည့်။ မကြာမီ ရှင်လောင်းလှည့် တော့မည်။ ကျောင်းပေါ်က ရွှေထီးတွေကို ကျောင်းသားလေးတွေ ဖွင့်နေကြပြီ။ ထမ်းစင်တွေက ကျောင်းလှေကားရင်း ရောက်ပြီ။
ကျွန်တော်ကတော့ အိပ်ရေးတွေပျက်တာရော လူသံ တီးဝိုင်းသံတွေရော ဖုံတလုံးလုံးကြား ချွေးတရွှဲရွဲနှင့် ထမ်းစင်ပေါ်လိန်ပိန်ထိုင်ရင်း အဘိုးနှင့် အမေကြီးတို့ကို ကန်တော့သည်။ ထို့နောက် နတ်စင် ဇရပ်ဝင်း၊ မြောက်ရပ် ဇရပ်ဝင်း ကျောင်းမထိပ်ရွာဦးနတ်စင်၊ ထိုမှ မဏ္ဍပ်ထဲ ဘယ်လိုဘယ်လို ရောက်သွားမှန်းမသိတော့။ အဘိုးတို့ အမေကြီးတို့ ကန်တော့စဉ်ကပဲ မှတ်မိပြီး နတ်စ်တွေ ကန်တော့တော့ အိပ်ချင်မူးတူးဖြစ်ကာ ပွေ့ချရသတဲ့လေ။ အဲဒီည မဏ္ဍပ်ထဲပင်မရောက်၊ စိန်မောင်တင် ဆိုင်းလည်း နားမထောင်နိုင်တော့ တောင်ကျောင်း အုတ်တိုက် အောက်ထပ် ကုတင်ကြီးပေါ် မောင်ရင်လောင်းတွေ အိပ်လိုက်ကြတာ မနက်စောစော အစ်မတွေ နှိုးမှ ထသည်။ ဆိုင်းက ဗျောတီးနေပေါ့။
ဆရာတော်တွေကို တောင်ကျောင်း အသားကျောင်းကြီးပေါ်မှာ အရုဏ်ဆွမ်းကပ်နေလို့ အဘတို့ အမေတို့နှင့် အစ်ကိုတွေ အစ်မတွေ အမျိုးတွေ ကျောင်းပေါ်ရောက်နေကြတာတဲ့။ ကျွန်တော်တို့ကို သနပ်ခါးတွေလူးပေးကာ မန္တလေးကပါလာသည့်မောင်ရင်လောင်း အဝတ်အစားတစ်စုံ ပြောင်းဝတ်ပေးသည်။ အခုဟာက မနေ့ညနေ အလှူလည်စဉ်ကလို ဖော့လုံးဖြူခေါင်းပေါင်း မဟုတ်တော့။ ရွှေချည်ထိုးတွေနှင့် ဥသျှောင်ပုံဖြစ်သည်။ မဏ္ဍပ်ထဲ ရောက်တော့ မောင်ရင်လောင်းစင်မှာ ထိုင်ကြရသည်။ နားသက အောက်တဆင့်က ထိုင်သည်။ ဆွမ်းစားပြီးသည့် သံဃာတော်တွေက သံဃာစင်ပေါ် အသင့်တင်ထားသည့်ခေါင်းအုံးများမီပြီး သီတင်းသုံးနေကြသည်။
နေက ထန်းတစ်ဖျားမရောက်မီ ဧည့်မကျမီ အချိန်မှာပဲ ဂျစ်ကားလေးတစ်စီး ဝင်လာ၏။ ဂျစ်ကားလေးက ကျောင်းလှေကားရှေ့ ထိုးဆိုက်သည်။ ကားကိုမြင်သည်နှင့် အဖေက ကျောင်းပေါ်မှ ခပ်သွက်သွက်ဆင်းကာ ကြိုသည်။ မန္တလေးက စိန်ဘညိုနှင့် သူ့တပည့်တွေတဲ့။ အဖေက သူတို့ကို ကျောင်းပေါ် ခေါ်သွားသည်။ ခဏအကြာ သူ့တပည့်တစ်ယောက်က ကျောင်းပေါ်ကဆင်းလာပြီး ဆိုင်းဝိုင်းထဲက ပတ်ဝိုင်းဝင်ကာ ပတ်စာညှိနေသည်။ မကြာမီ အဖေနှင့် အတူ စိန်ဘညိုနှင့် သူ့တပည့်တွေ မဏ္ဍပ်ထဲဝင်လာကာ ဘုရားခန်းကို ဦးချသည်။ သံဃာစင်ပေါ်က သံဃာတော်များကို ဦးချသည်။ ထို့နောက် ပတ်ဝိုင်းထဲဝင်တော့၏။မနေ့ညကတည်းက ခေါင်းဆောင်တီးနေသည့် သူ့ညီ စိန်မောင်တင်က ကြေးဝိုင်းဝင်သည်။ စောစောက ပတ်စာဝင်ဖြည့်ပေးသည့်မန္တလေးက ပါလာသော တပည့် ကိုထွန်းမောင်က မောင်းဆိုင်းချောင် ဝင်သည်။ အတူပါ ကိုပိုလိုက ပတ်မချောင်ဝင်၏။ ကိုပိုလိုက အရင်က နောက်ထ၊ နောက်တော့ ပတ်မတီးဖြစ်သွားသည်။ လမ်းပြဖို့ အတူပါလာသော နယ်ခံ ကိုသာ၀ စည်တိုချောင် ဝင်သည်။ စည်းဝါးက ညီအငယ် စိန်စောလွင်၊ နှဲက စိန်မောင်တင့် ဝိုင်းကနှဲ။ ဤသို့ဖြင့် အလှူဧည့်ခံကို စိန်ဘညိုအဖွဲ့က မန္တလေးမှလာပြီး ကူသည်။ မနေ့ည မန္တလေး မန္တလေးက မလင်းခင်ထွက်လာတာတဲ့။ ဒီနေ့ နေ့လယ် မွန်းမတည့်မီ ဘိသိတ်ခန်းမဝင်ခင်စိန်ဘညိုအဖွဲ့က အဘကို နှုတ်ဆက် ဘုန်းကြီးကို ကန်တော့ကာ ဂျစ်ကားလေးနှင့် ပြန်ကြပြီ။ ညနေ အရိပ်မထွက်ဘုရား နားကအလှူ ဆိုင်းဝင်အမီ ပြန်ရမှာတဲ့။ မုံရွာ ပေါ်ဦးဘိသိတ်ခန်းမှာ စိန်စောလွင်က ပတ်ဝိုင်းထိုင်သည်။
အဖေကတော့ မန္တလေးကနေ တကူးတကန့် လာကာ အလှူ ကူတီးသလို မုံရွာက ညီတွေနှင့်လည်း အလှူအတွက် စီစဉ်ပေးသော စိန်ဘညိုကို ကျေးဇူးတင်လှသတဲ့။ အပြန်မှာလည်း ဂျစ်ကားပေါ် မတက်ခင် အဘကို ကန်တော့ပြီး အလှူကူငွေ ၂၀လှူသွားသေးလို့ အားနာလိုက်တာတဲ့။ ဒါကြောင့် အဘအလှူက အလှူပိန်ပေမင့် ဆိုင်းက ၃ဆိုင်းဟု ပြောရပေမည်။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ရွာအလှူ